အခန်း ၈
1.5K 380 28
တန်မိုသည် ကြောက်ရွံ့မနေတော့ ။ ထိတ်လန့် မနေတော့ ။
ဂျင်းကောင်နှင့်ရှောင်ကျောက်တို့  ပျောက်သွားချိန်တွင်
အ၀တ်စတစ်စ၊ ပစ္စည်းလေးတစ်ခုပင် မကျန်ရစ်ခဲ့ ။
ထို့ကြောင့် သူ ဘာကိုမှ သိမ်းဆည်းနေဖို့  မလိုအပ်ပေ ။
တန်မိုသည် တံခါးကို ဂျိန်းခနဲ ပိတ်လိုက်ပြီး စာကြည့်တိုက်ကနေ ထွက်လာခဲ့လိုက်၏ ။
ထိုအနက်ရောင်မျှော်စင်ကြီးနားတွင် လူခုနစ်ယောက်ရှစ်ယောက် စုနေကြသည် ။ တချို့ ကား မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ။ သူတို့ နှင့်အတူ သံပြိုင်ဟစ်ကာ ချီတက်ဆန္ဒဖော်ထုတ်နေကြသည့် အဖော်အပေါင်းတို့ မှာ အဘယ်ကြောင့် ပျောက်ချင်းမလှ ပျောက်ကွယ်သွားရသည်ကို သူတို့  စဉ်းစားမရနိုင်၊ နားမလည်နိုင် ဖြစ်နေကြ၏ ။
ထိုလူတို့ အပြင် အဖြူရောင်နံရံကြီးတွင် သက်လတ်ပိုင်းလူကြီးနှစ်ယောက်လည်း ရှိနေသည် ။
အဖြူရောင်ပလတ်စတစ်နံရံကြီးကို လွန်ခဲ့သည့်သုံးရက်က
ရဲသားများက လာရောက်တပ်ဆင်သွားကြခြင်းဖြစ်သည် ။ ထိုအနက်ရောင်မျှော်စင်ကြီးနား ပြည်သူတွေ မကပ်စေရန်အတွက် ထိုနံရံကြီးက အတွင်းကနေ ပိတ်ပေးထားခြင်းဖြစ်သည် ။
အခုတော့…ထိုအဖြူရောင်နံရံကြီးတွင် တာဝန်ကျခဲ့ကြသည့် ရဲသားတွေ၊ သိပ္ပံပညာရှင်တွေ အကုန်လုံး ပျောက်ကွယ်ကုန်လေပြီ ။ အစောနက လူနှစ်ယောက်သည် မြေကြီးတွင် တွင်းတူးပြီး ထိုအနက်ရောင်မျှော်စင်ကြီးစီ တရွေ့ ရွေ့ သွားနေကြလေသည် ။
တန်မိုသည် သူတို့ နောက် လိုက်မသွား တော့ ။
သူတို့ လှုပ်ရှားနေသည်ကိုသာ အဝေးကနေ ကြည့်ရင်း အရှေ့သို့ သာ ဆက်လျှောက်သွားလိုက်၏ ။
ထိုမျှော်စင်ကြီးအကြောင်း သိပ္ပံပညာရှင်တို့  လေ့လာခဲ့ကြသည်မှာ နှစ်ဝက်ရှိလာပြီဖြစ်သည် ။ အခုထိတိုင် ဘာသဲလွန်စ၊ ဘာဇာစ်မြစ်မှ လိုက်ဖော်၍ မရကြသေး ။ ထိုအနက်ရောင်မျှော်စင်ကြီးက ဘာဖြစ်သည်ကို တန်မိုသည်လည်း အဖြေရှာမရပါချေ ။
ပထမဆုံး တန်မို ကြုံတွေ့ နေရသည့်အခက်မှာ
သူ့ ထံတွင် သွားလာဖို့ ရာ ကားတစ်စီးမှ ရှိမနေပေ ။