Arc_8.24 Romeo

9.1K 997 4
                                    

Chapter (24) – ကြောင်ပေါက်လေးအတွက်ပဲ ရှင်သန်သွားမယ်


လူအနည်းစုရဲ့ သဘောတူညီမှုကို ရရှိပြီးနောက် ပြိုင်ပွဲဝင်များကို ဒီဆုံးဖြတ်ချက်ကို အသိပေးဖို့ စုစည်းလိုက်ကြသည်။

"အထူးအကြောင်းပြချက်တချို့ကြောင့် ကိုယ်တို့ Romeo ရဲ့ဓာတ်ပုံရိုက်ခွင့်ကို လျှော့ချလိုက်တယ်.. မင်းတို့က ပုံ ၃၀ ထိရိုက်ကူးခွင့်ရှိပြီး Romeo က ၅ ပုံပဲရိုက်ခွင့်ရှိတော့တယ်.. ဒီငါးပုံထဲကမှ သူက အကောင်းဆုံးပုံရအောင် မရိုက်နိုင်ခဲ့ရင် သူ့အဆင့်က အောက်ဆုံးရောက်သွားပြီး ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရနိုင်တယ်.."

Bonnie ရဲ့အသံတိတ်သွားတာနဲ့ ပြိုင်ပွဲဝင်တွေက ပျော်ရွှင်စွာအော်ဟစ်လိုက်ကြသည်။ Emily က လက်ထောင်ပြီး မေးခွန်းထုတ်လိုက်သည်။

"ဒိုင်တွေဒီလိုဆုံးဖြတ်တာက Romeo က ပြိုင်ပွဲမှာ လိမ်ညာခဲ့လို့လား.. တကယ်လို့ လိမ်ညာခဲ့တာဆိုရင် သူ့ကို ၅ပုံရိုက်ခွင့်မပေးဘဲ ပြိုင်ပွဲကနေ ထုတ်ပစ်သင့်ပါတယ်.. ခုလိုဆုံးဖြတ်တာ မတရားပါဘူး.."

Gustav ရဲ့အေးစက်တဲ့အကြည့်တွေက Emily ကို ထိုးဖောက်လုမတတ် ကျရောက်သွားချိန်မှာ Bonnie က သူမကို ခပ်တင်းတင်းစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ကိုယ့်ရဲ့ Model လုပ်ခဲ့တဲ့သက်တမ်းတလျှောက်က ဂုဏ်သိက္ခာကိုရင်းပြီး ပြောရဲတယ်.. Romeo က ဒီပြိုင်ပွဲမှာ ဘာလိမ်ညာမှုမှမလုပ်ခဲ့ဘူး.. ကိုယ်တို့ဒိုင်တွေက သူလာဘ်ထိုးလို့ရအောင် နောက်ဖေးပေါက်ကို ဘယ်တုန်းကမှ ဖွင့်မပေးခဲ့ဖူးဘူး.. သူက သူ့ကိုယ်ပိုင်အရည်အချင်းကိုပဲသုံးပြီး ယှဉ်ပြိုင်ခဲ့တာချည်းပဲ.. တချို့လူတွေကတော့ ဒီလိုဆုံးဖြတ်တာ မတရားဘူးလို့ထင်ကောင်းထင်နေကြမယ်.. ဒါပေမယ့် ကိုယ့်အထင်တော့ ကိုယ်တို့က အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ပါရမီအရှိဆုံး Super Model တစ်ယောက်ကို မတရားအပြစ်လုပ်မိပြီထင်တယ်.. ကိုယ်တို့ ဒီနေ့ခေတ်လူအဖွဲ့အစည်းက ပါရမီရှိတဲ့လူတွေ ပေါ်ထွန်းလာတာကို မလိုလားကြတဲ့အတွက် ကိုယ် အတော်ဝမ်းနည်းရတယ်.."

သူမက Emily ရဲ့ တောင့်တင်းသွားတဲ့ ကိုယ်ခန္ဓာကနေ အခြားပြိုင်ပွဲဝင်များဆီကို လှည့်ကြည့်လိုက်သည်။

"တကယ်လို့ မင်းတို့ပြိုင်ပွဲကနေ နိုင်သွားခဲ့မယ်ဆိုရင်တောင် ဒါက ဂုဏ်မယူသင့်ဘူး.. မင်းတို့ အရှက်ရသင့်တယ်.. ဘာကြောင့်လဲဆိုတော့ မင်းတို့အနိုင်ရဖို့ ကိုယ့်အစွမ်းအစပေါ် အားမကိုးဘဲ သူများပေါ်အခွင့်ကောင်းယူခဲ့ကြလို့ပဲ.. ဘာနဲ့တူသလဲဆိုရင် မင်းက ခြေမသန်တဲ့လူနဲ့ အပြေးပြိုင်တာနဲ့တူတယ်.. တကယ်လို့ ဒီပြိုင်ပွဲမှာ မင်းနိုင်ခဲ့ရင်လည်း မင်းမပျော်သင့်ဘူး.. လှောင်ပြောင်ခံရဖို့ ထိုက်တန်တယ်.. ဒါက မျှတတဲ့ယှဉ်ပြိုင်ခြင်းကို ချိုးဖောက်တာသက်သက်ပဲ.."

Bonnie က ဒီစကားတွေကိုပြောပြီး Romeo ကို ရင်ခွင်ထဲဆွဲဖက်ပြီး ပြောလိုက်တယ်။

"Romeo.. ဒီလိုမတရားတဲ့ကိစ္စရပ်ကြီးက ကိုယ်လုပ်တာမဟုတ်ပါဘူး.. ဒါပေမယ့် မင်း ပြိုင်ပွဲအပြီးထိ တောင့်ခံထားနိုင်လိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်.. မင်းက တကယ်အံ့အားသင့်စရာကောင်းတယ်.. ကိုယ် မင်းကိုချစ်တယ် Romeo.."

"ကျေးဇူးတင်ပါတယ် ခင်ဗျာ.."

ကျိုးယွင်ရှန့်က စိတ်ရင်းနှင့်ပြောပြီး မျက်ဝန်းလေးတွေမှိတ်သွားတဲ့အထိ ပြုံးလိုက်သည်။

Gustav က ဒီဆယ်ကျော်သက်ကောင်လေးကို တရင်းတနှီး ပွေ့ဖက်ခွင့်မရှိတော့ဘဲ ခပ်ခွာခွာရပ်နေရင်း ငေးကြည့်လို့နေသည်။ သူ့ကြောင့် သူ့ချစ်သူလေးကို ထပ်ပြီးတိုက်ခိုက်ခံရတာ မဖြစ်စေချင်တော့ပေ။ သူ့ဘောင်းဘီအိတ်ထဲ ထည့်ထားသည့် လက်သီးဆုပ်လေးများက တုန်ယင်နေပြီး အပြင်ပန်းကတော့ ထူးမခြားနားစွာ ကြည့်နေမိသည်။

Ivana က ရှေ့တစ်လှမ်းတိုးပြီး ကောင်လေးကို ပွေ့ဖက်ထားသည်။ သူမနောက်ကနေ ခုတလော Romeo နဲ့ရင်းနှီးတဲ့ ယောက်ျားလေးပြိုင်ပွဲဝင်တစ်ယောက်က လာဖက်ပြီး ကျန်လူတွေကတော့ ရှက်ရွံ့စွာနဲ့ ရပ်ကြည့်နေကြသည်။ သူတို့တွေက Bonnie ရဲ့စကားလုံးတွေကြောင့် ရှက်ရွံ့နေကြတာဖြစ်သည်။ အပြင်လူတွေမသိကြပေမယ့် ပြိုင်ပွဲဝင်များက သေချာသိကြသည်။ Romeo က ဘယ်ပြိုင်ပွဲကိုမှ လိမ်ညာခဲ့ခြင်းမရှိဘဲ သူ့ပင်ကိုယ်အရည်အချင်းကိုပဲ အားကိုးခဲ့သည်။ သူဓာတ်ပုံရိုက်ဖို့ စင်ပေါ်တက်သွားတိုင်း သူ့ရဲ့အရမ်းလွှမ်းမိုးနိုင်တဲ့စွမ်းအားနဲ့ ချစ်စရာကောင်းမှုတွေ ပေါ်ထွက်လာခဲ့စမြဲဖြစ်သည်။

သူက ငါးပုံပဲဓာတ်ပုံရိုက်ခွင့်ရှိမယ်ဆိုရင်တောင် သူ့ပုံတိုင်းက အရမ်းကောင်းနေမှာသေချာသည်။ တကယ်လို့ သူတို့ကသာ Romeo ကိုရှုံးနိမ့်သွားရင် ပရိသတ်မျက်လုံးထဲ ပိုရယ်စရာကောင်းပြီး ရှက်စရာလည်းကောင်းပေလိမ့်မည်။ လူတွေက သူတို့ကို ရယ်မောလို့ဆုံးတော့မည်မထင်ပေ။

Bonnie က ဒီ Video ကို တရားဝင် Website ပေါ်တင်လိုက်ပြီးချိန် လူအများစုက သူမလို စာနာသည့်စကားများကို သဘောတူလက်ခံကြသည်။

Romeo က ပါရမီပါပြီး အရမ်းထူးချွန်တဲ့သူဖြစ်လို့ အခွင့်အရေးသာပေးရင် ထိပ်ဆုံးထိ ရောက်သွားနိုင်မည့်သူဖြစ်သည်။ ဒါပေမယ့် တချို့လူတွေရဲ့ စက်ဆုပ်စရာကောင်းတဲ့ မနာလိုမှုတွေကြောင့် ပါရမီရှိတဲ့ကောင်လေးက မတရားဖိနှိပ်ခံနေရသည်။ ဒါကိုများ တရားမျှတမှုလို့ ခေါ်ရဲကြသေးတာလား။ တကယ့်ဟာသပဲ။

ပြည်သူအများစုက Romeo ရဲ့သတင်းတွေကို ပြောဆိုနေကြပြီး သူ့ပရိသတ်ဦးရေက နည်းနည်းလေးမှ လျော့ကျသွားခြင်းမရှိခဲ့ပေ။ တကယ်တော့ နှစ်ဆတောင် တိုးလာခဲ့သေးသည်။ ပြည်သူတွေက အားနည်းသူကို ကိုယ်ချင်းစာနာတတ်ကြပြီး Romeo က အားမနည်းဘူးဆိုပေမယ့် သူက မတရားဆက်ဆံခြင်း ခံနေရသူဖြစ်သောကြောင့် ပြည်သူများက သူ့ကို ဝိုင်းဝန်းထောက်ခံကြသည်။

ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်တဲ့ ABC က ထိပ်ဆုံးကအရာရှိတွေအတွက် 'မစင်' စားဖို့ပြောဆိုခံရပြီး တကယ့် 'မစင်ပုံ' တစ်ပုံကို သေချာထုပ်ပိုးကာ ABC ရုံးချုပ်ကို ပေးပို့ခြင်းခံခဲ့ရသည်။

Gustav က သူ့ရဲ့ ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရေးတင်လိုက်တော့သည်။ သူက သူ့ fan တွေ ကျေနပ်နှစ်သိမ့်ဖို့ ရှည်ရှည်ဝေးဝေး ရေးသားခြင်းမရှိဘဲ တစ်ကြောင်းတည်းရေးခဲ့သည်။

"တချို့လူတွေစိတ်ထဲမှာရှိတဲ့ မကောင်းတဲ့စိတ်ထားတွေက ကျွန်တော့်ကို အရမ်းစိတ်ပျက်မိစေတယ်.."

ဒီစကားက Romeo ကိုတိုက်ခိုက်တဲ့ သူ့ fan တွေကို ပြောဆိုလိုက်ကြောင်း လူတိုင်းသေချာသိလိုက်သည်။

ဘဝမှာ ကိုယ်တန်ဖိုးထားရတဲ့လူ၊ သူငယ်ချင်းမရှိတဲ့လူ ဘယ်သူရှိဖူးလို့လဲ။ ဒါတောင် ဘာကြောင့် ဒီလောက်စက်ဆုပ်စရာကောင်းတဲ့နည်းတွေ သုံးပြီး တစ်ဖက်သားကို နစ်နာစေချင်ရတာလဲ။

Romeo ရဲ့ fan တွေက Gustav ကို နည်းနည်းမကျေမနပ်ဖြစ်ခဲ့ကြပြီး Gustav ရဲ့ fan တွေက သူတို့အပြုအမူလွန်သွားပြီဆိုတာ သတိပြုမိလိုက်ကြသည်။ သူတို့ Idol ရဲ့စကားက အရမ်းကိုစွမ်းအားကြီးပြီး ဆူပူအုံကြွမှုများ ချက်ချင်းငြိမ်သက်သွားသည့်အပြင် ဒီ program ကို တောင်းပန်စာများစွာ ပို့ပေးခဲ့ကြသည်။

ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးမှတော့ ပြန်ပြင်လို့မရတော့ပေ။ Romeo ဆီမှာ ဓာတ်ပုံရိုက်ခွင့် ၅ ပုံသာရှိပြီး ဒီလိုရိုက်ကူးနေချိန် Live လွှင့်ထားမှာဖြစ်ပြီး ဒီရလဒ်နဲ့ပတ်သက်ပြီး ဘယ်သူမှသံသယမဝင်နိုင်တော့ပေ။ ဒီအပိုင်းက မိနစ် ၅၀ ကြာမှာဖြစ်ပြီး Bonnie က အပိုစိန်ခေါ်မှုကို ဖယ်ရှားလိုက်ပြီး ဒီပြိုင်ပွဲကို အခက်ဆုံးဖြစ်အောင် တိုးမြှင့်လိုက်သည်။

ဒီအပိုင်းက Live လွှင့်မှာဖြစ်လို့ ပြိုင်ပွဲဝင်တစ်ယောက်တိုင်းဆီရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်သည်။ တကယ်လို့ တစ်စုံတစ်ယောက်က မကောင်းတာလုပ်ခဲ့မယ်ဆိုရင် ဒီအစီအစဉ်တင်ဆက်တဲ့အဖွဲ့က ဖုံးကွယ်ပေးနိုင်မှာမဟုတ်ပေ။ ဒီကြောင်းကိုသိတော့ ပြိုင်ပွဲဝင်တွေ ကြောက်ချွေးပြန်ကုန်ကြသည်။

Gustav က ဓာတ်ပုံဆရာမလုပ်တော့တဲ့အပြင် ဒီ Studio မှာ မျက်နှာတောင်လာမပြတော့ပေ။ Bonnie က အဝင်အဝနေရာလေးမှာရပ်နေပြီး ပြိုင်ပွဲဝင်တွေကို စောင့်ကြည့်နေသည်။

"ဒီပြိုင်ပွဲကို အစကတော့ ပြိုင်ပွဲဝင်နှစ်ယောက်က တစ်ယောက်အဝတ်အစားနဲ့ စတိုင်လ်ကို ကျန်တစ်ယောက်က ရွေးပေးပြီး တစ်နေရာစီမှာ ဓာတ်ပုံရိုက်ရမယ်၊ ပြီးတော့မှ ဒီနှစ်ပုံကို တွဲစပ်လိုက်မယ်.. ဒါပေမယ့် Romeo က ငါးပုံပဲရိုက်ခွင့်ရှိတာဆိုတော့ သူ့တွဲဘက်အတွက် အတော်လေးကိုအဆင်မပြေဘူး.. ဒါကြောင့် ကိုယ်က ပြိုင်ပွဲပုံစံကို ပြောင်းမလို့.."

"No.. ဒီအတိုင်းပဲ ရိုက်လိုက်ပါ.. ကျွန်မက Romeo ရဲ့ Partner လုပ်မယ်.."

Ivana က လက်မြှောက်ပြီး ရုတ်တရက်ဝင်ပြောလိုက်သည်။

ကင်မရာသမားက Ivana ကိုချိန်ပြီး ရိုက်ကူးလိုက်ချိန် TV ရှေ့မှာရှိတဲ့ ပရိသတ်တိုင်းက တက်ကြွလာကြသည်။

Bonnie က သူမ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရမည်ကို ကြိုသိပေမယ့် ပထမဆုံးစိန်ခေါ်လာမည့်သူက Ivana ဖြစ်မယ်လို့ မထင်ထားမိပေ။ ဒါပေမယ့် နောက်အစီအစဉ်တွေမှာ သူမ သေချာပေါက် ပျော်ရွှင်ရမယ်လို့ ခံစားမိလိုက်ရသည်။

Ivana က သူ့သူငယ်ချင်းကောင်လေးရဲ့ ပုခုံးကိုဖက်လိုက်ပြီး ပြောလိုက်သည်။

"ဓာတ်ပုံ၅ပုံဆို လုံလောက်ပြီ.. Romeo လုပ်သလို ကျွန်မလည်းလိုက်လုပ်မယ်.. အသုံးမကျတဲ့ အကြောင်းပြချက်ကြောင့် Romeo ထုတ်ခံရရင် ကျွန်မလည်း ဒီမှာဆက်မကျန်ရစ်ချင်ဘူး.."

"လုပ်လိုက်စမ်း ကောင်မလေး.. ပြောပစ်လိုက်.."

Bonnie ရင်ထဲကနေ ကြွေးကြော်လိုက်သည်။ ဒီလိုဆုံးဖြတ်ချက်ကို သူမကိုယ်တိုင်ပြောခဲ့ရတဲ့အတွက် Bonnie ရဲ့မျက်နှာပေါ်မှာ နာကျင်မှုကို ခံစားလိုက်ရသည်။ ဒီသောက်စည်းကမ်းကြောင့် Romeo ဖယ်ရှားခံရသည်ဖြစ်စေ၊ ဆက်ပြိုင်ခွင့်ရသည်ဖြစ်စေ မတရားမှုကြီးမှာ သူမပါဝင်နေရသလို ခံစားလိုက်ရပြီး မသက်မသာဖြစ်မိသည်။

ပရိသတ်တွေက Ivana ရဲ့ရိုးသားဖြောင့်မတ်မှုကို ချီးကျူးကြပြီး ABC ရဲ့အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့နဲ့ Gustav ရဲ့ fan တွေကို မုန်းတီးလာကြသည်။ အခုဆိုရင် fan နှစ်ဖွဲ့က အင်တာနက်ပေါ်မှာ အချင်းချင်းမုန်းတီးနေကြပြီး Gustav ရဲ့နာမည်တောင် ကျဆင်းလာခဲ့သည်။

ဒီလိုဖြစ်လို့ Gustav က နည်းနည်းလေးတောင် စိတ်မညစ်ဘဲ Romeo လေးရဲ့တိုးတက်မှုအတွက် ပျော်ရွှင်နေသည်။ သူက လူတွေအားလုံး Romeo ကို support ပေးတာကို လိုချင်နေသည်။ သူ့ fan တွေအတွက်တော့ sorry ပဲ။ ဒီလူတွေ ဘာတွေးနေတယ်ဆိုတာ သူဘယ်တော့မှ ထည့်စဉ်းစားတော့မှာမဟုတ်ဘူး။ သူက Romeo အတွက်ပဲ အသက်ဆက်ရှင်သွားချင်တော့သည်။

Bonnie က ချောင်းဟန့်ပြီး ထပ်မံအတည်ပြုမေးလိုက်သည်။

"မင်း တကယ်စဉ်းစားပြီးပြီလား.. ငါးပုံပဲရိုက်မှာလား.. ထပ်မရိုက်တော့ဘူးလား.."

"ကျွန်မ ဘာမှ ထပ်တွေးစရာမလိုတော့ဘူး.. ကျွန်မက Romeo ရဲ့ Partner ပဲဖြစ်ချင်တယ်.."

သူမက နှုတ်ခမ်းကိုတွန့်ပြီး ပြောလိုက်သည်။

 ရေခဲနှင့် မီးလျှံ

ကျိုးယွင်ရှန့်က တိတ်ဆိတ်စွာရယ်လိုက်ပြီး Ivana ကို တင်းကျပ်စွာဖက်လိုက်သည်။

"OK.. ဒါဆို ကိုယ်တို့ အစီစဉ်အတိုင်း လုပ်ကြတာပေါ့.. ဟိုက နံရံပန်းချီတွေ တွေ့လား.. ဒီမှာ Style 3 မျိုးရှိတယ်.. မင်းတို့က ကိုယ့်ဆီလာပြီး လက်ထဲကနံပါတ်ပါတဲ့တုတ်ကို လာယူလှည့်.. မင်းတို့ကျတဲ့နံပါတ်က နံရံပန်းချီအတိုင်း အဝတ်အစားနဲ့ Style ကိုရွေးပြီး ဓာတ်ပုံရိုက်ရမယ်.. ဒီနံရံပန်းချီနဲ့ကိုက်ညီအောင် ရိုက်ကူးနိုင်တဲ့သူက ဒီအပိုင်းပြိုင်ပွဲရဲ့ No.1 နေရာကို ရလိမ့်မယ်.."

ပြိုင်ပွဲဝင်တွေက သူတို့နောက်ကျောကနံရံကို လှည့်ကြည့်လိုက်တော့ တကယ့်ကို နံရံပန်းချီ၃မျိုး ရေးဆွဲထားတာကို တွေ့လိုက်ရသည်။ တစ်ပုံက နတ်သမီးပုံပြင်ထဲကလို ရောင်စုံမှိုတွေနဲ့ 'Alice in Wonderland' ပုံပြင်ထဲကလို ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေပုံ ရေးဆွဲထားပြီး အရမ်းကိုအိပ်မက်ဆန်လှသည်။

ဒီပုံနဲ့ဆန့်ကျင်ဘက်နံရံမှာတော့ စိတ္တဇဆန်ဆန် ထူးခြားတဲ့အရောင်တွေ ပေါင်းစပ်ထားပြီး ရှုပ်ထွေးမှု၊ တက်ကြွမှုနဲ့ စိတ်အားထက်သန်တဲ့ခံစားချက်ကို ပေးစွမ်းနိုင်သည်။

နောက်ဆုံးတစ်ခုကတော့ အရိုးရှင်းဆုံးဖြစ်ပြီး ဘာ style မှ ရေးဆွဲမထားပေ။ ဒီမှာ အရောင် ၂မျိုးပဲပါဝင်ပြီး ဘယ်ဘက်က အနက်၊ ညာဘက်က အဖြူရောင်၊ အလယ်မှာ အဖြူမည်းနှစ်ရောင်စပ်နှင့် "FREEDOM" လွတ်လပ်မှုဆိုတဲ့စကားလုံးကို ရေးထားသည်ကို တွေ့လိုက်ရသည်။

ပြိုင်ပွဲဝင်တွေက နံရံကိုကြည့်ပြီး သူတို့ဘာသာ အစီအစဉ်တွေရေးဆွဲကြသည်။

Bonnie က အိတ်လေးထဲကတုတ်တံကို လာဆွဲဖို့ပြောလိုက်သည်။ Emily အုပ်စုက နတ်သမီးပုံပြင်လို ပန်းချီကားကို ဆွဲမိလိုက်သည်။ သူမက မြူးကြွစွာရယ်မောလိုက်ပုံအရ ဒီနံရံပန်းချီက သူမကို ကျေနပ်မှုပေးနိုင်ပုံရသည်။

ကျိုးယွင်ရှန့်က တုတ်တံလေးဆွဲဖို့ Ivana ကိုလွှတ်လိုက်သည်။ ဘယ်ဟာကိုဆွဲမိသည်ဖြစ်စေ သူ့အတွက် ကိစ္စမရှိပေ။ လူအတော်များများက ဓာတ်ပုံ၅ပုံထဲ ရိုက်ခွင့်ရတာကြောင့် သူ့ကိုသနားကြပေမယ့် သူ့အတွက် လုံလောက်တာထက် ကျော်နေလေပြီ။ သူ့ဦးနှောက်ရဲ့ တွက်ချက်နိုင်စွမ်းက 007 ထက်မလျော့ပေ။ ဒီပုံတွေကိုတစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်ပုံမှာ ဘယ်လို Style ရိုက်သင့်တယ်ဆိုတာ ခေါင်းထဲမှာ တိတိကျကျသတ်မှတ်ထားပြီးဖြစ်သည်။ ဒီပုံ၅ပုံက အကောင်းဆုံးပုံတွေဖြစ်ဖို့ ဘယ်လို effect မျိုးသုံးရမည်ကို ဓာတ်ပုံဆရာတိုင်းထက် သူပိုသိထားသည်။

Ivana က ဖြူမည်းနံရံပုံကို ရွေးချယ်မိလိုက်တော့ ဒီပုံက အထင်ကြီးစရာကောင်းပေမယ့် သိပ်ပြီး စိတ်ကူးယဉ်မဆန်ဘူးလို့ ခံစားမိလိုက်သည်။ သူမက သူငယ်ချင်းလေးဆီပြန်လာပြီး ပုခုံးတွန့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းဆုံးလုပ်ကြမယ်.."

ကျိုးယွင်ရှန့်က Ivana ရဲ့ပုခုံးတွေကို ဆုပ်ကိုင်လိုက်ပြီး သူမရဲ့ဆံပင်နီနီများကိုဖွပြီး သူတို့နှစ်ယောက်က အဝတ်လဲခန်းထဲဝင်သွားပြီး ကျိုးယွင်ရှန့်က ရိုးစင်းသည့်ဝတ်စုံနှစ်စုံကိုပဲ ရွေးလိုက်သည်။ အဖြူရောင်နဲ့ အနက်ရောင်ဝတ်စုံ၊ အတွင်းကရှပ်တွေက ဆန့်ကျင်ဘက်ဖြစ်သည်။ အဖြူရောင်ဝတ်စုံမှာ အနက်ရောင်ရှပ်နှင့် အဖြူရောင်နက်ခ်တိုင်၊ အနက်ရောင်ဝတ်စုံမှာ ရှပ်ဖြူနှင့် အနက်ရောင်နက်ခ်တိုင်ကို ရွေးချယ်လိုက်သည်။

Ivana ကတော့ ပစိဖိတ်သမုဒ္ဒရာထက်တောင် ပွင့်လင်းသောစိတ်ထားရှိသောကြောင့် ဝတ်စုံနှင့်စတိုင်လ်ရွေးဖို့ Romeo ကိုပဲပုံအပ်ထားပြီး အချိန်ကုန်အောင် PSP Game စက်လေးနဲ့ ကစားနေတော့သည်။ သူ့ပါးစပ်ကလေးက "ငါတို့အဆင်ပြေပြီလား" ဟုသာ မေးနေသည်။

တခြားတစ်ဖက်မှာတော့ Emily တို့အုပ်စုက အမြင်မတူကြပေ။ Emily က ပြင်းပြတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသောကြောင့် သူမဆုံးဖြတ်ချက်ကို သူမ partner ကို လက်ခံစေချင်သည်။ ဒါပေမယ့် တစ်ဖက်က နာခံမှုမရှိတော့ နှစ်ယောက်သား စပြီး စကားများကြတော့သည်။

ပြိုင်ပွဲဝင်တွေရဲ့ ပြင်ဆင်ထားပြီးတဲ့ အံ့မခန်းမြင်ကွင်းကို ပရိသတ်တွေမြင်နိုင်ဖို့ Bonnie က ကင်မရာသမားတွေကို ခေါ်ဆောင်လာတော့သည်။ ကျန်နှစ်ဖွဲ့ ဝတ်စားပြီးချိန်မှာ ကျိုးယွင်ရှန့်နှင့် Ivana က နံရံပန်းချီရှေ့မှာ ဓာတ်ပုံရိုက်ရန် အဆင်သင့်စောင့်နေကြလေပြီ။

ကျိုးယွင်ရှန့်က Stylist ကို Ivana ရဲ့ဆံပင်နီနီတွေကို အနက်ရောင်ဆိုးခိုင်းပြီး သူ့ဆံပင်ကို အဖြူရောင်ဆိုးခိုင်းလိုက်သည်။ သူတို့နှစ်ယောက်လုံး မိတ်ကပ်လိမ်းဖိုပ မလိုအပ်တော့ပေ။

Ivana ရဲ့မျက်နှာပုံက တိကျတဲ့ပုံစံရှိပြီး သူမရဲ့မျက်ခုံးတွေက နက်မှောင်သည်။ အပေါ်ကိုမသိမသာ မြင့်တက်သွားပြီး သူ့ပုံစံကို ပိုပြီးခက်ထန်တဲ့ပုံစံ ပေါက်စေသည်။ သူမရဲ့စရိုက်က လွတ်လပ်ပေါ့ပါးပြီး ဘာနဲ့မှ သူမကို တားဆီးပိတ်ပင်ထားလို့မရသည့် ပုံစံမျိုးဖြစ်သည်။ သူမက အနက်ရောင်ဝတ်စုံဝတ်ထားပြီး နံရံအဖြူရှေ့မှာ ရပ်နေသဖြင့် ခန့်ညားသည့်သူ့ပုံစံက လူတွေမျက်စိကျိန်းအောင် ဖြစ်နေစေသည်။

Romeo က ဝတ်စုံဖြူကိုဝတ်ထားပြီး သန့်ရှင်းတောက်ပတဲ့မျက်ဝန်းတွေက မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်နိုင်လွန်းသည်။ သူက အနက်ရောင်နံရံကိုမှီပြီး ရပ်နေသည်။ သူ့လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး ခြေနှစ်ချောင်းကို ကြက်ခြေခတ်ရပ်ထားပြီး မျက်လုံးတစ်ဝက်စင်းကာ မေးရိုးကို အနည်းငယ်ပင့်မထားပုံက သူ့ကို အေးဆေးပြီး ပေါ့ပါးတဲ့ခံစားချက်ကို ဖြစ်စေသည်။

Ivana က အဖြူရောင်နံရံမှာမှီပြီး သူ့အင်္ကျီအိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ထားပြီး ပျင်းရိတဲ့ပုံစံရှိပေမယ့် တစ်ပြိုင်တည်းမှာပဲ သူမဆီက အားကောင်းတဲ့ခံစားချက်ကိုပါ ရရှိစေသည်။

သူတို့က ဖြူမည်းနံရံတွေရှေ့မှာ ရပ်ပြီး ဓာတ်ပုံရိုက်နေပေမယ့် သူတို့နှစ်ယောက်ပေါင်းစပ်ထားတဲ့ပုံက အရမ်းကိုသန့်စင်ပြီး ခန့်ညားတဲ့ပုံပေါက်နေစေသည်။

"မင်း အမှတ်ကောင်းရအောင် လုပ်လိုက်နိုင်ပြီ.."

ဓာတ်ပုံဆရာက ကင်မရာခလုတ်ကိုနှိပ်ရင်း စိတ်လှုပ်ရှားစွာအော်လိုက်သည်။ ဒီဟာက fashion တွေရဲ့ပုံစံကို ကျော်လွန်သွားစေတဲ့ ဒီဇိုင်းအဆန်းမို့ အနည်းနဲ့အများ စိတ်လှုပ်ရှားမိသွားသည်။

TV ရှေ့က ပရိသတ်တွေက ဒီနှစ်ယောက်ကို ချစ်ခင်စွာ စောင့်ကြည့်လို့နေသည်။ ဒါက Romeo ဓာတ်ပုံရိုက်တဲ့အချိန်ကို ပထမဆုံးတွေ့ဖူးတာဖြစ်သည်။ သူက ဓာတ်ပုံဆရာတစ်ပုံရိုက်ပြီးတိုင်း ခဏပဲစဉ်းစားပြီး နောက်ပို့စ်တစ်ခုကို ပေးလိုက်သည်။ ဒါက သူ့ပင်ကိုဖြစ်နေသလို သက်တောင့်သက်သာရှိလွန်းလှသည်။

သူတို့နှစ်ယောက် တဖြည်းဖြည်းချင်းကပ်ပြီး မတ်တပ်ရပ်လိုက်ကြသည်။ တစ်ဦးက 183 cm တစ်ဦးက 180 cm ရှိပြီး ယှဉ်ရပ်တော့ နှစ်ယောက်ကြား အရပ်ကွာဟတာ မသိသာတော့ပေ။ သူတို့က တီးတိုးပြောလိုက်ပြီး Ivana က Romeo ရဲ့ပုခုံးကို လှမ်းဖက်လိုက်ပြီး တောက်ပတဲ့အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ Romeo က သူ့ရဲ့ကြည်လင်တောက်ပတဲ့ မျက်ဝန်းပြာလေးကို စိတ်လှုပ်ရှားနေတဲ့ပုံလေး ဖော်ပြလိုက်သည်။

သူတို့နှစ်ယောက်ပုံစံက နွေးထွေးခြင်းနှင့် ငြိမ်သက်ခြင်း၊ နေနှင့်လကဲ့သို့၊ အဖြူနှင့်အမည်း၊ ယင်နှင့်ယန်လို ခွဲခြားလို့မရသည့်အရာလို ထင်ရသည်။

"လုံးဝလိုက်ဖက်ညီတယ်.. ငါတွေ့ဖူးသမျှထဲမှာ အပေးအယူမျှပြီး လုံးဝလိုက်ဖက်ညီတဲ့ ပါတနာတွေပဲ.. ငါ ဒီဟာကို အရမ်းသဘောကျတယ်.."

ဓာတ်ပုံဆရာက ရိုက်နေရင်း အကျယ်ကြီးအော်ဟစ်လိုက်မိသည်။

သူတို့က သဘာဝကျကျ နောက်ပို့စ်တစ်ခုကို ပြောင်းလိုက်တိုင်း ဓာတ်ပုံဆရာက ချက်ချင်းရိုက်ကူးလိုက်သဖြင့် ၅ ပုံရိုက်တာ တစ်မိနစ်တောင်မကြာခင် ပြီးဆုံးသွားခဲ့သည်။

"Gustav က သူ့ကိုဘာကြောင့် ဒီလောက်သဘောကျတယ်ဆိုတာ ငါသိသွားပြီ.. ဒီကောင်လေးက ကင်မရာအရမ်းစားတယ်ဆိုတာ သူသိနေလို့ပဲ.. သူက ဘယ်လိုရှုထောင့်လေးမှာပဲရှိနေပါစေ.. ကင်မရာက ဒီကောင်လေးကို သိပ်ချစ်နေသလို အကောင်းဆုံးပုံတွေချည်း ထွက်စေတယ်.. သူ့ကို ငါ ဓာတ်ပုံရိုက်နေတဲ့အချိန်အတွင်း ငါ့သွေးတွေပွက်ပွက်ဆူလာပြီး ရပ်ကိုမရပ်ချင်တော့ဘူး.. ဒီကောင်လေးကို ငါ့ရဲ့ပင်တိုင် model ထားဖို့ သွားဖိတ်ခေါ်ရမယ်.. Gustav သူ့ကိုခေါ်သွားမှာ ငါ ခွင့်မပြုနိုင်ဘူး.."

ဓာတ်ပုံဆရာက ကင်မရာသမားဘက်လှည့်ပြီး သူလေးစားမိတဲ့အကြောင်းကို ဖွင့်ဟဝန်ခံလိုက်သည်။ သူက ခလုတ်တစ်ချက်နှိပ်လိုက်ပြီး သူရိုက်ထားတဲ့ ၅ပုံကို Projector ပေါ်တင်ပြီး ပရိသတ်တွေအားလုံးတွေ့အောင် ဖွင့်ပြပေးလိုက်သည်။

အဖြူနဲ့အမည်း၊ ကြမ်းတမ်းခြင်းနဲ့ နူးညံ့ခြင်း၊ ရေခဲနဲ့ မီးလျှံ။

စိတ်လှုပ်ရှားစရာ ပေါင်းစပ်ထားတဲ့ပုံက ပရိသတ်အာရုံကို ချက်ချင်းဖမ်းစားသွားတော့သည်။

ပြီးတော့ ဒီဓာတ်ပုံဆရာက Gustav ထက်တောင် ဓာတ်ပုံလောကမှာ ဂုဏ်သိက္ခာပိုကြီးသေးသည်။ သူက Gustav အနေနဲ့ ဒီကောင်လေးကို သူ့စိတ်ကူးဉာဏ်ကို လှုံ့ဆော်ပေးနိုင်သူဖြစ်လို့ Romeo ကိုစွဲလန်းသည်ကို နားလည်သဘောပေါက်လိုက်သည်။

သူ့ရဲ့ထင်မြင်ချက်ကို ပရိသတ်ကိုပြောလိုက်ခြင်းက Romeo ကိုဖယ်ရှားလိုက်ဖို့ တောင်းဆိုခဲ့ကြသည့် Gustav ရဲ့ fan တွေကို ပိုမိုရှက်ရွံ့ခံစားသွားစေသည်။

ဒယ်ဒီ ကိုယ်ထင်ပြပြီ။ (Zawgyi+Unicode)


အို.....ဘုရားရေ..... ငါတို့ အမှားကြီးတစ်ခု ကျူးလွန်မိခဲ့ပြီ။ ငါတို့ idol ရဲ့  စိတ်ကူးစိတ်သန်း အသစ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ လူကို ငါတို့ ဆုံးရှုံးစေခဲ့ပြီ။  သူ ဘယ်တော့မှ ဓာတ်ပုံမရိုက်တော့တာလည်း ဖြစ်စနိုင်တယ်။ ငါ ကြောက်လိုက်တာ။ !

fan တစ် ဦး က သူ့ ဆံပင်ကိုဆုပ်ကိုင်ရင်း တီဗွီရှေ့မှာ ငိုနေခဲ့သည်။

သူမကဲ့သို့    စိုးရိမ်နေသောလူများရှိခဲ့သည်။ Romeo သည် သူ၏ကျွမ်းကျင်မှုကို သုံး၍ သူ လိမ်သည်ဟုထင်နေသော လူများအား ပါးရိုက်ခဲ့ခြင်းဖြစ်သည်။ ဓါတ်ပုံ ၃၀ ရိုက်ဖို့ မလိုပါဘူး။ သူ့အတွက် ပုံ ငါးပုံသာ လိုအပ်ခဲ့သည်၊ အကယ်တမ်းပြောရရင် သူက အခြားပြိုင်ပွဲဝင်များကို ထိန်းထားဖို့ ပုံ 1 ပုံတည်း လိုအပ်ခဲ့သည်။


ပရိသတ်များက Romeo ၏ဓာတ်ပုံတိုင်းက  TOP1 ဖြစ်ထိုက်သည်ဟု မြင်ကြသည်။ သူ ဓါတ်ပုံ ရိုက်သည့်အခါတိုင်း တစ်ခါတည်း အနိုင်ရလောက်တဲ့အထိ သူ့က ထူးချွန်လွန်းလှသည်။

သူတို့နှစ် ဦး ၏ အံ့သြဖွယ် စွမ်းဆောင်ရည်များက အခြားအုပ်စုနှစ်စုကို ဖိအားဖြစ်စေခဲ့သည်။ သူတို့က သူတို့ရွေးချယ်မှုများအပေါ် သံသယဝင်လာကြသည်၊ အဝတ်အစားလဲရန် သို့မဟုတ် စတိုင်ပြောင်းဖို့  အချိန်မရှိတော့သဖြင့် ဒီအတိုင်း ဆက်ရိုက်လိုက်ရတော့သည်။ ဒါကြောင့် သူတို့ မျက်နှာတွေက တင်းကြပ်နေတဲ့အတွက် ဓာတ်ပုံဆရာက မကြာခဏ ဒေါသထွက်ပြီး သူတို့ရဲ့ ကိုယ်ဟန်အနေအထား ကိုပြန်ပြင်ပေး နေရပြီး မီးရောင်က ဘယ်ဘက်မှ ထိုးထားတယ်၊ ဘယ်ပိုင်းကို အာရုံစိုက်သင့်တယ်ဆိုတာ မကြာခဏ သတိပေးနေရသည်။


"ဘုရားရေ.... သူတို့ကို ဓါတ်ပုံရိုက်ပေးနေရတာနဲ့  Romeo ကို ရိုက်ပေးရတာက  မိုးကောင်းကင်နှင့်မြေကြီးလိုကို ကွားခြားတာကိုး။  Gustav၊ သနားစရာ Gustav.... သူသည် သူတို့ကို ဓါတ်ပုံရိုက်ပေးနေတုန်း အမြဲ စိုက်ကြည့်နေတာ အံ့သြစရာမဟုတ်တော့ဘူး။"

ဓာတ်ပုံဆရာက ဆူညံစွာအော်ဟစ်ရင်း ဓါတ်ပုံရိုက်ပေးနေသောကြောင့် တီဗွီရှေ့မှာရှိတဲ့ ပရိသတ်တွေက Gustav ရဲ့ ခံစားချက်ကို ထပ်မံနားလည် သဘောပေါက်လာသည်။ သူတို့ကအခြားပြိုင်ပွဲဝင်များနှင့်  Romeo အကြား  ဘယ်လောက်ကွာခြားတယ်ဆိုတာ ပိုမို နားလည်လာခဲ့သည်။

Romeo ဒီနေ့အထိ ရောက်ရှိလာတာက လိမ်ညာခဲ့တယ်တဲ့လား။ တကယ့်ကို ဟာသပဲ။

နောက်ဆုံးရိုက်ကူးမှုပြီးဆုံးတော့ ပရိုဂရမ်အဖွဲ့က ချက်ချင်းဆိုသလို ဓာတ်ပုံများကို အွန်လိုင်းတွင်တင်ခဲ့သည်။ အရင်တုန်းက သူတို့က အကောင်းဆုံးကိုရွေးခဲ့ကြပေမယ့် မျှတမှုနဲ့ပွင့်လင်းမြင်သာမှုကို ပြသဖို့အတွက် ဓာတ်ပုံအားလုံးတင်လိုက်သည်။

Romeo နှင့် Ivana တွင် သနားစရာ ဓါတ်ပုံ ငါး ပုံသာ ရှိပြီိးကျန်အုပ်စုနှစ်စုက ပုံ 30 စီ ရှိကြသည်။ သို့သော် ဒီတစ်ကြိမ်က အရေအတွက် မဟုတ်ဘဲ အရည်အသွေးကိုသာ အကဲဖြတ်ကြသဖြင့် ပရိသတ်အားလုံးက  Romeo နှင့် Ivana တို့၏ဓါတ်ပုံများရှေ့တွင်  ဒူးထောက်ကာ ကိုးကွယ်မတတ်ပြုမှုနေကြသော်လည်း  အခြားအုပ်စုနှစ်စု ၏ ဓါတ်ပုံများက မထီမဲ့မြင်ပြုခြင်းကိုသာ ခံနေရသည်။


TOP1 သည် Romeo နှင့် Ivana တို့၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။  ကျန်အဖွဲ့နှစ်ခုက  ပရတ်သတ်မျက်လုံးထဲ ပျောက်ကွယ်နေပြီး အရှက်တကွဲဖြစ်နေရသည်။ Romeo ၏ ဓါတ်ပုံကို 5 ပုံသာ ရိုက်ဖို့ ဒါရိုက်တာအဖွဲ့ ဆုံးဖြတ်ချလိုက်တာ မကောင်းဘူးလို့ သူတို့တွေးခဲ့ပေမယ့် အခုတော့ သူတို့ပိုအရှက်ကွဲနေကြသည်။  ယခုသူတို့သည် Romeo ကိုတောင်းပန်ရန်စဉ်းစားနေကြသည်။ အနည်းဆုံးတော့ Romeo ပုံမှန်လို ပုံ 30 ပြန်ရိက်ခွင့်ရသွားရင် သူတို့အရှုံးက ဒီလောက်ရှက်စရာ မကောင်းတော့ပေ။

" မမျှတဘူးဆိုလည်း ကျွန်မ ဂရုမစိုက်ပါဘူး။ ပုံ  ၅ ပုံပဲ ရိုက်ခွင့်ရမယ်ဆိုတော့ ကံဆိုးပြီး တပုံမှာ ချို့ယွင်းချက်ပါသွားရင် ပေးရမယ့် တန်ဖိုးက ပိုကြီးတယ်။ လူတိုင်းက စင်းလုံးချောတော့ မဟုတ်ကြဘူးလေ။ သူလည်း ကံမကောင်းတဲ့နေ့လည်း ရှိနိုင်တာပဲ။ ခုလို လုပ်တာ ပိုကောင်းတယ်လို့ မြင်တယ်။"  

အမ်မလီ၏စကားများက လူတိုင်း၏အတွေးအခေါ်များကို ပြောင်းလဲစေသော်လည်း ပရိတ်သတ်၏ အမုန်းကို ပိုများအောင် လုပ်ပေးနေသလိုဖြစ်နေသည်။

အပေါစား မိန်းမ။ မင်းလည်း အဖယ်မခံရတော့ဘူးတဲ့လား။


လူတိုင်းက သူမကို ဖယ်ရှားပစ်ဖို့ ဆူညံစွာတောင်းဆိုနေကြသည်။

ဒီ post က Emily ရဲ့ ဆိုးယုတ်တဲ့ နှလုံးသားကို  လုံလောက်အောင် ဖော်ပြနိုင်ခဲ့သည်။ ဒါပေမယ့်    သူမလို အတ္တသမားအချို့ ဆီကနေ သူမက အရမ်းလက်တွေ့ကျသည် ဆိုပြီး သူမကို ထောက်ခံပါတယ် ဆိုပြီး  ချီးမွမ်းခြင်းကို လည်း  လက်ခံရရှိခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ Emily ရဲ့ ပါတနာ ယောက်ျားလေး ပြိုင်ပွဲဝင်က  ဖယ်ရှားခံလိုက်ရသည်။ Emily က ဒိုင်တွေရဲ့ အဆိပ်ပြင်းတဲ့ ဝေဖန်မှုကို ခံဖို့ တန်ဆာခံအဖြစ် သူ့ တွဲဖက်ကို တွန်းထုတ်လိုက်တာ ဖြစ်သည်။
သူ ထွက်သွားတဲ့အခါ သူက အားလုံးကို ပွေ့ဖက်နူတ်ဆက်ခဲ့ပေမယ့်  အမ်မလီကိုငြင်းပယ်ခဲ့သည်။ ဒီလိုလုပ်တာက သူမကို မျက်နှာ နီရဲလာသည့် အထိ အရှက်တကွဲဖြစ်စေခဲ့သည်။

မှတ်တမ်းတင် ရိုက်ကူးခြင်းနှင့်  တိုက်ရိုက်ထုတ်လွှင့်ခြင်းကို လုပ်ဆောင်ကြပေမယ့် အခု လက်ရှိပြိုင်သွားသည့် အပိုင်းတွင် ပြိုင်ပွဲဝင်များ၏ နေ့စဉ် ဘဝအဖြစ်ပျက်များ မပါခဲ့ပေ။
သို့သော် နောက်ဆုံးထုတ်လွှင့်ခြင်းမပြုမီ တစ်ပတ်အလိုတွင်  ထင်ရှားသည့်ဇာတ်လမ်းတွဲအဖြစ် တည်းဖြတ်ပြီး ထုတ်လွှင့်မည် ဖြစ်သည်။ ဒါကြောင့်ဒီပွဲရဲ့အဆုံးသတ်ဖို့  ၃ ပတ် အစား 4 ပတ် ပြောင်းလိုက်သောကြောင့် ပြိုင်ပွဲဝင်များက အနားယူချိန် တစ်ပတ်ပိုရသွားခဲ့သည်။

"ကလေးတွေ...ကိုယ် ဘယ်သူတွေကို ခေါ်လာသလဲ ကြည့်လိုက်ဦး  "

 Bonnie ကလက်ခုပ်တီးပြီးပြောလိုက်ချိန်မှာ လူတချို့ က တံခါးဝကိုဖြတ်ပြီး ဝင်လာကြသည်။  Ivana က  အော်ဟစ်လိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဆီပြေးဝင်ဖက်ထားလိုက်သည်။ ထိုအမျိုးသမီးက သူမ၏မိခင်ဖြစ်သည်။ Romeo နှင့် Emily မှအပ အခြားပြိုင်ပွဲဝင်နှစ်ဦးလည်း သူတို့ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံကြသည်။

Emily က သက်ပြင်းချလိုက်သည်။ သူမ အမေကို မတွေ့မြင်ချင်ပေ။  သူမ အမေကို တွေ့လိုက်ရလျှင် သူမ ဒေါသကို မထိန်းချုပ်နိုင်ပဲ ပန်းအိုးတစ်လုံးကို ယူပြီး သူမအမေရဲ့ ခေါင်းပေါ်လောင်းချမိမှာကို စိုးရိမ်နေမိသည်။

ကျိုးယွင်ရှန့်က  Romeo ၏ အဒေါ်မလာနိုင်ကြောင်း ဟိုးကြာမြင့်စွာကတည်းက သိခဲ့သည်။ သူတို့တွေကို Romeo ရဲ့ မိဘတွေထားရစ်ခဲ့သည့် အမွေအနှစ်ကိုသိမ်းယူခဲ့သည့် သက်သေအထောက်အထားများကိုတွေ့ရှိခဲ့ပြီး နာမည်ဝှက်ဖြင့် ရဲကို တိုင်ထားသောကြောင့် ထိုမိန်းမ အခု ထောင်ထဲရောက်နေပြီဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။

သူဟာ ထောင့်တစ်နေရာသို့ တစ်ယောက်တည်းလျှောက်သွားပြီး သူ့လက်ကောက်ဝတ်က  AI ကိုကြည့်လိုက်သည်။ သူကို ထုတ်ပယ်ဖို့ တောင်းဆိုသော အင်တာနက်အသုံးပြုသူများကို ဘဏ်စာရင်းများ လိမ်လည်ကြောင်း သက်သေများ ပို့ပြီး ထိုလူတွေကို စည်းစိမ်ပြုတ်အောင် နှင့်ရွှံ့ထဲသို့နစ်မြှုပ်ရန် လုံလောက်ပြီဆိုတာ သိသည်။ သို့သော် သူက အခြားယောက်ျားတစ် ဦး က မူးယစ်ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် ICU  တွင်ရောက်နေကြောင်း သိရတော့ အံ့အားသင့်ခဲ့ရသည်။ သတင်းများအရ ဆရာဝန်က သူ၏သွေးထဲတွင် အိပ်ခ်ျအိုင်ဗွီပိုးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 အခြေအနေတွေက ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ ။

သူ့စိတ်တွေက Gustav၏နူးညံ့သိမ်မွေ့ပြီး  နှိမ့်ချသော မျက်နှာသို့ ချက်ချင်း မြင်ယောင်လာမိသည်။  ထိုသူက နွေးထွေးသောပုံရှိသော်လည်း သူ့ဆီမှာ ရက်စက်သောစိတ်ဓာတ်လည်းရှိနေသည်။ ကျိုးယွင်ရှန့်က ညင်ညင်သာသာရယ်ပြီး သူလက်က send ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပြီး ရေနစ်သူကို ဝါးကူလို့ ဟိုးနက်နက်ကိုရောက်အောင် ကူညီထိုးနှက် လိုက်သည်။ ဒါက သူ့အတွက် အပို ပျော်စရာလုပ်ရပ်လေးပဲ မဟုတ်လား။

"Romeo  မင်း အိုကေရဲ့လား ကလေးရေ..."

လူငယ်လေးကထောင့်မှာပုန်းနေပြီး သူ့နာရီကို ငုံ့ကြည့်နေတာ တွေ့တော့   Bonnie က ပြိုင်ပွဲဝင်တွေ သူတို့ မိဘတွေနဲ့စကားပြောနေတာကို ကြည့်နေရာမှ သူ့ရဲ့ အထီးကျန်နေတဲ့ ကျောပြင်လေးကို လှမ်းကြည့်ပြီး မေးလိုက်သည်။


"ကောင်းပါတယ်။"

ကျိုးယွင်ရှန့် မျှော်ကြည့်ရင်းပြုံးလိုက်သည်။

"အချစ်လေးရေ...မင်းရဲ့အဒေါ်က မင်းကိုတွေ့ချင်ပေမယ့် သူက အလုပ်များလွန်းနေတယ်။ မင်းကို သူဂရုစိုက်ပါတယ်၊ မင်းကိုလည်း လွမ်းနေတယ်တဲ့"

Bonnie က  ဆယ်ကျော်သက်ကလေးကို အမှန်တရားကို မပြောပြခဲ့ပါ၊ ဒီအချက်က သူ့ပြိုင်ပွဲ အပေါ်အကျိုးသက်ရောက်မည်ကို စိုးရိမ်ခဲ့သည်။

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်။"

ကျိုးယွင်ရှန့် ခေါင်းညိတ်ပြီး Bonnie ၏ ဂရုစိုက် စောင့်ရှောက်မှုအတွက်ကျေးဇူးတင်သွားခဲ့သည်။

ပြိုင်ပွဲဝင်များသည် သူတို့၏မိသားစုများနှင့်အတူ ထွက်ခွာသွားကြပြီး လွတ်လပ်သည့် နေရာရှိ စားသောက်ဆိုင်တစ်ခုတွင် အစာကောင်းစားရန် ပြင်ဆင်နေကြသည်။  အပေးအယူအနေဖြင့် ပြိုင်ပွဲဝင်များက သူတို့မိသားစုနှင့် မြင်ကွင်းကို ရိုက်ကူးထုတ်လွှင့်ရန် ဒီအစီစဉ်အဖွဲ့ကို ခွင့်ပြုပေးခဲ့ရသည်။

Ivana ဟာ Romeo ကို ဖိတ်ခေါ်ချင်ပေမယ့် Bonnie က သူနဲ့ ညစာစားရန် ချိန်းပြီးပြီဆိုတော့ သူမ  စိတ်ချစွာ ထွက်သွားခဲ့သည်။

အိမ်ရှင်အနေဖြင့် Bonnie က မိဘာလာမတွေ့နိုင်တဲ့ ပြိုင်ပွဲဝင် နှစ် ဦး ကို ဂရုစိုက်ရန်တာဝန်ရှိသည်။ သူမက ပြင်သစ်စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ပြီး ဇိမ်ခံကာ ညစာစားနေစဉ်အတွင်း သူတို့၏အတွေ့အကြုံနှင့် ပတ်သက်၍  စကားပြောခဲ့သည်။

ကျိုးယွင်ရှန့်  နှင့် Emily တို့က ပြန်လည်သင့်မြတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာကြောင့် နှစ်ဦးလုံး ဟန်ဆောင်ရင်းနှီးမှုကို လုပ်မနေကြတော့ပေ။

 ကင်မရာသမားက  သူနှစ် ဦး ၏ ထိပ်တိုက်ရင်ဆိုင်နေသည့်ပုံကို ရိုက်ယူပြီးထွက်သွားခဲ့သည်။ Emily က အထင်သေး ရှုံ့ချဟန်လုပ်နေပြီး Romeo က အေးဆေးငြိမ်သက်စွာဖြင့် ညစာစားနေသည်။

"Romeo ။ အရင်က မင်းကိုပြစ်မှားခဲ့တဲ့လူတွေပေါ်ကို မင်း စိတ်ဆိုးနေတုန်းပဲလား?"

Bonnie သွေးတိုးစမ်းတဲ့ သဘောနဲ့ မေးခဲ့သည်။

ဒီလို အသေးအဖွဲအရာက ကျိုးယွင်ရှန့်ရဲ့နှလုံးသားထဲမှာ မရှိတော့ပေ။ Gustav က သူ့အပေါ် ပြင်းထန်တဲ့ စိတ်ခံစားချက်တွေရှိတာကို သူ သိသည်။ သူ့ကို လက်မခံနိုင်သော်လည်း သူ့ကို မုန်းလိမ့်မည်မဟုတ်ပေ။  ချစ်ခြင်းမေတ္တာသည် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးအရာဖြစ်သည်။ တစ်ဖက်လူပေးတဲ့ ချစ်ခြင်းမေတ္တာသည် ကိုယ်လိုချင်တဲ့ အရာမဟုတ်ရင်တောင်မှ ကိုယ်က အဲ့ဒါကို သေသပ်စွာ ယဉ်ယဉ်ကျေးကျေးငြင်းပယ်လို့ရပါသည်။    ရွံရှာဖွယ်ကောင်းသော နည်းလမ်းများကို အသုံးပြုရန်မလိုဘူးဟု ထင်သည်။

"မဟုတ်ဘူး၊ စိတ်မဆိုးပါဘူး။ ပြောင်းပြန်ပဲ ကျွန်တော် Mr. Acheson ကိုကျေးဇူးတင်ပါတယ်။ "

သူကဖြည်းဖြည်းချင်းခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

Emily၏ မျက်လုံးများမှေးမှိန်သွားသည်။ သူမက Romeo ကို ပေးသည့် ပြစ်ဒဏ်သည် Mr. Acheson နှင့်ပတ်သတ်ကြောင်း သူမက ကောက်ချက် ချခဲ့သည်၊ သို့သော်မည်သည့်အတွက် ခုလို အထူးတလည် လုပ်ပြီး ပြောနေရသလဲဆိုတာ သူမ နားမလည်တော့ပေ။

သူမက ဒီတပတ် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုကနေ တဆင့် ပရိတ်သတ်၏ အာရုံကို အပိုင်သိမ်းချင်နေသည်။  သို့သော် သူက Bonnie ဘက်တွင် ရှိနေခဲ့ပြီး သူမဆီမှာ အခွင့်အရေးမရှိခဲ့ပါ။ သူမပြန်လာသည့်အခါ အခြားပြိုင်ပွဲဝင်များကိုမေးမြန်းမှထင်သည်။ ထိုသူတွေရဲ့ မိသားစုဝင်တွေကတော့ ဒီအကြောင်းကို ကောင်းကောင်းသိလောက်သည်။

သူမသည်  သတိလက်လွှတ်ဖြင့် သူမ၏ အမဲသားပြားကင်ကို အငြိုးနှင့် ဖြတ်တောက်ရင်း တဖက်က ကောင်လေးကို ရန်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးယွင်ရှန့် က စားပွဲထိုးအမျိုးသမီးကို ဝိုင်ပုလင်းတစ်ပုလင်းမှာလိုက်ပြီး   Bonnie ကို ခွင့်ပြုပေးဖို့ သူ့ရဲ့ မျက်လုံးကြီးတွေကို သုံးပြီး ခွင့်တောင်းလိုက်သည်။

"Bonnie၊ ကျွန်တော် ဝိုင်နီ နည်းနည်းသောက်လို့ရမလား။   ကင်မရာသမားက သွားပြီ။ ဘယ်သူမှ မသိဘူး"

Bonnie အနည်းငယ် ရှက်သွားခဲ့သည်။ ကောင်လေးက 18 နှစ်ပြည့်တာ သုံးလပဲရှိသေးတယ်၊ သူ မသောက်သင့်ဘူး၊ ဒါပေမယ့် သူမက  ၁၅ နှစ်အရွယ်မှာကတည်းက သောက်ဖို့ ခိုးထွက်ပြီးသားဖြစ်လို့ ကောင်လေးကို ခွင့်ပြုလိုက်သည်။

သူမသည်ဖြည်းဖြည်းခြင်း စပျစ်ဝိုင်ပုလင်းဆီသို့ လက်လှမ်းလိုက်ပေမယ့်  ကြီးမားသောလက်တစ်လက်သည် Romeo ၏ခေါင်းပေါ်မှကျော်ပြီး ဝိုင်ကိုယူသွားခဲ့သည်။ ထိုလက်ပိုင်ရှင်က ဆူလိုက်သည်။

" No .... သူ နို့ကိုပဲ သောက်လို့ရမယ်။ "

Emily ရဲ့သွေးတွေ ချက်ချင်း ပွက်ပွက်ဆူသွားသည်။ နောက်ဆုံးမှာတော့ သူမရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သူ Mr. Acheson ကို ထပ်တွေ့ခွင့်ရလိုက်ပြီ။
====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now