FOD Extra 2 _ Chapter (2) - Yu Cang Hai

5.4K 450 0
                                    

FOD Extra 2 _ Chapter (2) - Yu Cang Hai

အရပ်ရှည်ရှည်နဲ့ သန်မာတဲ့လူတစ်ယောက်ကကျိုးယွင်ရှန့်ကို နောက်ကျောမှာပိုးပြီး တောအုပ်ထဲကို ဖြတ်ပြေးလာခဲ့တယ်။ ကျန်တဲ့လူတွေကတော့သူ့ဘေးနားကနေ စောင့်ရှောက်ပြီး လိုက်ပါလာကြတယ်။ မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင်ထဲမှာမြက်ခင်းပြင်ကိုဖြတ်ပြေးတဲ့ သူတို့ရဲ့ ခြေသံပြင်းပြင်းနဲ့ အသက်ရှူသံပြင်းပြင်းတွေဟာစိတ်ပျက်စရာကောင်းလောက်အောင် ပဲ့တင်ထပ်ပြီး လွင့်ပျံနေတယ်။

008 ရဲ့ စွမ်းအင်ကနေ သူ့ရဲ့သွေးကြောတွေထဲကိုပူနွေးတဲ့စီးကြောင်းတစ်ခု စီးဝင်လာခဲ့ပြီး ကျိုးယွင်ရှန့်ရဲ့ အဆိပ်သင့်ခန္ဓာကိုယ်ကိုကုစားပေးခဲ့တယ်။ ဒီအပူစီးကြောင်း စီးဝင်လာတဲ့အချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်တွေဟာသက်သာသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့နေတဲ့ နာကျင်မှုတွေဟာလည်း တဖြည်းဖြည်းချင်းသက်သာသွားခဲ့တယ်။ သူ့ရဲ့ဘေးနားပတ်လည်မှာရှိတဲ့ သူနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့ မျက်နှာတွေကိုမြင်လိုက်တဲ့အခါမှာတော့ ကျိုးယွင်ရှန့်ရဲ့ ဦးနှောက်ထဲက မေ့ဖျောက်လို့မရတဲ့ မှတ်ဥာဏ်တွေအလုအယက်ဝင်လာခဲ့ပြီး ဒီကမ္ဘာပေါ်မှာ သူရှိနေတဲ့ဇာတ်ကြောင်းတွေအားလုံးကို အမြန်ဆုံး သိရှိလိုက်တယ်။

ကျင့်ကြံခြင်းကျမ်း၊ နောက်ဆုံးအသက်ရှင်ကျန်ရစ်မယ့်သူ၊မုလွေ့လင်၊ ကျန်းချန်ရန်...။ ဒီမှတ်ဥာဏ်တွေက သူ့ရဲ့စိတ်ထဲမှာ အနက်ရှိုင်းဆုံး၊ အနာကျင်ဆုံးနဲ့မေ့ဖျောက်လို့မရအောင်ဘဲ စွဲကျန်နေရစ်ခဲ့တယ်။

အပူစီးကြောင်း ပျောက်ကွယ်သွားတဲ့အခါမှာတော့နာကျင်မှုတွေက သူ့ရဲ့ခေါင်းထဲကို စူနာမီလှိုင်းများလို ထပ်တလဲလဲ ရိုက်ခတ်လာခဲ့တယ်။ အခုချိန်မှာသူက အသက်ရှူဖို့တောင် ခက်ခဲနေခဲ့ပေမယ့် လတ်တလော သူ ဘယ်နေရာကို ရောက်ရှိနေလဲဆိုတာကိုတော့ချက်ချင်းပဲ သိသွားခဲ့တယ်။

သူရောက်လာခဲ့တာ အရမ်းကို နောက်ကျသွားခဲ့ပြီ။သူ့ရဲ့ သူတော်စင်ဂိုဏ်းက ဂိုဏ်းသားတွေ၊ သူ့ရဲ့ညီအစ်ကိုတွေ အားလုံးဟာ မကြာခင်မှာ အမှန်တရားရဲ့ဘက်တော်သားလို့ခေါ်တဲ့ပြည်မလွင်ပြင်က လူတွေရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရတော့မယ်။ သူတို့ ဘယ်တော့မှ သူတို့ဂိုဏ်းဆီကို ပြန်မရောက်နိုင်တော့ဘူး။

ဒီလိုနာကျင်တဲ့အတွေးတွေကြောင့် သူ့ရဲ့ခန္ဓာကိုယ်ထဲကသွေးတွေဟာပွက်ပွက်ဆူလာခဲ့ပြီး သူ့ရဲ့လည်ချောင်းထဲမှာ ချိုမြိန်တဲ့ သွေးအရသာကို ခံစားလိုက်ရတယ်။တကယ်လို့သာ သူလုပ်ရမယ့် အလုပ်တွေ မပြီးခဲ့ဘူးဆိုရင်၊ ရှေ့မှာရှိတဲ့ ထောင်ချောက်တွေကိုသာသူမသိခဲ့ဘူးဆိုရင် သူတို့တွေဟာ ဒီရွှံ့နွံတောတွေထဲမှာပဲ ဆက်သွားနေပြီး သူ့လူတွေကို ဘေးဒုက္ခဆင်းရဲကြီးကိုကြုံကြိုက်စေမှာပဲဖြစ်တယ်။

ဒါတွေအားလုံးဟာ သူလုပ်ခဲ့တဲ့ရလဒ်တွေဖြစ်ပြီးသူ့ကြောင့်ပဲ တစ်စုံတစ်ယောက်သောသူဖြစ်တဲ့၊ သူချစ်မိတဲ့သူတစ်ယောက်ကြောင့်ပဲ အပြစ်မဲ့တဲ့ကြီးကြီးငယ်ငယ် ဂိုဏ်းသားတွေအားလုံးကို ဒုက္ခရောက်စေခဲ့တယ်။ ဒီလိုတွေးလိုက်မိတာနဲ့ အမုန်းမီးလျှံတွေဟာရင်ထဲမှာ တောက်လောင်လာပြီး ကျိုးယွင်ရှန့်ရဲ့မျက်လုံးထဲကို မှောင်မိုက်သွားစေခဲ့တယ်။ကျိုးယွင်ရှန့်က သူ့ပါးစပ်ထဲမှာရှိတဲ့သွေးတွေကို မြိုချလိုက်ပြီး နှာခေါင်းကနေတစ်ဆင့်သက်ပြင်းကို မှုတ်ထုတ်လိုက်တယ်။

ကျန်းချန်ရန်၊ မုကျင့်ကော၊ မုလွေ့လင်..။

ပြီးတော့ ဒီသတ်ဖြတ်မှုမှာပါဝင်နေတဲ့လူအားလုံးကို ဘယ်သူ့မှ သူ အလွတ်ပေးမှာမဟုတ်ဘူး။ သူက တစ်ခုခုကိုစဉ်းစားလိုက်ပြီး သူ့ကိုသယ်ခဲ့တဲ့သူ့ရဲ့ဂိုဏ်းသားရဲ့ကျောကို ပုတ်လိုက်ပြီး ပြောလိုက်တယ်။

"အားချီ.. ငါ့ကို ချပေးဦး.."

ကျိုးယွင်ရှန့်က အခု မုလွေ့လင်ရဲ့ လက်ချုပ်အင်္ကျီကိုဝတ်ဆင်ထားတာဖြစ်တယ်။ သူက တတ်နိုင်သ မျှမြန်မြန် ဒီအင်္ကျီကို ချွတ်ပစ်ဖို့လိုတယ်။ အခုချိန်မှာလွတ်မြောက်လာခဲ့ပေမယ့် စက္ကန့်တိုင်း၊ မိနစ်တိုင်းက အရေးကြီးနေတယ်။ ဘာ့ကြောင့်လဲဆိုတော့သူက မုလွေ့လင်ကို မုန်းတာကြောင့်တော့ မဟုတ်ဘူး၊ သူက အငြှိုးအတေး အရမ်းကြီးတဲ့လူလည်းမဟုတ်ဘူး။ ဒါပေမယ့် ဒီအင်္ကျီကို ချွတ်ပစ်ရတဲ့အကြောင်းရင်းကတော့ ဒီအင်္ကျီထဲမှာ မုလွေ့လင်ကသူ့နောက်ကို ခြေရာခံလိုက်နိုင်တဲ့ တစ်စုံတစ်ခုကို စီရင်ထည့်သွင်းထား လို့ဖြစ်တယ်။ သူမကသူ သဲလွန်စမကျန်ဘဲ ထွက်ပြေးလွတ်မြောက်သွားမှာကို ကြောက်ရွံ့နေခဲ့တယ်။ ဒါ့ကြောင့် ဒီအရေးကိစ္စတွေမဖြစ်ခင်မှာ အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး သူမကိုယ်တိုင် ဒီအင်္ကျီကို လက်ချုပ်ချုပ်ပေးပြီးသဲလွန်စလိုက်ရှာနိုင်တဲ့၊ နောက်ကခြေရာခံလိုက်နိုင်တဲ့ အစီအရင်ကို လုပ်ဆောင်ထားခဲ့တယ်။တကယ်လို့ ဒီအင်္ကျီထဲမှာရှိနေတဲ့ အစီအရင်ကို မဖျက်ဆီးနိုင်ခဲ့ဘူးဆိုရင် မုလွေ့လင်က သူ့ကိုအလွယ်တကူ ရှာဖွေနိုင်လိမ့်မယ်။

အရင်ဘ၀တုန်းကလိုမျိုး လီပေါင်းတစ်သိန်းကျော်ကျယ်တဲ့ဒီချန်းလုတောင်တန်းကြီးထဲမှာ သူ ဘယ်နေရာမှာပဲ ပုန်းအောင်းနေပါစေ သူမက သူရှိတဲ့နေရာကိုအတိအကျသိပြီး အလွယ်တကူရှာ ဖွေနိုင်ခဲ့မှာပဲဖြစ်တယ်။

အခုအချိန်မှာတော့ ယွီချန်းဟိုင်က အဆိပ်မိပြီးဒဏ်ရာအပြင်းအထန်ရနေတာမှန်ပေမယ့် သူ့ရဲ့လူတွေက သူ့ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်ကဒီယွီချန်းဟိုင်ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်ရှိလာတာ  နောက်ကျတယ်ဆိုပေမယ့် ဇာတ်ကြောင်းကို လုံးဝမပြောင်းလဲနိုင်တာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ အခုချိန်မှာ ကျင့်ကြံခြင်းကျမ်းက သူ့လက်ထဲမှာ ရှိနေတုန်းပဲဖြစ်တယ်။ပြီးတော့ ပိယွင်ရွာကလူတွေနဲ့ မုမိသားစုရဲ့ သတ်ဖြတ်ခြင်းကို မခံရသေးတဲ့အပြင် အဆိပ်ကိုလည်းဖယ်ရှားနိုင်ပြီးဒဏ်ရာကိုလဲ ပြန်လည်ကုစားနိုင်သေးတယ်။ တကယ်လို့ သူ တံခါးပိတ်ကျင့်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်သူ့ရဲ့ကိုယ်ထဲကအဆိပ်တွေကို ပျောက်အောင် လုပ်ပြီး သူ့ဂိုဏ်းကို ဖျက်ဆီးတဲ့ ပြည်မလွင်ပြင်ကလူတွေ အားလုံးကို သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ ရှင်းပစ်လိုက်နိုင်မှာဖြစ်တယ်။

အားချီဟာ အရမ်းကို နာခံလွယ်တဲ့သူတစ်ယောက်ပဲဖြစ်တယ်။ အခုလောလောဆယ်မှာ သူတို့တွေ အသက်လုပြေးနေရတယ်ဆိုပေမယ့် ဂိုဏ်းချုပ်ရဲ့အမိန့်ကိုရလိုက်တဲ့အချိန်မှာတော့ သူက ပြေးနေတာကို ချက်ချင်းရပ်လိုက်တယ်။ ပြီးတော့ ဂိုဏ်းချုပ်အရှင်သခင်ကိုသန့်ရှင်းပြီး နူးညံ့တဲ့မြက်ခင်းပေါ်ကို ချပေးလိုက်တယ်။ ချက်ချင်းပဲ သူ့ရဲ့ဘေးပတ်ပတ်လည်မှာအစောင့် တစ်ဒါဇင်ကျော် ပတ်လည်ဝိုင်းပြီး စိုးရိမ်စွာနဲ့ စောင့်ကြပ်နေခဲ့တယ်။

အားချီလို့ခေါ်တဲ့ သန်မာတဲ့လူငယ်လေးကချက်ချင်းပဲ သူ့ဆရာသခင်ပြောတဲ့အတိုင်း လိုက်လုပ်ပေးခဲ့တယ်။ သူက ဂိုဏ်းချုပ်ဆရာသခင်ရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကို မထိခိုက်စေဘဲ သူ့ကိုယ်ပေါ်မှာဝတ်ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ပြီးဂရုတစိုက်နဲ့ လွှမ်းခြုံပေးခဲ့တယ်။ ဂိုဏ်းချုပ်အရှင်ဟာ အပေါ်ဝတ်ရုံမပါဘဲ အတွင်းဝတ် ၀တ်ရုံဖြူလေးကိုသာဝတ်ဆင်ထားခဲ့တာဖြစ်တယ်။ အခုချိန်က ဆောင်းဦးပေါက်ကာလကို ကျော်လွန်လာပြီဖြစ်တာကြောင့်ဒီလိုအချိန်မျိုးမှာ ဂိုဏ်းချုပ်ဆရာသခင် အအေးမိသွားမှာကို စိုးရိမ်နေခဲ့တယ်။

"မင်းတို့ရဲ့အ၀တ်တွေကို အဝေးကိုလွှင့်ပစ်လိုက်..အဲ့ဒီထဲမှာ ငါတို့ကိုခြေရာခံနိုင်တဲ့အရာတွေကို ထည့်ထားတယ်.. ငါတို့ ဒါတွေကို လွှင့်ပစ်မှဖြစ်မယ်.."

ဒါတွေကို မီးရှို့ဖျက်ဆီးဖို့ တောထဲမှာမီးနဲ့  သူတို့လဲလှယ်ဝတ်ဆင်စရာ တခြား အ၀တ်အစားတွေမရှိဘူး။ ကျိုးယွင်ရှန့်က ဖြစ်နိုင်ရင် ချက်ချင်းပဲ အ၀တ်တွေကို မီးရှို့ပစ်ချင်နေတယ်။အားချီက ချက်ချင်းပဲ သူ့ရဲ့ကုတ်ကိုချွတ်လိုက်ပြီး လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် အသက်၁၃ နှစ် ၁၄ နှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ကတော့ အဲ့ဒီကုတ်အင်္ကျီကိုကောက်ယူပြီး ပြောလိုက်တယ်။

"အစ်ကိုကြီးအားချီ.. ခင်ဗျားက ဆရာသခင်ကိုခေါ်ပြီးအဝေးကိုပြေးပါတော့.. ကျွန်တော်က ဒီအင်္ကျီကိုဝတ်ပြီး အနောက်ဘက်ပိုင်းကို ဦးတည်ပြီး မျှားခေါ်ပြီးထွက်သွားလိုက်မယ်.."

ဒီအကြံဥာဏ်ဟာဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကိုငါးစာအဖြစ်မျှားပြီး သူရဲ့ဆရာသခင် လွတ်မြောက်အောင် ကြံစည်လိုက်ခြင်းပဲဖြစ်တယ်။

အားချီက ခေါင်းကိုညိတ်လိုက်ပြီး ဂိုဏ်းချုပ်သခင်ကိုစောင့်ရှောက်မယ်လို့ သူ့ကို ကတိပေးလိုက်တယ်။ ဒါကိုတွေ့လိုက်တဲ့ ကျိုးယွင်ရှန့်က ဒေါသအရမ်းထွက်သွားပြီးသူ့ရဲ့ပါးစပ်ထဲကနေ သွေးတစ်ပွက် အန်ထုတ်လိုက်တယ်။ သူက ဆယ်ကျော်သက်ကောင်လေးကို စိုက်ကြည့်ပြီးမြေပြင်ပေါ်ကို လက်ညှိုးထိုးပြီး ပြောလိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း.. မင်းရဲ့အင်္ကျီကိုလွှင့်ပစ်လိုက်ပြီး ငါတို့နဲ့ပဲလိုက်ခဲ့.. ဘယ်သူက ဂိုဏ်းချုပ်ရဲ့အမိန့်ကို မနာခံဘဲ နေရဲလဲ..ဘယ်သူက ဂိုဏ်းစည်းကမ်းကို မလိုက်နာဘဲ နေရဲလဲ.."

ဒါပေမယ့် ဒီဂိုဏ်းကြီးကတော့ ကြာရှည်မတည်ရှိနိုင်တော့ပါဘူး။ ဘာ့ကြောင့် ဒီလူတွေက ဂိုဏ်းစည်းကမ်းကို လိုက်နာနေရဦးမှာလဲ။ဒီအတွေးဝင်လာပြီးတဲ့နောက်မှာတော့ ကျိုးယွင်ရှန့်ရဲ့ မျက်လုံးတွေဟာ နီရဲလာပြီး မျက်လုံးထဲကနေသွေးစီးကြောင်းနှစ်ခု စီးကျလာခဲ့ပြီး သူ့ရဲ့အသံဟာလည်း တိုးသွားခဲ့တယ်။ အဲ့ဒီအချိန်မှာလူတိုင်းက တိတ်ဆိတ်သွားခဲ့တယ်။

ကျိုးယွင်ရှန့်က သူ့ရဲ့နှုတ်ခမ်းမှာရှိတဲ့သွေးတွေကိုသုတ်လိုက်ပြီး ဆေးတချို့ကို မြိုချလိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ကိုယ်ထဲမှာလက်ကျန်စွမ်းအင်တချို့ရှိနေတာကို ခံစားလိုက်ရတယ်။ ပိန်ပိန်ပါးပါး ဆယ်ကျော်သက်ကောင်လေးကဂိုဏ်းချုပ်အရှင်သခင် သူ့ကို စိုက်ကြည့်နေတဲ့မျက်လုံးတွေကို မြင်သွားပြီးတဲ့နောက် သူကအံကြိတ်လိုက်ပြီး လက်ထဲကကုတ်အင်္ကျီကို အမြန်လွှင့်ပစ်ကာ ဂိုဏ်းချုပ်အနားကို လာခဲ့လိုက်တယ်။အဲ့ဒီနောက်တော့ သူတို့တွေဟာ ဒီတောင်တန်းတွေကို အလျင်အမြန် ဖြတ်သန်းပစ်ပြီး သူတို့ပုန်းကွယ်စရာကျောက်ဂူကြီးတစ်ခုကို မတွေ့မချင်း၊ သူတို့ဆရာသခင်က ရပ်နားဖို့မပြောမချင်း ဒီတစ်လလုံးလုံးသူတို့တွေ ဒီတောင်တန်းကိုဖြတ်သန်းပြီး ခရီးနှင်ခဲ့ကြတယ်။

"ဂိုဏ်းချုပ်ဆရာသခင်.. ဒီမှာ စားစရာတချို့ပါ.."

သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က သူ့ရဲ့အိတ်ထဲကနေရိက္ခာခြောက်တချို့ကိုယူပြီး ကမ်းပေးလိုက်တယ်။ လက်တလောမှာ ကျိုးယွင်ရှန့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေသိုလှောင်ထားတဲ့ ဗဟိုချက် (မရီဒန်)ဟာ အားလုံးပျက်စီးသွားခဲ့ပြီး သူ့ကိုယ်ထဲမှာရှိတဲ့စစ်မှန်တဲ့ချီတွေကလည်း ကိုယ်ထဲကနေ စိမ့်ထွက်သွားပြီး လတ်တလောမှာ အသုံးချလို့ မရတော့ဘူး။ပြီးတော့ သူ့ရဲ့ကိုယ်ခန္ဓာက အဆိပ်ခတ်ထားတဲ့ ၀ိုင်အရက်ကြောင့် အရမ်းကိုထိခိုက်ပြီး အားနည်းနေခဲ့တယ်။

အစားအသောက်စားဖို့မပြောနဲ့ သူ့ရဲ့လက်ချောင်းလေးကိုမ,ဖို့တောင်မှ အားနည်းနေခဲ့တယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်က နာကျင်တဲ့လက္ခဏာတစ်စုံတစ်ရာမှ မပြသခဲ့ဘူး။ သူက ရိက္ခာခြောက်ထုပ်တွေကို အလွယ်တကူပဲ လှမ်းယူလိုက်ပြီးလက်နှစ်ဖက်စလုံးကို ဒူးခေါင်းပေါ်မှာ တင်ထားခဲ့တယ်။ ဒီလိုလှုပ်ရှားလိုက်မှုလေးကတောင်မှသူ့ကို အသက်ရှူရကြပ်သွားအောင်ထိ ခက်ခဲသွားစေတယ်။ သူ့ရဲ့လည်ချောင်းထဲမှာ ချိုမြိန်တဲ့အရည်တချို့ပြည့်လာတဲ့အတွက် ဘယ်သူမှမရိပ်မိအောင် အဲ့ဒီသွေးတွေကို အမြန်မြိုချလိုက်တယ်။

လူတိုင်းလူတိုင်းက သူတို့ရဲ့ဂိုဏ်းကြီးပြိုကွဲသွားတဲ့အတွက် အရမ်းကို စိတ်နှလုံးညှိုးနွမ်းနေပြီး ဘယ်သူမှ စားချင်စိတ်မရှိကြဘူး။ဒါကြောင့် သူတို့တွေဟာ ရိက္ခာခြောက်တွေကို ၀တ်ကျေတန်းကျေ တစ်ကိုက်နှစ်ကိုက် စားပြီးတဲ့နောက်မှာတော့ရပ်တန့်လိုက်ကြတယ်။ သူတို့အားလုံးဟာ ငူငူငိုင်ငိုင်ဖြစ်နေရုံသာမက ဂိုဏ်းသားအတော်များများကသူတို့ဂိုဏ်းကိုဖျက်ဆီးတဲ့သူတွေအပေါ် မုန်းတီးတဲ့စိတ်တွေ ပြည့်နေခဲ့တယ်။

"တကယ်လို့ ချွီချွမ်သာ ဒီအခန်းထဲကိုဝံပုလွေကို ၀င်ခွင့်မပြုခဲ့ဘူးဆိုရင် ငါတို့ရဲ့ဂိုဏ်းကြီးက ဘယ်လိုမှ ဒီလိုကံကြမ္မာဆိုးတွေနဲ့ရင်ဆိုင်ရမှာမဟုတ်ဘူး။ တကယ်လို့ ငါသာ ဒါကိုကြိုသိခဲ့ရင် အဲ့ဒီအချိန်မှာပဲ သူ့ကို အစိတ်စိတ်အမွှာအမွှာဖြစ်အောင်ခုတ်ပိုင်းပစ်လိုက်မှာပဲ.."

ဒီစကားကိုပြောတဲ့လူက ဘယ်သူလဲဆိုတာ မသိပေမယ့်ဒီလိုပြောသံကိုကြားလိုက်တော့ ကျိုးယွင်ရှန့်ရဲ့ရင်ထဲ အရမ်းကိုပဲ လေးလံထိုင်းမှိုင်းသွားခဲ့တယ်။

ချွီချွမ်က ဂိုဏ်းချုပ်အရှင်သခင်ဖြစ်တဲ့ကျိုးယွင်ရှန့်နဲ့ အခြားသောအရေးကြီးပုဂ္ဂိုလ်တွေ တက်ရောက်တဲ့ပွဲမှာ အဆိပ်ခတ်ခဲ့တာဖြစ်တယ်။ကျိုးယွင်ရှန့်က ချွီချွမ်ကို သူ့ရဲ့ အတွင်းလက်ရုံးတပည့်အနေနဲ့ ယုံကြည်ပြီး ဂိုဏ်းရဲ့ကိစ္စတော်တော်များများကို မျက်နှာလွှဲထားတာဖြစ်တယ်။ ဟွေ့တိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ မုလွေ့လင်ကိုထားထားတဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်နေရာအပါအ၀င် ဂိုဏ်းရဲ့ကိစ္စ တော်တော်များများကိုလည်းချွီချွမ်ကို ယုံကြည်စွာနဲ့ ခိုင်းစေထားခဲ့တာဖြစ်တယ်။

မုလွေ့လင်က ဒီကမ္ဘာရဲ့ ကံကြမ္မာသမီးတော်ဖြစ်တာနဲ့အညီ သူမမှာ ထူးခြားပြီး ဆန်းပြားတဲ့ ဆွဲဆောင်အားတွေ ရှိနေခဲ့တယ်။ သူမနဲ့ အချိန်တစ်ခုထိအတူရှိခဲ့မယ်ဆိုရင် ဘယ်ယောက်ျားမဆို သူမရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားရမှာဖြစ်တယ်။ချွီချွမ်ကလည်း မုလွေ့လင်ကို လျှို့ဝှက်ပြီး စွဲလမ်းချစ်ခင်နေခဲ့တယ်။ ဒီရက်ပိုင်းမှာဆိုရင်ဂိုဏ်းချုပ်ဆရာသခင်က သူမကို ဖမ်းဆီးထားခဲ့တဲ့အတွက်ကြောင့် သူမဟာ ၀မ်းနည်းပမ်းနည်းနဲ့ငိုကြွေးနေတာကို မြင်ခဲ့တယ်။ ဒါကြောင့် ချွီချွမ်ရဲ့နှလုံးသားက ဒီကိစ္စနဲ့ပတ်သက်ပြီးမတင်မကျစိတ်တွေနဲ့ လေးလံနေခဲ့ရတယ်။ နောက်ဆုံး သူက မုလွေ့လင်ရဲ့ ဆွဲဆောင်စည်းရုံးတဲ့စကားတွေအောက်မှာ အလွယ်တကူနဲ့ ကျရှုံးသွားခဲ့ပြီး မုလွေ့လင်ခိုင်းစေတဲ့အတိုင်းပဲ အဆိပ်အမှုန့်တွေကိုဝိုင်အရက်ထဲမှာထည့်လိုက်ပြီး ဂိုဏ်းချုပ်ဆရာသခင်ကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တယ်။ ပြီးတော့ဂိုဏ်းချုပ်ကိုဖယ်ရှားပြီး သူမရဲ့စံအိမ်ကို ပြန်သွားနိုင်အောင်ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။

မမျှော်လင့်ဘဲ အဆိပ်ဆေးမှုန့်က (သွမ့်ချန်စန်းအဆိပ်ဖြစ်နေတယ်။ အဆိပ်ခတ်ထားတဲ့ ၀ိုင်တစ်ခွက်ကို သောက်ပြီးတဲ့အခါမှာတော့ဂိုဏ်းချုပ်ရဲ့ကိုယ်ထဲမှာ အဆိပ်က ချက်ချင်းအစွမ်းပြလာပြီး သွေးတစ်ပွက် အန်ထုတ်ခဲ့တယ်။ပြီးတော့ သူ့ရဲ့ ကျင့်ကြံထားတဲ့ ချီစွမ်းအင်တွေ စုစည်းထားတဲ့ ( မရီဒန်)ဟာ ပျက်စီးသွားခဲ့တယ်။ပြီးတော့ သူ့ရဲ့ချီတွေဟာလည်း ကုန်သလောက်ဖြစ်လုနီးပါး အပြင်ကို စီးထွက်သွားပြီး သူသေလုမြောပါးဖြစ်သွားခဲ့သေးတယ်။

ဒါကြောင့် ဂိုဏ်းထဲမှာရှိနေတဲ့ အကြီးအကဲတော်တော်များများကဒီကိစ္စကို စုံစမ်းလိုက်တဲ့အခါမှာတော့ မုလွေ့လင်ကို အန္တရာယ်ကြားကနေ ကယ်တင်ဖို့အတွက်ချွီချွမ်က ကိစ္စရပ်အားလုံးကို ၀န်ခံပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ သူ့ရဲ့အလောင်းအေးစက်မသွားခင်မှာဘဲ မုကျင့်ကောနဲ့ ကျန်းချန်ရန်တို့ ဦးဆောင်တဲ့ လူတွေဟာ လျှို့ဝှက်သူတော်စင်ဂိုဏ်းကြီးရဲ့တံခါးဝကို ရောက်လာခဲ့ကြတယ်။ မုလွေ့လင်နဲ့ ကျိုးယွင်ရှန့်တို့က အတူတကွ အချိန်များစွာကိုဖြတ်သန်းလာခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ကျိုးယွင်ရှန့်က သိုင်းပညာမှာ သူမတူအောင် တော်တယ်ဆိုတာကိုသူမက ကောင်းကောင်းသိနေခဲ့တယ်။ ဒါကြောင့် သူမက သိုင်းနဲ့ပတ်သက်ပြီး အရမ်းကိုကျွမ်းကျင်တဲ့သိုင်းဆရာတွေ တော်တော်များများကို စုစည်းဖို့ မှာခဲ့ရုံတင်မကဘူး၊ ပြည်မမှာရှိနေတဲ့သိုင်းပညာရှင်တွေကို လျှို့ဝှက်ကျင့်ကြံရေးဂိုဏ်းကို တိုက်ခိုက်ဖို့ ခေါ်ဆောင်လာခဲ့တယ်။ဒီလို ပြည်မကသိုင်းဆရာတွေအားလုံးကို ခေါ်ဆောင်လာခဲ့ရင်တောင်မှပဲ ကျိုးယွင်ရှန့်ကို ထိခိုက်အောင်တိုက်ခိုက်နိုင်ကြမှာမဟုတ်ဘူး။ ဒါကြောင့် မုလွေ့လင်ကနေ အားလုံးကို ကြိုတင်ကြံစည်ခဲ့တယ်။

ဒါကြောင့် ကျိုးယွင်ရှန့်ကို သေချာပေါက်သေစေဖို့အတွက် ကြိုတင်ပြီး အဆိပ်မိအောင် လုပ်ထားခဲ့တာဖြစ်တယ်။ ဒါ့အပြင် တကယ်လို့ ရှောင်လင်ဂိုဏ်းချုပ်ကြီးနဲ့သူရဲ့တပည့်ကြီး ဇီရွှမ်က မုလွေ့လင်ကို ကူညီချင်စိတ် မရှိခဲ့ဘူးဆိုရင်တော့ ဒီလိုတိုက်ခိုက်တဲ့အစီအစဉ်မှာမုလွေ့လင်တို့ဘက်က အပျက်အစီးများမှာ သေချာတယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်က အရမ်းကို အစွမ်းထက်တာကိုသိတဲ့အတွက်ကြောင့် မုလွေ့လင်က ဂိုဏ်းထဲမှာပဲ ငြိမ်ငြိမ်သက်သက်နဲ့ အခွင့်အရေးကို စောင့်နေခဲ့တယ်။နောက်ဆုံးမှာတော့ ကျိုးယွင်ရှန့်ကို အောင်မြင်စွာနဲ့ပဲ အဆိပ်ခတ်နိုင်ခဲ့တယ်။

အတိုချုပ်ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ဂိုဏ်းကိုပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ သူကိုယ်တိုင်နဲ့ မုလွေ့လင်ကြောင့်ပဲဖြစ်တယ်။ ချွီချွမ်နဲ့တော့ဘာမှမသက်ဆိုင်ဘူး။ ချွီချွမ်က မုလွေ့လင်ရဲ့  သွေးဆောင်စည်းရုံးတာကို ခံလိုက်ရတဲ့ သားကောင်တစ်ခုပဲဖြစ်တယ်။ဒီလိုတွေးမိပြီးတဲ့နောက်မှာတော့ ကျိုးယွင်ရှန့်က ပိုပို ဒေါသထွက်လာပြီး သူ့ရဲ့ဒေါသစိတ်ကိုမထိန်းနိုင်ဖြစ်လာတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူက ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ သူ့လည်ချောင်းထဲကနေသွေးတစ်ပွက် အန်ထုတ်လိုက်မိတော့တယ်။

သူဟာ အံကိုတင်းတင်းစေ့ပြီး သွေးတွေကိုမြိုချလိုက်တယ်။ ပြီးတော့ သူ့ရဲ့ကိုယ်ထဲမှာသိုလှောင်ထားတဲ့ 008ဆီကနေ သူ့ရဲ့အစွမ်းတွေကိုရွှေ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ကို သက်သာပြီးနွေးထွေးအောင် ပြုလုပ်လိုက်တယ်။ အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့သူရဲ့ခန္ဓာကိုယ်ဟာ သက်သာလာခဲ့ပြီး ကောင်းမွန်လာခဲ့တယ်။ အဲ့ဒီနောက်မှာ သူက စကားအကျယ်ကြီးပြောလိုက်တယ်။

"သွားကြစို့.. ပြည်မကလူတွေက ငါတို့တွေကိုအသက်ရှင်ဖို့ ခွင့်ပြုချင်မှာမဟုတ်ဘူး.. သူတို့က ဒီတောင်ကျောတလျှောက်လုံး လိုက်ရှာပြီးငါတို့နောက်ကိုလိုက်ပြီး သတ်ဖြတ်သုတ်သင်ကြလိမ့်မယ်.. ငါတို့မှာလည်း လူအများကြီးမရှိတော့တာကြောင့်သူတို့အတွက် သုတ်သင်ချေမှုန်းစရာ လွယ်ကူတဲ့ပစ်မှတ်တွေ ဖြစ်နေလိမ့်မယ်.. ဒါကြောင့် ငါတို့သီးခြားစီ ခွဲပြီး သွားတာ ပိုကောင်းတယ်.."

"မဖြစ်ဘူး.. တကယ်လို့ ကျွန်တော်တို့သာထွက်သွားခဲ့မယ်ဆိုရင် ဂိုဏ်းချုပ်ဆရာသခင်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ.."

အားချီက ပထမဦးဆုံး ဆန့်ကျင်တဲ့စကားကိုပြောလိုက်တယ်။ ကျန်တဲ့လူတွေကလည်း သူပြောတဲ့စကားနောက်ကို  သံယောင်လိုက်ပြီး အဲ့ဒီအတိုင်းပဲ ပြောလိုက်ကြတယ်။ဒီဂိုဏ်းချုပ်ဆရာသခင်ကို သစ္စာရှိရမယ်ဆိုတဲ့အချက်က သူတို့ရဲ့အရိုးထဲထိအောင် စွဲနေပြီးဂိုဏ်းချုပ်ဆရာသခင် အသက်ရှင်ဖို့အတွက် သူတို့အသက်တွေကို စွန့်ဖို့ ဘယ်တော့မှ  နှောင့်နှေးတုံ့ဆိုင်းခဲ့တာမျိုး မရှိခဲ့ဘူး။

"သွားကြပါ.. အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောကြနဲ့.. ငါ ဆရာသခင်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်.."

ကျိုးယွင်ရှန့်က သူတို့တွေကိုကြည့်ပြီးပြောလိုက်တယ်။ အားချီနဲ့ ကျန်တဲ့လူတွေက ခေါင်းငုံ့ပြီး တိတ်ဆိတ်သွားခဲ့တယ်။ ဂိုဏ်းချုပ်ဆရာသခင်ကသူတို့အသက်ရှင်ဖို့ သူတို့ကို တကွဲတပြားစီ လွှတ်ချင်တယ်ဆိုပေမယ့် သူတို့ကတော့ ဂိုဏ်းချုပ်ဆီကနေခွဲမသွားချင်ကြဘူး။ အဲ့လိုလုပ်မယ့်အစား သူတို့ရဲ့ဂိုဏ်းချုပ်ဆရာသခင်ကို အလယ်မှာဝန်းရံပြီးစုစုစည်းစည်းနဲ့ ကာကွယ်ပေးချင်ကြတယ်။ သူတို့တွေဟာ အိပ်တဲ့အခါမှာလည်း သူတို့ရဲ့ဆရာသခင်ကိုအ၀တ်တွေနဲ့ ထွေးပွေ့ထားပြီး  နောက်တစ်ရက်ထပ်ပြီးအသက်ရှင်နိုင်ဖို့ သူတို့ရဲ့ဆရာသခင်နဲ့အတူ ရုန်းကန်ချင်ကြတယ်။

ကျိုးယွင်ရှန့်ရဲ့ ချီစွမ်းအင်တွေကိုစုစည်းသိုလှောင်ထားတဲ့ ဗဟိုချက် မရီဒန် က ပျက်စီးသွားခဲ့ပြီး နောက်ထပ် အားနည်းနည်းလေးကိုတောင်မှထပ်မထုတ်နိုင်တော့ဘူး။ 008 ထဲမှာသိုလှောင်ထားတဲ့ စွမ်းအင်တွေက သူ့ရဲ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေတယ်ဆိုပေမယ့်ဒီဒဏ်ရာတွေကို ကုစားဖို့အတွက် အများကြီးတော့ မရှိတော့ဘူး။

ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် သူ့ရဲ့စွမ်းအင်တွေအကုန်လုံး အရမ်းခမ်းခြောက်ကာ  သေဆုံးသွားလိမ့်မယ်။အကူအညီ ကင်းမဲ့စွာနဲ့ပဲ သူ့ရဲ့ခန္ဓာကိုယ် တဖြည်းဖြည်းနဲ့ အားပြန်ပြည့်လာအောင် စောင့်ဆိုင်းဖို့ကလွဲပြီးမရှိတော့ဘူး။ ဒီလိုမျိုး သူ့ခန္ဓာကိုယ် အားပြန်ပြည့်လာဖို့ လ၀က်လောက် အချိန်ယူရလိမ့်မယ်။ဒါပေမယ့် မုလွေ့လင်က သူ့ကို အချိန်အများကြီး ပေးမှာမဟုတ်ဘူး။ သူ့ရဲ့ကုတ်အင်္ကျီမှာ အမွှေးနံ့တွေထည့်ပေးခဲ့ပေမယ့်လည်း (ကျိုးယွင်ရှန့်) ယွီချန်းဟိုင်က သူမကို သံသယ၀င်လာနိုင်တယ်ဆိုတာသူမက သိရှိခဲ့တယ်။ ဒါကြောင့် သူမရဲ့လျှို့ဝှက်ချက်တွေကို သူနဲ့အတူ တစ်ပါတည်း ပျောက်ကွယ်သွားစေဖို့ဒီတောင်ကျောတလျှောက်လုံးကို သူမရဲ့လူတွေနဲ့ ထိန်းချုပ်စေခဲ့တယ်။

နှစ်ရက်လောက်ပြေးလွှားပြီးတဲ့နောက်မှာတော့ကျိုးယွင်ရှန်နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ မုအိမ်တော်နဲ့ ပိယွင်ရွာက လူသတ်သမားတွေကို ထိပ်တိုက်တွေ့ပြီးသူတို့တွေ ကြောက်လန့်သွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီလူတွေတော်တော်များများက သူတို့ဂိုဏ်းကိုပျက်စီးပြီးအားလုံးကို သေစေချင်နေတယ်ဆိုတာကို သိသွားပြီးတဲ့နောက်မှာတော့ ကျိုးယွင်ရှန့်က သူရဲ့ကိုယ်အတွင်းပိုင်းကအားတွေကို ညှစ်ထုတ်လိုက်ပြီး ချန်လုတောင်တန်းတလျှောက် ပဲ့တင်ထပ်သွားအောင် အော်ပြောလိုက်တယ်။

"မင်းတို့က ငါ ဂိုဏ်းချုပ်သခင်ဆီကနေဘာကိုလိုချင်တာလဲ.. သတ္တိရှိတယ်ဆိုရင် မင်းတို့ ငါဂိုဏ်းချုပ်နောက်ကို လိုက်ခဲ့ကြ.."

ဒီလိုအော်ပြီးတဲ့နောက်မှာပဲ လူသတ်သမားတွေကကျန်တဲ့လူတွေကို ထားရစ်ခဲ့ပြီး သူ့နောက်ကိုပဲ စုပြုံလိုက်လာခဲ့ကြတယ်။ အားချီနဲ့ ကျန်တဲ့တပည့်တွေဟာကျိုးယွင်ရှန့်နောက်ကို လိုက်ချင်ပေမယ့် သူတို့ဆရာသခင်ရဲ့ ပြေးလွှားတဲ့နှုန်းက အရမ်းကိုမြန်ဆန်နေခဲ့တယ်။ တခဏအတွင်းမှာပဲ သူတို့ရဲ့မျက်စိရှေ့မှာတင် ဂိုဏ်းချုပ်ဟာ အစအနတောင်မမြင်ရလောက်အောင်  ပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်။နောက်ဆုံး သူတို့ချည်းပဲ သစ်တောအုပ်ထဲမှာ  ခေါင်းမပါတဲ့ယင်ကောင်တွေလိုတ၀ဲလည်လည် ကျန်ရစ်ခဲ့တယ်။

ကျိုးယွင်ရှန့်က လူသတ်သမားတွေကို ဦးဆောင်ပြီးအဝေးကို ထွက်ပြေးလာပြီးတဲ့နောက်မှာတော့ သူက ချီစွမ်းအင်တွေကို အလွန်အကျွံ သုံးလာခဲ့တဲ့အတွက်ကြောင့်မောပန်းလာခဲ့တယ်။ ပြီးတော့ ထပ်ပြီးရလာတဲ့ ဒဏ်ရာအသစ်တွေကလည်း သွေးတွေအများအပြား ယိုစီးလာခဲ့တယ်။ကျိုးယွင်ရှန့်ရဲ့ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ပါးစပ်ကနေ သွေးတွေအန်ထုတ်လိုက်တယ်။အခုချိန်မှာ သူသေဆုံးသွားမှာကို စိုးရိမ်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကျိုးယွင်ရှန့်ကသူ့ချစ်သူရှိနေတယ်ဆိုတဲ့ အရိပ်အငွေ့ကို ခံစားလိုက်ရပြီး သူ့ရဲ့မဲမှောင်နေတဲ့မျက်လုံးထဲမှာတောက်ပတဲ့အလင်းတွေ ထွက်ပေါ်လာခဲ့တယ်။

သူက သူ့ကိုဝန်းရံထားတဲ့ လူအုပ်ကြီးကိုထိုးဖောက်ပြီး သွေးတွေယိုစီးနေတဲ့ခန္ဓာကိုယ်နဲ့ သူ့ချစ်သူဆီကို အမြန်ဆုံး ပြေးဝင်လာခဲ့တယ်။သူဟာ သူ့ချစ်သူဆီကို ပြေးဝင်သွားခဲ့ပေမယ့် ဓားတစ်ချောင်းက သူ့ရဲ့နှလုံးသားကို ထိုးစိုက်လာပြီးလဲပြိုသွားခဲ့တယ်။ နောက်ဆုံး စွတ်စွတ်ဖြူနေတဲ့ သင်္ကန်းကို လွှမ်းခြုံထားတဲ့လူတစ်ယောက်ကလူတွေကိုကျော်ဖြတ်ပြီး သူ့ရဲ့ရှေ့မှာ ပေါ်ပေါက်လာခဲ့တယ်။

သူ့ရဲ့ ခန့်ညားချောမောလှတဲ့ မျက်နှာပြင်မှာဘာအရိပ်အငွေ့မှ ရှိမနေဘဲ သူ့ရဲ့မျက်လုံးတွေကလည်း အရမ်းကို နက်ရှိုင်းလွန်းနေခဲ့တယ်။သူ့ရဲ့ သွေးထွက်သံယိုခန္ဓာကိုယ်ကို မြင်နေတာတောင်မှပဲ သူ့ချစ်သူရဲ့မျက်ဝန်းထဲမှာ ဘာခံစားချက်တစ်စုံတစ်ရာကိုမှ မပြသခဲ့ဘူး။

"ကျွန်တော့်ကို ကယ်ပါ.."

ကျိုးယွင်ရှန့်က စိတ်လျှော့လိုက်တဲ့အချိန်မှာသူတော်စင် ဘုန်းကြီးရဲ့ခြေရင်းမှာ လဲပြိုကျသွားခဲ့တယ်။ ဘုန်းကြီးက  နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်အုပ်ချီကာဗုဒ္ဓဆီမှာ ဆုတောင်းလိုက်တယ်။ ဒါပေမယ့် ဘုန်းကြီးက သူ့ကိုကယ်တင်ဖို့တော့ အာရုံမရှိဘူး။

သူက အတွေ့အကြုံရဖို့အတွက် ဒီလူအုပ်ကြီးနဲ့လိုက်လာခဲ့တာဖြစ်တယ်။ သူက ပိယွင်ရွာလူကြီးရဲ့တောင်းဆိုချက်နဲ့ မကောင်းဆိုးဝါးဂိုဏ်းချုပ်ကိုပယ်ရှားဖို့အတွက် လိုက်လာခဲ့တာဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ သူ့ရဲ့ခြေရင်းကိုလဲကျလာတဲ့သူက မကောင်းဆိုးဝါးဂိုဏ်းချုပ် ယွီချန်းဟိုင်ပဲ ဖြစ်နေခဲ့တယ်။

ကျိုးယွင်ရှန့်က သူ့ကိုကြည့်လိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့ သွေးနီရောင်မျက်လုံးတွေထဲမှာ စိတ်ရှုပ်ထွေးခြင်း၊ စကားမဆိုနိုင်လောက်အောင် အံ့အားသင့်ခြင်း၊သံသယ၀င်ခြင်းနဲ့ ၀မ်းနည်းခြင်းစတဲ့ ခံစားချက်တွေ ရောပြွန်းပြီး ဖြစ်ပေါ်လာခဲ့တယ်။

သူထင်ထားခဲ့တာက သူ အကူအညီအလိုအပ်ဆုံးအချိန်မှာသူ့ချစ်သူက အမြဲတမ်း ရောက်ရှိလာလိမ့်မယ်၊ ဒုက္ခဆင်းရဲတွေနဲ့ဝေးရာကို သူ့ကို ကယ်တင်သွားလိမ့်မယ်၊အန္တရာယ်တွေကြားကနေ သူ့ကို ကယ်ဆယ်ပေးလိမ့်မယ်လို့ အမြဲတမ်း တွေးထင်ထားခဲ့တယ်။ ဒီလိုမျိုးသူသေဆုံးသွားမှာကို ဘာမှမခံစားရဘဲ သွေးအေးအေးနဲ့ စောင့်ကြည့်နေလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး။

ဒီလူနဲ့ပတ်သက်ပြီး သူခံစားရတာတွေ မှားယွင်းသွားခဲ့ပြီလားလို့ထင်မိပေမယ့် သူ့ကိုယ်ထဲမှာရှိနေတဲ့ ခိုင်မာတဲ့ခံစားချက်အရ ဒီလူဟာ သူမှီခိုအားထားရတဲ့တစ်ဦးတည်းသောလူပဲဆိုတာ ဖော်ပြနေတယ်။

အခုချိန်မှာ ဒီမှာထိုင်နေဖို့ သူ့မှာအချိန်တွေအများကြီး မရှိတာကြောင့် သူ အားတင်းပြီး ထဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့်မတ်တပ်ရပ်နိုင်ဖို့တောင် အရမ်းကို ခက်ခဲဆင်းရဲ ပင်ပန်းနေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ လူသတ်သမားတွေဟာသစ်ပင်ကြားကနေထွက်လာပြီး သူ့ကိုသတ်ဖြတ်ဖို့ ၀န်းရံလာတာကို တွေ့လိုက်ရတဲ့အခါ သူ့ရဲ့ရှေ့မှာရှိနေတဲ့ဘုန်းတော်ကြီးရဲ့ ခြေကျင်းဝတ်တွေကို ဆုပ်ကိုင်လိုက်ပြီး အံတင်းတင်းကြိတ်ထားတဲ့သွားတွေကိုဖွင့်ဟလိုက်ပြီး ပြောလိုက်တယ်။

"ကျွန်တော့်ကို ကူညီပါ.. ကျေးဇူးပြုပြီး ကယ်တင်ပေးပါ.."

တကယ့်တကယ်ဆိုရင် တောင်းပန်တယ်ဆိုတဲ့စကားလုံးဟာသူနဲ့ သူ့ချစ်သူကြားမှာ ဘယ်တော့မှ ရှိရမယ့်စကားလုံးတွေ မဟုတ်ဘူး။ သူ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုရင်သူ အသက်ဘေးက ကြုံနေရတယ်ဆိုရင် သူ့ချစ်သူက ဘာတွေပဲပေးဆပ်ရပါစေ သူ့ကို မရရ ရတဲ့နည်းနဲ့ကယ်တင်မှာဖြစ်တယ်။ ဒီလိုမျိုး သူ့ကို အေးစက်စက်မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး အေးစက်စက်တုံ့ပြန်မှာမဟုတ်ဘူး။ ဒီလိုတွေးလိုက်မိတယ်ဆိုရင်ပဲ ကျိုးယွင်ရှန့်ရဲ့ရင်ထဲမှာ ဗလောင်ဆူလာပြီးခံတွင်းထဲမှာ သွေးတွေနဲ့ပြည့်လာပြီး သူဟာ ဖျော့တော့ပြီးလဲကျ သတိလစ်သွားခဲ့တယ်။

-----------------------------------------------------

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now