FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫

3.9K 403 1
                                    

FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫

ဒီရက်ပိုင်းအတွင်းမှာ ဇီရွှမ်က ကျိုးယွင်ရှန့်နောက်ကို တောက်လျှောက်လိုက်ပြီး လူသတ်သမားတွေကို ရှင်းလင်းပေးခဲ့တယ်။ သူက သူရှင်းပေးတာနဲ့ လူသတ်သမားတွေ တော်တော်လျော့သွားမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမယ့် သူထင်ထားသလိုမဟုတ်ဘူး။ လူသတ်သမားတစ်ယောက်ကို ရှင်းလိုက်ရင် နောက်ထပ်လူသတ်သမားတစ်ယောက် ထပ်ရောက်လာတယ်။ သူ ဘယ်လောက်ပဲရှင်းရှင်း အဆက်မပြတ်ရိုက်ခတ်နေတဲ့ ရေလှိုင်းတွေလိုပဲ လူသတ်သမားတွေ အဆက်မပြတ်ပေါ်လာလို့ နောက်ဆုံး သူ အားကုန်ပြီး မောပန်းစပြုလာတယ်။

အဲ့ဒီအချိန်မှာ သူ့ကိုယ်ခန္ဓာ အခြေအနေမဟန်တော့တာကို ဇီရွှမ် သတိပြုမိလိုက်တယ်။ သူ့ကိုယ်မှာ ဓားဒဏ်ရာနှစ်ခုရနေပြီး သူ့မရီဒန်ထဲက အတွင်းအားချီတွေက ကမောက်ကမဖြစ်လာပြီး ထိန်းချုပ်လို့မရတဲ့ အခြေအနေကိုရောက်လာတယ်။ သူ ဒီနေရာမှာပဲသေတော့မယ်လို့ ဇီရွှမ်ထင်လိုက်တယ်။ ဒါပေမယ့် သူမသေခင် သူချစ်တဲ့ကောင်လေးရဲ့ မျက်နှာကို တစ်ခါလောက်တော့ တွေ့သွားချင်သေးတယ်။

အဲ့ဒီအချိန်မှာ အေးစက်စက်ရယ်သံတစ်သံကို ကြားလိုက်ရပြီး လူသတ်သမားခေါင်းဆောင်က ထိတ်လန့်သွားတယ်။ သူ့ကိုယ်ထဲကချီတွေ ဗြောင်းဆန်သွားပြီး သွေးအန်လိုက်မိတယ်။

အတွင်းအားအရမ်းကိုမြင့်မားတဲ့သူက လေထဲမှာလွင့်ပျံနေတဲ့ ပန်းပွင့်၊ သစ်ရွက်တွေနဲ့ လူသတ်နိုင်ရုံတင်မကဘူး၊ လေလှိုင်းသံတချို့ ပြုလုပ်တာနဲ့ လူသတ်နိုင်စွမ်းရှိတယ်။ မမြင်နိုင်တဲ့အရာတွေကို လက်နက်အဖြစ် ပြောင်းလဲအသုံးချပြီး လူ့အသက်ကို သစ်ရွက်လေးလို ခြွေယူနိုင်စွမ်းရှိတယ်။

လူတိုင်းက သူတို့ခေါင်းကို လက်နဲ့ဆုပ်ကိုင်ပြီး မြေပြင်ပေါ်လဲကျလို့ နာနာကျင်ကျင် ညည်းတွားနေကြတယ်။ ဒီလူသတ်သမားတွေက ကျိုးယွင်ရှန့်နဲ့ တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးကြဘူး။ ကျိုးယွင်ရှန့်နဲ့ တွေ့ဖူးတဲ့လူတိုင်းက အသက်နဲ့ကိုယ်မမြဲတော့တဲ့ အလောင်းကောင်တွေဖြစ်ကုန်ကြတော့ ကျိုးယွင်ရှန့်ရဲ့ သိုင်းပညာနဲ့အတွင်းအားက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ အနည်းဆုံး ကျိုးယွင်ရှန့်က ဇီရွှမ်နဲ့ အဆင့်တူလောက်ရှိမယ်လို့ပဲ အကြမ်းဖျင်း ခန့်မှန်းထားကြတယ်။

ဒါပေမယ့် အခုအဖြစ်အပျက်အရ သူတို့ကြိုတွက်မထားမိလောက်အောင် စွမ်းအားကြီးတဲ့ အဖျက်နတ်ဘုရားအဆင့်ကို ရောက်နေတာကို သိလိုက်ရတယ်။ ကျိုးယွင်ရှန့်က အသံတစ်ချက်ပြုရုံနဲ့ လူတွေကို မျက်လုံးပြူးမျက်ဆံပြူးနဲ့ လူတစ်ဒါဇင်ကျော်ကို ဦးခေါင်းတွေပေါက်ကွဲထွက်ပြီး သေအောင်လုပ်နိုင်တယ်။ အခု နေရာတိုင်းမှာ အနီရောင်သွေးတွေနဲ့ အဖြူရောင်ဦးနှောက်တွေ ပြန့်ကျဲနေပြီး ရက်စက်ကြမ်းကြုတ်မှုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားတော့တယ်။

လူတစ်ယောက်ကပဲ ဘာမှထိခိုက်ဒဏ်ရာမရဘဲ မတ်တပ်ရပ်နေနိုင်တာဖြစ်တယ်။

"ယွီချန်းဟိုင်.. မင်း..."

သူက အတွင်းအားထုတ်ပြီး လှမ်းပြောလိုက်တယ်။ သူပြောလို့မဆုံးခင်မှာပဲ သစ်သားလိုမာကြောတဲ့ လေထုကို ထိတွေ့လိုက်မိတယ်။

ဇီရွှမ်ဒဏ်ရာရမှာစိုးတဲ့အတွက် ကျိုးယွင်ရှန့်က လေထဲကနေ ပျံဝဲဆင်းသက်လာပြီး ဇီရွှမ့်ကိုပွေ့ချီကာ သတ်ဖြတ်မှုဖြစ်တဲ့နေရာကနေ သယ်ထုတ်လာခဲ့တယ်။

"ဘုန်းတော်ကြီး.. ခင်ဗျား ခုရက် ကျွန်တော့်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်မရှင်းရင် ပြဿနာက ပိုဆိုးလာတော့မယ်လို့ ခံစားရတယ်.."

ဇီရွှမ်က ပါးစပ်ဖွင့်လိုက်ပေမယ့် ဘာစကားမှ ထွက်မလာနိုင်ဘူး။ သူက လူအုပ်ကြီးထဲ စိုက်ကြည့်လိုက်တော့ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး နာနာကျင်ကျင်သေသွားတဲ့ လူနှစ်ယောက်ကိုတွေ့လိုက်ရပြီးနောက် သူ့မျက်လုံးတွေပြာသွားတယ်။

ပြည်မကသိုင်းပညာရှင်တွေရဲ့ သိုင်းပညာက အတော်လေးကိုထက်မြက်တယ်။ သူတို့က လူတစ်ယောက်ကို သတိမထားမိခင် သတ်ဖြတ်နိုင်စွမ်းရှိကြတယ်။ သူတို့သတ်ချင်တဲ့လူကို ဒုတိယသိုင်းကွက်မထုတ်ဘဲ ပထမတစ်ကွက်နဲ့တင် သတ်ဖြတ်နိုင်ကြတယ်။ အရိပ်လူသတ်သမားတွေက လူသတ်တဲ့နေရာမှာ သွေးထွက်အနည်းဆုံးဖြစ်အောင် သတ်နိုင်လေ စွမ်းရည်ပိုမြင့်မားလေဖြစ်တယ်။ ဒါပေမယ့် အခုရောက်လာတဲ့ လက်ရွေးစင် အရိပ်လူသတ်သမားတွေက ယွီချန်းဟိုင်အတွက် အဝတ်ပေါ်ကဖုန်ကို ခါလိုက်သလိုပဲ အလွယ်တကူ သတ်ပစ်လိုက်နိုင်တယ်။ သူ လူသတ်ဖို့ လက်တစ်ချက်ဝေ့လိုက်တာ လူကြီးလူကောင်းပုံ ဆိုပေမယ့် အသတ်ခံရတဲ့လူတွေရဲ့ သွေးတွေက နေရာတိုင်းကိုပြန့်ကျဲပြီး သွေးချောင်းစီးနေတော့တယ်။

သွေးနံ့ရလေ ယွီချန်းဟိုင်ရဲ့စိတ်ကို ပိုတက်ကြွလာစေလေဖြစ်တယ်။ နောက်ဆုံးတော့ လက်ဖက်ညိုရောင် မျက်ဝန်းတစ်စုံက သွေးနီရောင်အဖြစ်ကို ပြောင်းသွားတော့တယ်။ ယွီချန်းဟိုင်က လူတွေကို ခြေလက်ဆွဲဖြုတ်လိုက်၊ ခေါင်းဆွဲဖြုတ်လိုက်၊ နှလုံးဆွဲထုတ်လိုက်နဲ့ သူ့ဘေးပတ်လည်က ချက်ချင်း သွေးလွှမ်းတဲ့နေရာ ဖြစ်ကုန်တယ်။

သူက ဘယ်လိုလူလဲ..။
လှပတဲ့ သားရဲတိရစ္ဆာန်လိုလူလား။ ဒီကမ္ဘာကြီးကို လူသေတွေနဲ့ပြည့်တဲ့ လောကဖြစ်အောင် ဖန်တီးတော့မှာလား။

ဇီရွှမ်က ဒီလောက်ကြောက်စရာကောင်းတဲ့မြင်ကွင်းကို မမြင်ဖူးဘူး။ သူက ငရဲပြည်ကိုရောက်သွားပြီး သွေးကန်ကိုစောင့်ရှောက်တဲ့ ငရဲမင်းကြီးနဲ့ တွေ့နေရသလို ခံစားလိုက်ရတယ်။

ဇီရွှမ်က ဒီမြင်ကွင်းကို ကြည့်လည်းမကြည့်နိုင်၊ စကားသံလည်း မထွက်နိုင်တော့ဘူး။ သူ မျက်လုံးပိတ်ပြီး သေသွားတဲ့လူတွေအတွက် ဆုတောင်းပေးနေရုံပဲ ရှိတော့တယ်။

ကျိုးယွင်ရှန့်က လေထဲကသွေးနံ့ကိုရှူပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး ကျေနပ်သွားပုံပေါ်တယ်။

ပတ်ဝန်းကျင်ကအသံတွေ တိတ်ဆိတ်သွားတော့ သစ်တောထဲကသစ်ရွက်တွေကို တိုးဝှေ့တိုက်လာတဲ့ လေတိုးသံလေးတွေကို ကြားလိုက်ရတယ်။ ပြီးတော့ ပတ်ပတ်လည်က သစ်ပင်တွေပေါ်ကို စင်နေတဲ့သွေးတွေ တစ်စက်စက်ကျဆင်းနေသံကို ကြားလိုက်ရတယ်။ ဒီပတ်ဝန်းကျင်တစ်ခုလုံး အေးခဲစပြုနေတဲ့ သွေးအိုင်တွေကို ဟိုမှာသည်မှာ တွေ့နေရတယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီနားကိုဖြတ်သွားမိရင် သွေးမိုးရွာထားသလားလို့ ထင်မှာသေချာတယ်။

"ဘုန်းကြီးက သူတို့အတွက် ဆုတောင်းပေးနေတာလား.."

ကျိုးယွင်ရှန့်က ဇီရွှမ့်နားကိုလျှောက်လာရင်း မေးလိုက်တယ်။

"မင်း.. သူတို့အားလုံးကို သတ်လိုက်တယ်.."

ဇီရွှမ်က မျက်လုံးကိုဖွင့်ရင်း ဖြည်းဖြည်းလေးပြောလိုက်တယ်။

ကျိုးယွင်ရှန့်က အင်္ကျီလက်ကိုပင့်လိုက်ပြီး ပြောလိုက်တယ်။

"ဟုတ်တယ်.. အားလုံး တပည့်တော်သတ်လိုက်တာပဲ.. တကယ်တော့ သူတို့က လူသတ်မှုအများကြီး ကျူးလွန်ထားတယ်ဆိုတာ ဘုန်းကြီးသိပါတယ်.. ဒါကြောင့် ကိုယ့်ကိုလာသတ်တဲ့ မကျေနပ်စိတ်ကြောင့် မဟုတ်ရင်တောင် လူအများ ငြိမ်းချမ်းရေးရဖို့ သူတို့ကို သတ်ပစ်လိုက်တာပဲ.."

ဇီရွှမ်က သူ့ရှေ့မှာရပ်နေတဲ့ အနှီလူသားကိုငေးကြည့်ရင်း သက်ပြင်းပဲချလိုက်မိတယ်။

ယွီချန်းဟိုင်ရဲ့ကိုယ်က မယုံကြည်နိုင်လောက်တဲ့ ခွန်အားတွေနဲ့ဖွဲ့စည်းထားပြီး တစ်ကိုယ်လုံး သွေးတွေနဲ့နီရဲနေပေမယ့် သူ့ရုပ်ရည်ရဲ့လှပမှု၊ ဆွဲဆောင်မှုရှိတာကို နည်းနည်းမှမထိခိုက်စေဘူး။ သူ့မျက်လုံးက ခုလေးတင် လူအများကြီးကိုသတ်ခဲ့လို့ သွေးရောင်ရဲနေတာတောင် သူက ပိုဆွဲဆောင်မှုရှိပြီး စိတ်လှုပ်ရှားစရာ ညှို့ငင်နေတုန်းပဲ။

ဇီရွှမ်က မျက်လွှာချလိုက်ပြီး ယွီချန်းဟိုင်ကို ပြောလိုက်တယ်။

"အော်မီတော်ဖော်.. ယွီချန်းဟိုင်.. မင်းရဲ့စိတ်နှလုံးကို မကောင်းဆိုးဝါးနတ်ဆိုးတွေ ထိန်းချုပ်တာခံလိုက်ရပြီ.. မင်း ဒီသတ်ဖြတ်ခြင်းကိုစွန့်ပစ်ပြီး ဗုဒ္ဓရဲ့ခြေတော်ရင်းကိုရောက်လာဖို့ မျှော်လင့်ပါတယ်.."

ဇီရွှမ်က မျက်လုံးကိုမှိတ်လိုက်ပြီး ဒီလူငယ်ကို နောက်ထပ်မကြည့်ရဲတော့ဘူး။ ထူးထူးဆန်းဆန်း သွေးအိုင်ထဲမှာမတ်တပ်ရပ်နေတဲ့ ယွီချန်းဟိုင်ကိုကြည့်ပြီး ဇီရွှမ် ပိုပြီးစိတ်လှုပ်ရှားလာတယ်။

"ဘုန်းကြီးက ဒီမှာပဲရပ်ပြီးပြောနေရုံနဲ့ နာကျင်မှုဆိုတာကို နားလည်နိုင်မှာမဟုတ်ဘူး.. ကျွန်တော်မေးပါရစေ.. မိသားစုကြီးခုနစ်စု သတ်ဖြတ်ခံရတဲ့ကိစ္စဖြစ်တုန်းက တကယ်ကျူးလွန်တဲ့သူက ဘယ်သူဆိုတဲ့ ခိုင်လုံတဲ့သက်သေ သူတို့ ရှာခဲ့ကြလို့လား.. နံရံပေါ်မှာ သွေးနဲ့ရေးထားတဲ့စာလုံးတွေအရ ကျွန်တော်တို့မြင့်မြတ်တဲ့ဂိုဏ်းက ကျူးလွန်တယ်ဆိုပြီး သတ်မှတ်လိုက်ကြတယ်.. အဲ့ဒီနောက် လူသူလက်နက်စုစည်းပြီး ကျွန်တော်တို့ဂိုဏ်းကို ဖျက်ဆီးပစ်ကြတယ်.. ဘုန်းကြီးတို့ပြည်မကလူတွေပဲ အသက်ရှိတဲ့လူသားတွေလား.. တောင်တန်းဒေသမှာနေတဲ့ ကျွန်တော့်ဂိုဏ်းသားတွေက လူသားတွေမဟုတ်တော့ဘူးလား.. ဒါကြောင့် သူတို့ထင်သလို သတ်လို့ရတယ်လား.. အရင်ဆုံး သူတို့က ကျွန်တော့်ကို မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်အောင် လုပ်ခဲ့ကြတယ်.. ဒါကြောင့် အခု ကျွန်တော် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ယူဖို့ ပြန်လာပြီ.. ဒါကို ဗုဒ္ဓဘာသာတွေက ကံကြမ္မာလို့ခေါ်တာပဲ မဟုတ်လား.. ကောင်းခြင်းနဲ့ မကောင်းခြင်းဆိုတာ သာတူညီမျှပဲ ဖြစ်သင့်တယ်မဟုတ်လား.."

ဇီရွှမ်က ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ယွီချန်းဟိုင်က မိသားစုခုနစ်စုကို မသတ်ပေမယ့် အပြစ်အားလုံး ခေါင်းပေါ်ပုံချခံလိုက်ရတယ်။

ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့နားနားကပ်ပြီး ပြောလိုက်တယ်။
"ကျွန်တော့်ကို ဖျောင်းဖျဖို့ ထပ်မကြိုးစားပါနဲ့တော့.. ဒီကိစ္စမှာပါတဲ့လူတိုင်းကို ကျွန်တော် အလွတ်ပေးမှာမဟုတ်ဘူး.. သူတို့အားလုံး ကျွန်တော့်လက်နဲ့ သေရမယ်.."

"ဒါပေမယ့် မင်း လူတွေသတ်လေ ရန်သူများလေပဲ မဟုတ်လား.. တစ်လောကလုံးကိုသတ်ပြီး ရန်သူလုပ်မလို့လား.. မင်း တစ်လောကလုံးကလူတွေကို သတ်ပစ်နိုင်ပါ့မလား.."

ဇီရွှမ်က သဘောမတူဟန်ဖြင့် ပြောလိုက်တယ်။

"လူတစ်ယောက်က ကျန်တစ်ယောက်ကို သတ်ပစ်နိုင်တယ်.. လူသတ်သမားဆိုတာ အမြဲတမ်း သတ်ဖြတ်နေရတယ်.. ဒီကနေ့ ကျွန်တော် သူတို့ကိုသတ်တယ်.. မနက်ဖြန် ကျွန်တော့်ကို သူတို့ ပြန်သတ်သွားနိုင်တာပဲ.. ကြည့်.. အသန်မာဆုံးလူသာလျှင် နောက်ဆုံးအချိန်ထိ ရယ်မောနေနိုင်မှာပဲ.. ကျွန်တော် ပြန်လှည့်လို့မရတော့ဘူး.."

ကျိုးယွင်ရှန့်က နောက်ကိုတစ်လှမ်းဆုတ်ပြီး ပြောလိုက်တယ်။

"ဘာကြောင့် နောက်ပြန်လှည့်လို့ မရတော့မှာလဲ.."

ဇီရွှမ် မထင်မှတ်ဘဲ ဒီစကားကို ထုတ်ပြောလာခဲ့တယ်။

"ဗုဒ္ဓကပြောခဲ့တယ်.. ဆိုးသွမ်းတဲ့အပြုအမူကို ပင်လယ်လောက်လုပ်ခဲ့ပေမယ့် နောင်တတရားသာရမယ်ဆိုရင် လူကောင်းအဖြစ် ပြန်လည်ကူးပြောင်းလာနိုင်တယ်.. မင်းသာ ကလဲ့စားချေတာကို စွန့်လွှတ်မယ်ဆိုရင် ရှောင်လင်ဘုရားကျောင်းကို လာခဲ့ပါ.. မင်းရဲ့ရန်သူနဲ့ ရန်ငြိုးတွေအားလုံး မင်းကို ဘာမှလာမပတ်သက်၊ မဆက်နွယ်စေရဘူး.. ဒီတိုင်းပြည်ထဲက ကျော်ကြားတဲ့လူဆိုးကြီးတွေတောင်မှ ရှောင်လင်ကျောင်းတော်ကိုရောက်လာလို့ ဘယ်သူမှ သူတို့ကို ရန်မရှာရဲတော့ဘူး.. သူတို့က ဗုဒ္ဓတရားတော်ကို နားလည်သဘောပေါက်တဲ့အထိ ရှောင်လင်ကျောင်းတော်ရဲ့ စည်းကမ်းကို လိုက်နာပြီး ကျင့်ကြံသွားကြတယ်.."

ဇီရွှမ်က တွေးလေလေ ဒီနည်းကပိုကောင်းလေဆိုတာ သိလာလေပဲ။ ဒီနည်းတစ်ခုတည်းကပဲ ဒီလူငယ်ရဲ့အသက်ကို ကယ်တင်နိုင်မယ်။ ဒီကောင်လေးသာ သူ့ရဲ့ဓားကိုလွှတ်ပြီး ဘုန်းကြီးဝတ်လာရင် သူ့စိတ်ကိုလည်း လွှမ်းမိုးနိုင်မှာမဟုတ်တော့ဘူး။

ကျိုးယွင်ရှန့်က ဟာသတစ်ခုကိုကြားသလို ရယ်မောရင်း သူ့ချစ်သူကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒီလူက အတွေးအခေါ်တင်မကဘူး သူ့ကိုတောင် ဘုရားသားတော်ဖြစ်အောင် ပြောင်းလဲချင်နေတယ်။ ဘာသာတရားက လူတစ်ယောက်ကို တကယ်ပဲ လွှမ်းမိုးနိုင်သလား။

ကျိုးယွင်ရှန့်က ဇီရွှမ်ရဲ့ပုခုံးနှစ်ဘက်ပေါ် လက်တင်ပြီး ပြောလိုက်တယ်။

"ဘုန်းကြီးက တံခါးမရှိတဲ့နေရာ ကျွန်တော့်ကို ဝင်သွားစေချင်တာလား.. ကျွန်တော်က ငရဲကိုပိုသွားချင်တယ်ဆိုတာ ဘုန်းကြီးသိရဲ့လား.. တိဘက်ဘုန်းကြီးတစ်ပါးက ပြောတယ်.. တကယ်လို့ ငါသာငရဲကိုမသွားရင် ဘယ်သူက ငရဲကိုသွားမှာလဲ.. ငရဲသာမရှိဘူးဆိုရင် ဗုဒ္ဓဟောကြားထားတဲ့ ငရဲရှိတယ်ဆိုတာ ဘယ်လိုသက်သေပြရမှာလဲ.. ဒါကြောင့် သတ္တဝါတွေ ပင်ပန်းနေမှာစိုးလို့ သူတို့ကိုယ်စား ငါပဲ ငရဲကိုသွားတော့မယ်တဲ့.. အဲ့ဒီတိဘက်ဘုန်းကြီးက ဘုရားဟောထဲက ငရဲရှိတယ်ဆိုတာ သက်သေပြဖို့ ငရဲပြည်ကိုသွားချင်နေတယ်.. ဘုန်းကြီးဆိုရင်ကော ဘယ်လိုလဲ.. ငရဲကိုသွားဖို့ သတ္တိရှိရဲ့လား.."

ဒီလူငယ်လေးရဲ့လက်တွေက သူ့ပုခုံးကို တင်းသည်ထက်တင်းအောင် ဆုပ်ကိုင်ထားလို့ အန္တရာယ်အရိပ်ငွေ့ကို ဇီရွှမ် ခံစားမိလာတယ်။

သူ တုံ့ပြန်ချင်ပေမယ့် သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘူးဖြစ်နေတယ်။ သူက အဝေးကိုထွက်သွားချင်ပေမယ့် ဒီလူငယ်လေးရဲ့ နက်ရှိုင်းတဲ့အကြည့်အောက်မှာ ညှို့ချက်မိထားသလို အကြည့်ကို မလွှဲဖယ်နိုင်တော့ဘူး။ သူက သတိလက်လွတ်စိုက်ကြည့်ရင်း ရင်ခုန်သံတွေ ဆူညံလာခဲ့တယ်။

ငရဲကို သွားရမယ်တဲ့လား....။

သူက ငါ့ကို ငရဲကိုရောက်အောင် ဘယ်လိုလုပ်မှာတဲ့လဲ...။
====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now