Arc_8.17 Romeo

7.6K 974 0
                                    

Chapter (17) - ကြွေဆင်းသွားရသည့် Daddy


Gustav က ဒီမြင်ကွင်းကြောင့် တုန်လှုပ်သွားပြီး ကြောင်ပေါက်လေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းဖက်ထားချင်စိတ် ပေါက်လာတော့သည်။ ဒီလိုအန္တရာယ်ကြီးတဲ့ ယှဉ်ပြိုင်မှုလုပ်ဖို့တွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်မိတော့သည်။ သူ့မျက်နှာမပျက်အောင် အားကုန်သုံးပြီး ထိန်းထားလိုက်ပေမယ့် တစ်ကိုယ်လုံး ကြောက်ချွေးတွေပြန်ပြီး လက်ဖဝါးမှာလည်း ချွေးတွေစို့နေသည်။

Bonnie က Gustav ဆီလျှောက်လာစဉ် သူ့ရဲ့အမူအယာကိုကြည့်ပြီး စိတ်ပူစွာမေးလိုက်သည်။

"သူဌေး... ရှင်အဆင်ပြေရဲ့လား.. ရှင့်ကိုကြည့်ရတာ နည်းနည်းလန့်နေသလိုပဲ.."

"စက္ကူကို ဘယ်သူက ဒီလောက်မြင့်မြင့်မှာ ကပ်ထားခိုင်းတာလဲ.. ဒါက အန္တရာယ်ရှိတာ မသိဘူးလား.."

Gustav က တီးတိုးမေးလိုက်သည်။ သူ့နှလုံးတွေ ပေါက်ထွက်မလိုဖြစ်သွားတာ ဘုရားသခင်ပဲသိသည်။

"Jeffery.."

Bonnie က မျက်နှာတစ်ချက်မပျက်ဘဲ သူ့လုပ်ဖော်ကိုင်ဖက်လုပ်တာကို ဖော်လိုက်သည်။

"ဒီလိုခပ်မြင့်မြင့်မှာကပ်ထားမှ ပြိုင်ပွဲဝင်တွေရဲ့ ရှုံ့တွသွားတဲ့မျက်နှာကို တွေ့ရမယ်.. တချို့ပြိုင်ပွဲဝင်တွေက ဒီစက္ကူကိုရဖို့ မျိုးစုံအော်ဟစ်ကြိုးစားတာကို တွေ့ရနိုင်တယ်လို့ သူပြောတယ်.. ဒါဆိုရင် ဒီအခန်းကိုကြည့်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ရှုနှုန်းလည်း ပိုတိုးလာလိမ့်မယ်.."

Gustav က အရမ်းကိုတက်ကြွလွန်းနေတဲ့ Jeffery ကို တိတ်တဆိတ် အပြစ်တင်ဟန်စိုက်ကြည့်လိုက်သည်။

ကျိုးယွင်ရှန့်က အခြားဘဝတစ်ခုတွင် လေထဲပျံသန်းနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားဖူးတာကြောင့် ဒီလောက်လေးခုန်ပြီး စက္ကူကိုရယူတာလောက်က စာမဖွဲ့လောက်သောကိစ္စလေးသာဖြစ်သည်။ မကြာခင် သူက စက္ကူ၃ခုလုံးကို ရှာတွေ့ပြီး ယူလာခဲ့သည်။

ပထမတစ်ရွက်တွင် ရှပ်ဖြူနှင့်ဂျင်းဘောင်းဘီကို ရေးထားသည်။ ဒုတိယစာရွက်တွင် ဂီတာတစ်လက်ဟု ရေးထားပြီး တတိယစာရွက်တွင် တောင်ဘက်ဟုရေးထားသောကြောင့် ကျိုးယွင်ရှန့်က ချက်ချင်း အဝတ်အစားလဲသည့်အခန်းသို့ ပြေးကာ ရှပ်အဖြူဆွတ်ဆွတ်နှင့် ဂျင်းဘောင်းဘီကို ရွေးချယ်ဝတ်ဆင်ကာ ပစ္စည်းထိန်းသိမ်းသည့် မန်နေဂျာထံ ဂီတာတစ်လက်ကို တောင်းလိုက်သည်။ ပြီးတော့ stylist ဆီသွားပြီး သူ့ပုံစံနှင့်လိုက်ဖက်ညီသည့် စတိုင်လ်ကို လိမ်းခြယ်ပြင်ဆင်ကာ တောင်ဘက်မှာရှိသည့် ဓာတ်ပုံရှုတင်ခန်းဆီ တက်ကြွပြီးရှက်တတ်သည့် ကျောင်းသားလေးပမာ ဂီတာလွယ်ရင်း လာခဲ့သည်။

တကယ်လို့သာ သူ့အဒေါ်က မိဘတွေချန်ထားသည့်အမွေအားလုံး လက်ဝါးကြီးအုပ်သွားခဲ့ရင် သူက ခုလိုပြေးလွှားပြီး ပြိုင်ပွဲဝင်အစီအစဉ်ထဲ ဝင်နေမယ့်အစား အထက်တန်းကျောင်းတစ်ခုမှာ အေးအေးဆေးဆေး ပညာသင်ကြားနေရမှာ သေချာသည်။

"Hello.. Mr. Acheson.. ကျွန်တော် ဓာတ်ပုံရိုက်ဖို့ အဆင်သင့်ပါပဲခင်ဗျာ.."

သူက ကင်မရာကိုချိန်နေသည့် အရပ်ရှည်ရှည်လူကို ပြုံးပြီးပြောလိုက်သည်။

Gustav က ခုမှ သူ့ကိုသတိထားမိသလို ဟန်ဆောင်ပြီး လက်ကိုယမ်းရင်း ထိုင်ခုံကိုညွှန်ပြလိုက်သည်။

"ဒီခုံမြင့်မှာထိုင်လိုက်.. ကိုယ် မင်းကို ဓာတ်ပုံရိုက်ပေးမယ်.. ဒီတစ်ခါပြိုင်ပွဲမှာ ဒိုင်တွေက မင်းဓာတ်ပုံရဲ့ကောင်းချက်၊ ဆိုးချက်တွေကို ကြည့်ပြီး အမှတ်ပေးကြလိမ့်မယ်.. စိတ်ချလိုက်ပေတော့.. ကိုယ်က မော်ဒယ်တစ်ယောက်တင်မဟုတ်ဘူး.. ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက်ပါ. ဒီအလုပ်ကနေ ကမ္ဘာ့ဓာတ်ပုံပြိုင်ပွဲမှာ ကိုယ် ရွှေတံဆိပ်ဆုရထားတယ်.."

ကျိုးယွင်ရှန့်၏မျက်လုံးထဲတွင် သူ့ကို အထင်ကြီးလေးစားတဲ့အကြည့်တွေ ဖော်ပြလိုက်သည်။

Gustav က ဝမ်းသာလွန်းလို့ အရူးတစ်ယောက်လို အော်ရယ်ချင်တာ မနည်းအောင့်အည်းထားပြီး တည်ကြည်စွာပြောလိုက်သည်။ သူက သူ့ဖုန်းကိုထုတ်လာရင်း မေးလိုက်သည်။

"မင်း ကိုယ်ရိုက်ထားတဲ့ပုံတွေ ကြည့်ချင်လား.."

သူက ဒီဆယ်ကျော်သက်ချာတိတ်လေးနဲ့ ဒီကမ္ဘာပေါ်မှာ နှစ်ယောက်တည်းရှိနေသလို သူ့ကိုစိုက်ကြည့်နေတာကို သဘောကျသည်။

ကျိုးယွင်ရှန့်က ဓာတ်ပုံအမြန်ရိုက်ပြီး အမြန်ပြီးချင်လှပေမယ့် ထုတ်လုပ်သူကြီး၏အတ္တကို ကျေနပ်သွားအောင် လုပ်ဆောင်ပေးဖို့လိုသောကြောင့် ဝမ်းမြောက်ဝမ်းသာကြည့်ချင်ကြောင်း ပြောလိုက်သည်။

Gustav သည် သူရိုက်ထားသည့် တိရိစ္ဆာန်ပုံ၊ ရှုခင်းပုံများကို ဂုဏ်ယူဝံ့ကြွားစွာ ပြပေးနေသည်။ သူက ဘယ်တော့မှ လူပုံကိုမရိုက်ပေ။ မထိုက်တန်ဘူးဟု ထင်ထားခဲ့သည်။ ဒါပေမယ့် ဒီထင်မြင်ချက်က အနှေးနှင့်အမြန် ပျောက်သွားတော့မှာသေချာသည်။

ဒီအတွေးက အရမ်းကိုမာနကြီးကာ ထောင်လွှားရာကျပေမယ့် သူ့စိတ်မှာစွဲနေသည့် ထင်မြင်ချက်ဖြစ်သည်။ ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲသွားလေပြီ။ ဒီဆယ်ကျော်သက်ကောင်လေးရဲ့ ပုံရိပ်တွေကို သီးသန့်စုစည်းထားပြီး ဒီပုံတွေကို ထပ်ခါထပ်ခါထိုင်ကြည့်ပြီး Gustav တစ်ယောက် သူ့နှလုံးသားထဲ ဖုံးကွယ်ထားရသည့် တပ်မက်မှု၊ လိုချင်မှု၊ ဆာလောင်မှုတို့ကို ကျေနပ်မှုရနေတာ ကြာခဲ့လေပြီ။

ဒီကောင်လေးရဲ့လှုပ်ရှားမှုတိုင်းကို သူ ချစ်မြတ်နိုးသည်။

သူ့ဘေးမှာ ဒီကောင်လေးရပ်တန့်နေပြီး ဆံပင်ရှုပ်ပွပွလေးတွေနဲ့ သူ့ရဲ့ဦးခေါင်းလေးက သူ့လက်မောင်းကြားရောက်နေချိန်၊ ဒီကောင်လေးရဲ့ထွက်သက်နွေးနွေးက သူ့လက်အောက်ဖက်ကို တိုးဝှေ့နေချိန်၊ သူ့တစ်ကိုယ်လုံးက ကြွက်သားတွေ တင်းမာလို့နေသည်။ သူက ဒီကောင်လေးကို သိမ်းကျုံးဖက်ထားချင်စိတ်ကို အစွမ်းကုန်ထိန်းချုပ်ထားရဖို့ ရှိသမျှအားအကုန် အသုံးချနေရသည်။

ကျိုးယွင်ရှန့်က Gustav ဆီမှာ ဒီလောက်ကောင်းသည့်ဓာတ်ပုံရိုက် skill ရှိမည် မထင်ထားသောကြောင့် အံ့အားသင့်သွားခဲ့သည်။ ဒီလူက ထူးခြားတဲ့အမြင်ရှိပြီး ဘယ်သူနဲ့မှမတူတဲ့ ရှုထောင့်နဲ့ အထူးခြားဆုံးပုံတွေကို ရိုက်လေ့ရှိသည်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အပြင်ပိုင်းပုံစံကိုကြည့်ပြီး သူ့ကိုမဝေဖန်နှင့် ဆိုသည့်စကားပုံ ပေါ်ခဲ့တာဖြစ်သည်။

Gustav ရဲ့နှလုံးသားက သူ့ပုံစံနှင့် လုံးဝကို မတူကွဲပြားလျက်ရှိသည်။

ကျိုးယွင်ရှန့်က မျက်လုံးအဝိုင်းသားလေးနှင့် Gustav ကိုကြည့်လိုက်သည်။ ဒီလိုအကြည့်ခံရလို့ Gustav တစ်ကိုယ်လုံး လောင်ကျွမ်းလာသလို အပူရှိန်တက်လာချိန်မှာ အခြားပြိုင်ပွဲဝင်ကောင်လေးက သူ့အလုပ်အောင်မြင်လို့ ပြေးလာတာတွေ့တာကြောင့် Gustav လည်း ကောင်လေးနဲ့ နီးနီးကပ်ကပ်နေတဲ့ အနေအထားကို ပြန်ပြင်လိုက်ပြီး ကြောင်ပေါက်လေးအတွက် ဓာတ်ပုံရိုက်ပေးဖို့ ပြင်လိုက်သည်။

"တကယ်လို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ဒီနှစ်တွေမှာ ကိုယ့်အကောင်းဆုံပုံတွေရိုက်ခဲ့တဲ့ ဓာတ်ပုံစတူဒီယိုဆီ မင်းကိုခေါ်သွားပေးမယ်.. OK.. ကိုယ်တို့ စရိုက်ကြစို့.."

သူက ကင်မရာကိုကောက်ကိုင်ပြီး နည်းနည်းညှိရင်းပြောလိုက်သည်။

ကျိုးယွင်ရှန့်က ပျော်ရွှင်စွာပြုံးလိုက်ပြီး Gustav ညွှန်ကြားသည့်အတိုင်း ခုံမြင့်ပေါ်မှာထိုင်ပြီး ဂီတာကြိုးညှိဖို့ ခေါင်းလေးကိုငုံ့လိုက်သည်။

"မင်းလှုပ်ရှားတဲ့ပုံအတိုင်း ရိုက်ဖို့ ကိုယ့်ဘက်ကအဆင်သင့်ပဲ.."

Gustav က ကင်မရာကိုမြှောက်ရင်း ပြောလိုက်ပြန်သည်။

"မင်း ဂီတာတီးတတ်လား.. ကိုယ့်အတွက် သီချင်းတစ်ပုဒ် ဆိုပြပါလား.."

သီချင်းဆိုတယ်ဆိုတာ ကျိုးယွင်ရှန့်ရဲ့ အကျွမ်းကျင်ဆုံးအလုပ်တွေထဲက တစ်ခုပါပဲ။ သူဆန္ဒရှိသလောက် တေးဂီတကို တီးခတ်ခဲ့ရတဲ့အချိန်ကို သူလွမ်းဆွတ်လို့နေသည်။

သူက ဂီတာကြိုးကို ကျင်လည်စွာတီးခတ်လိုက်ပြီး ပြင်သစ်ကဗျာတစ်ပုဒ်ထဲက ကျေးတောသားလေးက ဂုဏ်သရေရှိ အထက်တန်းလွှာက မမလေးတစ်ယောက်ကို ချစ်မိလို့ နေ့နေ့ညည ချစ်ဝေဒနာခံစားနေရပုံ၊ ချစ်မိသူကို မျှော်လင့်တောင့်တရလွန်းလို့ စိတ်နှလုံးပင်ပန်းလွန်းလှပုံကို သရုပ်ဖော်ထားသည့် အလွမ်းသီချင်းကို တီးခတ်သီဆိုလိုက်သည်။

ဒီဟာလာဟင်းလင်း ခန်းမကျယ်ထဲတွင် သီချင်းသံနှင့်ဂီတာသံက ပဲ့တင်ထပ်ပြီး ထွက်ပေါ်လို့လာခဲ့သည်။

Gustav က ကြောင်ပေါက်လေးရဲ့သီချင်းထဲ မျောပါပြီး ဝမ်းနည်းနေပေမယ့် ကင်မရာခလုတ်ကို နှိပ်ဖို့မမေ့ခဲ့ဘူး။ သူ ဒီကောင်လေးကို ပိုပိုချစ်လာပြီး မြင်ရရုံနှင့်မကျေနပ်ဘဲ ရင်ခွင်ထဲပွေ့ဖက်ထားချင်စိတ်တို့ ပိုပြင်းထန်လာတော့သည်။

 Hayden ၏ အကြမ်းဖက်တိုက်ခိုက်ခြင်း

သီချင်းဆုံးသွားတော့ အားလုံးက လှိုက်လှဲစွာချီးကျူးကြပြီး Hayden ရဲ့မျက်နှာတောင် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်နီနေသည်။

"Romeo.. ကိုယ့်အချစ်လေး Romeo.. ကိုယ်တို့ကို ဘယ်လောက်တောင် အံ့အားသင့်စေဦးမှာလဲကွယ်.. မင်းရဲ့သီချင်းက စိတ်လှုပ်ရှားဖို့ အရမ်းကောင်းတယ်.. တကယ်လို့ မင်း Country Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ရင်တောင် နိုင်မယ်လို့ ကိုယ်သေချာပေါက်ပြောရဲတယ်.."

Bonnie က ကောင်လေးဆီကိုလျှောက်လာပြီး နွေးထွေးစွာဖက်ရင်း ပြောတော့ Ivana က ဂုဏ်ယူစွာနှင့် လေချွန်လိုက်တော့သည်။

ကျိုးယွင်ရှန့်က လက်ယမ်းပြပြီး အခြားလူရဲ့ဓာတ်ပုံရိုက်ခြင်းကို နှောင့်ယှက်ဖို့မရည်ရွယ်ကြောင်း ပြောကာ ဂီတာကိုသယ်ပြီး ပစ္စည်းထိန်းသိမ်းမန်နေဂျာထံ ပြန်အပ်လိုက်သည်။

ပြိုင်ပွဲဝင်တွေက Romeo ရဲ့ ကျွမ်းကျင်မှုပါရမီတစ်ခုကို ထပ်သိလိုက်ရပြီး မနာလိုဖြစ်နေကြပေမယ့် သူတို့အလုပ်ကိုပြီးဖို့ အာရုံစိုက်ပြီး လုပ်လိုက်ကြရသည်။

Romeo ရဲ့ထူးချွန်မှုတွေ ပိုပိုပေါ်လာလေ Emily အတွက် ဘေးကျပ်နံကျပ် ပိုဖြစ်လာလေပင်။ Romeo ရဲ့ ဂီတာတီးစွမ်းရည်က တကယ့်ကျွမ်းကျင် ဂီတာသမားလက်ရည်လောက်ရှိသဖြင့် ဒီအပိုင်းကိုလွှင့်လိုက်ပြီးတာနဲ့ ကောင်လေးပရိသတ် ဘယ်လောက်အရူးအမူးဖြစ်သွားကြမလဲဆိုတာ မတွေ့ဝံ့တော့ပေ။

ရုပ်ချောတဲ့လူတွေပေါပေမယ့် ရုပ်ချောပြီး ပါရမီရှိသူက ရှားပါးသည်။ ရှားပါးတဲ့ပါရမီက လူတိုင်းကို အရူးအမူးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။ Gustav က တကယ့် စံပြနမူနာပဲဖြစ်သည်။

နင် အမြန်ဆုံးထွက်သွားရင် ကောင်းမယ် Romeo..။

ဒီလိုတွေးလိုက်မိတာနဲ့ Emily က Hayden ဆီလျှောက်လာပြီး သူ့ကို ခန်းမအလယ်ကို တရွတ်တိုက်နီးပါး ဆွဲခေါ်လာခဲ့သည်။

"အချစ်.. ရှင် ကြာကြာရှောင်နေလို့ မရဘူးလေ.. အားလုံး သူတို့အလုပ်ပြီးကုန်ကြပြီး ရှင်တစ်ယောက်ပဲကျန်တော့တယ်.. လူတွေ ဘယ်လောက်တောင် ရှင့်ကို TV ကနေကြည့်နေသလဲ သိရဲ့လား.. ရှင် ဒီပြိုင်ပွဲက အထုတ်ခံချင်လို့လား.. ရှင့်ကိုဝိုင်းလှောင်တာ ခံချင်လို့လား.. သူတို့ကို ဒီလိုလုပ်ခွင့် မပေးနဲ့လေ.."

Emily ရဲ့စကား နောက်ဆုံး အောင်မြင်သွားပြီး Hayden က ဖြည်းညင်းစွာထပြီး ဖန်သားပြင်ပေါ် လျှောက်လာခဲ့သည်။

"သောက်ခွေး.. ကြောက်စရာကောင်းလိုက်တာ.."

Hayden က အော်လိုက်ပြီး သူဆွဲနေကျ လက်ဝါးကပ်တိုင် ဆွဲကြိုးလေးကိုယူပြီး ဆုပ်ကိုင်ဆုတောင်းဖို့ လုပ်လိုက်ပေမယ့် မနက် သူလောကြီးပြီး မဝတ်ခဲ့ရသည်ကို သတိရလိုက်သဖြင့် ကျောပိုးအိတ်ထဲနှိုက်ရှာလိုက်သည်။ သူဘယ်လောက်ရှာရှာ စိန်လက်ဝါးကပ်တိုင်ဆွဲကြိုးကို မတွေ့ရသဖြင့် သူ အရမ်းကြောက်သွားသည်။ ဒီဆွဲကြိုးက တန်ဖိုးအရရော၊ အဖွားပေးထားတာကြောင့်ရော တန်ဖိုးဖြတ်လို့မရပေ။

"ငါ့ဆွဲကြိုး ပျောက်သွားပြီ.. မင်း တွေ့မိသေးလား.. ငါ မနေ့ညက ရေမချိုးခင် ချွတ်ပြီး စားပွဲပေါ်တင်ထားတာလေ.."

သူက Emily ရဲ့လက်မောင်းသေးသေးလေးကို ဆုပ်ကိုင်ခါယမ်းပြီး ကြောက်ရွံ့စွာမေးလိုက်သည်။

"ကျွန်မ မသိဘူး.. ဒါပေမယ့် ဒီမနက် Romeo က ရှင့်ပစ္စည်းတွေကို ကျောပိုးအိတ်ထဲ ကူထည့်ပေးတာ သူ့ကိုမေးကြည့်ပါလား.."

Emily က ပါးနပ်စွာ မီးတောက်ထဲ လောင်စာလောင်းပေးလိုက်သည်။

Romeo ပဲဖြစ်မယ်..။ သူ ငါ့လည်ဆွဲကို ခိုးတာဖြစ်ရမယ်။

Hayden က Romeo ကို မုန်းနေတာကြာပြီဖြစ်လို့ ဖြစ်သမျှကိစ္စအတွက် Romeo ကိုပဲပုံချလိုက်တော့သည်။ သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အမြန်ပြေးထွက်လာခဲ့သည်။ သူက ဒီအပေါ်ကိုရောက်ကတည်းက ကြောက်ရွံ့တုန်လှုပ်နေတာဖြစ်လို့ အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်တော့ပေ။ သူ Romeo ကို ဖယ်ရှားပစ်ဖို့ အကြောင်းပြချက်နည်းနည်းပဲ လိုတော့သည်ဟု တွေးကာ ပြိုင်ပွဲစည်းကမ်းကို လုံးဝမေ့သွားခဲ့သည်။

ကျိုးယွင်ရှန့်က သူ့နားရွက်နားကို လေတစ်ချက်ဟပ်သည်ကို သိလိုက်ပြီး သူ့မျက်နှာကိုထိုးလာသည့် လက်သီးကို ခေါင်းကိုယိမ်းကာ ပွတ်ကာသီကာ ရှောင်လိုက်သည်။ ပြီးတော့ သူ့ဘေးမှာရပ်နေတဲ့ Ivana က ဒေါသတကြီးနဲ့ ခြေထောက်ကိုမြှောက်ပြီး ကန်ဖို့လုပ်တာကို တစ်ခါတည်း သိမ်းဖက်ချုပ်ထားလိုက်သည်။

"ပြန်မတိုက်နဲ့.. ဒီအစီအစဉ်က ပြိုင်ပွဲဝင်အချင်းချင်း ရန်ဖြစ်တာကို တားမြစ်ထားတယ်.. ပြန်ခုခံတာနဲ့ ငါတို့ အထုတ်ခံရလိမ့်မယ်.."

သူက Ivana ရဲ့နားရွက်နားကပ်ပြီး တီးတိုးပြောလိုက်သည်။

Ivana လည်း ကိုယ်ရှိန်သတ်လိုက်ပြီး နှစ်ယောက်သား Hayden ရဲ့လက်သီးချက်က လွတ်ကင်းရာကို ပြေးထွက်ပြီး အမိုးထောင့်လေးမှာ သွားပုန်းနေကြသည်။ Hayden က သူတို့နောက်ကို လက်သီးနှင့်လိုက်ထိုးနေသည်ကို အခြားသူများကမြင်သော်လည်း ဘယ်သူမှဝင်တားဖို့ မလုပ်ကြပေ။ သူတို့အားလုံးက ဒီသုံးယောက် တိုက်ခိုက်ပြီး တစ်ခါတည်းအထုတ်ခံရဖို့ မျှော်လင့်နေကြသည်။

Gustav က ဆူညံသံတွေကြားရလို့ ဓာတ်ပုံရိုက်နေရာကနေ ကြည့်လိုက်တော့ သူ့မျက်နှာက အရမ်းကိုမှောင်မိုက်သွားတော့သည်။ သူက ချက်ချင်းပြေးထွက်လာပြီး Hayden ကိုဆွဲဖယ်ပစ်လိုက်သည်။ ပြီးတော့ ထိတ်လန့်နေသည့် ကြောင်ပေါက်လေးကို ရင်ခွင်ထဲသိမ်းဖက်ထားတော့သည်။

"Baby.. မင်း ဘာဖြစ်သွားသေးလဲ.."

အခြေအနေတွေ ရှုပ်ထွေးနေလို့ ဘယ်သူမှ သူ့အခေါ်အဝေါ်ကို သတိမထားလိုက်မိကြပေ။ သူက ကြောင်ပေါက်လေးရဲ့မျက်နှာနှစ်ဖက်ကို လက်ဝါးနဲ့အုပ်ကိုင်ပြီး ခေါင်းကိုဘယ်ညာလှည့်လို့ မျက်နှာပေါ်ကဒဏ်ရာရှိမရှိကို အထပ်ထပ်စစ်ဆေးလို့နေသည်။ ကြောင်ပေါက်လေးထက် Gustav က ပိုထိတ်လန့်သွားခဲ့ရပြီး သူ့နှလုံးသားက ဓားနဲ့ထိုးခံရသလို နာကျင်စူးအောင့်လို့နေသည်။

Bonnie နဲ့ Jeffery က အစောင့်တွေနဲ့ရောက်လာပြီး Hayden ကို ထိန်းသိမ်းထားလိုက်ကြသည်။

Hayden က ရုန်းကန်ပြီး အော်ဟစ်လို့နေသည်။

"ဒီကောင်က သူခိုး.. သူက ကျွန်တော့်အဖွားပေးခဲ့တဲ့ အမွေကို ခိုးခဲ့တာ.. ဒီစိန်လည်ဆွဲက ဒေါ်လာ 500,000 အနည်းဆုံးတန်တယ်.. ရဲကိုခေါ်လိုက်ပါ.. ဒီကောင့်ကိုဖမ်းပါ.. ဒီကောင့်ကို ခုချက်ချင်း ဖက်ရှင်လောကကနေ ထွက်သွားစေချင်တယ်.."

ဘယ်သူမှ Hayden ရဲ့စကားတွေကို ဂရုမစိုက်ကြပေ။ Gustav က ကြောင်ပေါက်လေး၏ အပေါ်ထပ်အင်္ကျီကိုချွတ်ပြီး နောက်ကျောကဒဏ်ရာကို စစ်ဆေးကြည့်ပြီးနောက် Hayden ကို ချက်ချင်း သတ်ချင်စိတ်ပေါ်လာတော့သည်။

ကောင်းပြီ..။ ဖက်ရှင်လောကကနေ ကန်ထုတ်ခံရပြီး ဘယ်တော့မှ ခြေချမခံရဘူးဆိုတဲ့ အဓိပ္ပါယ်ကို Hayden သိချိန်ရောက်ပြီ။

"သူ့ကို ဧည့်ခန်းထဲခေါ်သွားလိုက်.."

သူက ဝန်ထမ်းများကိုဝှေ့ယမ်းလိုက်ပြီး Hayden ကို အဝေးကိုဆွဲထုတ်သွားစေသည်။ ပြီးတော့ သူက ကြောင်ပေါက်လေးကို သူနဲ့အတူ တစ်ပါတည်းဆွဲခေါ်လာပြီး ဒီကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

လူအုပ်ကြီးကွဲသွားပေမယ့် Emily က စိတ်ပျက်လက်ပျက်နဲ့ ရပ်ကျန်ရစ်ခဲ့သည်။ သူမက Romeo ပြန်ခုခံပြီး Ivana ပါ ရန်ပွဲထဲပါလာရင် Hayden အပါအဝင် သုံးယောက်လုံး ပြိုင်ပွဲထဲကနေ အထုတ်ခံရမယ်ထင်ထားခဲ့သည်။ ဒါပေမယ့် Romeo က Ivana ကိုဟန့်တားပြီး ထောင့်ဆီပြေးပုန်းလို့ Hayden ရဲ့လက်သီးချက်တွေကို လုံးဝမခုခံဘဲနေမည်ဟု မထင်ထားခဲ့ပေ။

သူက အရမ်းကို ပါးနပ်လွန်းတာလား..။ အရမ်းတည်ငြိမ်လွန်းတာလား..။

တကယ်လို့ သူက အရမ်းတည်ငြိမ်လွန်းတာဆိုရင် သူက ကြောက်စရာကောင်းတဲ့ ရန်သူတော်ကြီးပဲ။ စိန်လည်ဆွဲက Hayden ရဲ့ဂျင်းဘောင်းဘီအိတ်ကပ်ထဲ သိမ်းထားတာဖြစ်လို့ ဒီအစီအစဉ်က သူတို့သိက္ခာကိုဆယ်ချင်လို့ ဘယ်လောက်ရှာရှာ တွေ့မှာမဟုတ်လောက်ဘူး။ Emily တွေးထားတာက ဒီစိန်ဆွဲကြိုးကို သူ အသာလေးသွားယူပြီး အိမ်သာထဲပစ်ချကာ လက်စဖျောက်လိုက်နိုင်မယ် ထင်ထားခဲ့သည်။

ဒါပေမယ့် ဒီလိုလုပ်နေတုန်း Romeo နဲ့ သူ့နောက်တောက်လျှောက်လိုက်ရိုက်နေတဲ့ ကင်မရာသမားက သူမကိုတွေ့သွားရင် ဒီကိစ္စထဲ သူမပါဝင်နေသည်ဟု သံသယဝင်မှာကိုလည်း ကြောက်လာမိသည်။ ဒါဆိုရင် Hayden နဲ့ရဲတွေက Romeo ကို သံသယစာရင်းထဲက ပယ်ဖျက်လိုက်ပြီး သူမကို သံသယဝင်လာကြလိမ့်မည်။ တကယ်လို့ ပြဿနာတက်လာရင် Emily က Hayden ကိုဆုံးရှုံးလိုက်ရနိုင်သည်ကို တွေးပြီး စိတ်ဓာတ်ကျလာသည်။ ဒါပေမယ့် အနာဂတ်မှာ သူမဘဝတက်လမ်းအတွက် အခြားအခွင့်အရေး ရှိနိုင်သေးသည်ဟု သူမဘာသာ ဖြေသိမ့်လိုက်တော့သည်။

ဧည့်ခန်းမဆောင်တွင် Gustav က ကြောင်ပေါက်လေးကို ပွေ့ထားပြီး သူတို့နှင့်မျက်နှာချင်းဆိုင်ခုံတွင် Hayden က ဝန်ထမ်းများဝိုင်းဖိထားတာကို ခံနေရသည်။ သူ့ပါးစပ်က ဒေါသတကြီးနှင့် 'သူခိုး..၊ ခွေးမသား.. လမ်းပေါ်က ကလေကဝတစ်ကောင်' ဆိုပြီး အော်ဟစ်လို့နေသည်။

=================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now