FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)

4.7K 371 5
                                    

FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း

ပြည့်စုံလွန်းလှသည့် အိပ်မက်နယ်မြေတွင် ရွှယ်ဇီရွှမ်က မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ပထမ သူက လူ့လောကကနေ ထွက်ခွာခဲ့ရပြီလို့ထင်ပေမယ့် ဘာကြောင့် နယ်နိမိတ်ကင်းမဲ့သည့် အာကာသထဲရောက်နေသည်ကို မသိတော့ပေ။ တောက်ပသည့်ကြယ်များက အောက်မှာ ငွေရောင်မြစ်ကြီးတစ်စင်းလို ဖြစ်ပေါ်နေပြီး ဒီနေရာမှာ ပိုကျယ်တဲ့နေရာတစ်ခုကိုရှာဖို့ သူ မတ်တပ်ရပ်လိုက်သည်။

ပထမတော့ သူက ဒီနေရာကို သေဆုံးသူတွေဖြတ်သန်းသွားရတဲ့ နိုက်ဟော်တံတား ဒါမှမဟုတ် တမလွန်ဘုံဘဝလို့ထင်ပြီး သူ့ကိုထားရစ်ပြီး ထွက်ခွာသွားခဲ့သော တစ်ယောက်သောသူကို တွေ့ဆုံရဖို့ သူက ဒီနေရာမှာ စိတ်ရှည်လက်ရှည် စောင့်ခဲ့သည်။ ဒါပေမယ့် ဘယ်လောက်ကြာအောင် စောင့်စောင့် သူ့ကိုထားရစ်ခဲ့တဲ့ တစ်ဦးတည်းသောသူက ပြန်မလာသဖြင့် ရွှယ်ဇီရွှမ်၏ ရင်ထဲကမျှော်လင့်ချက်တို့ တစ်စစီ ပျက်သုဉ်းခဲ့ရသည်။ သူ ဒီနေရာမှာ နှစ်ပေါင်းများစွာ၊ နှစ်ရာချီ၊ ထောင်ချီကြာအောင် စောင့်ခဲ့ပေမယ့် အချိန်တွေက သဲမှုန်လေးတွေကြွေလွင့်သလို ကုန်သွားပေမယ့် တစ်ယောက်သောသူက သူ့ကိုတွေ့ဖို့ ဒီကိုမလာနိုင်ခဲ့ပေ။ စောင့်ရလွန်းလို့ နောက်ဆုံး သူ့နှလုံးသားက ဖုန်မှုန့်တွေလို တစ်စစီကြွေခဲ့ရလေပြီ။ လောကမှာ အရက်စက်ဆုံးကျိန်စာက ကိုယ်ချစ်ရတဲ့သူဆီက အမုန်းမဟုတ်ဘဲ သူနဲ့ဘယ်တော့မှ ထပ်တွေ့ခွင့်မရတာပဲဖြစ်သည်။

ရွှယ်ဇီရွှမ်က သူ့ရဲ့ခွင့်လွှတ်မှုကိုမရတာက ထာဝရခွဲခွာရတာထက်တော့ တော်ပါသေးသည်။ ရွှယ်ဇီရွှမ်က တဖြည်းဖြည်း ရူးသွပ်ချင်သလိုဖြစ်လာပြီး နှောင်ကြိုးတွေက ရုန်းကန်ပြီး ချစ်ရသူဆီကိုသွားနိုင်ဖို့ အရူးအမူးကြိုးစားတော့သည်။ ဒီနေရာက သူထင်ထားသလို တမလွန်ဘဝမဟုတ်ဘဲ သီးခြားနေရာတစ်ခု ဖြစ်နေတာကြောင့် သူရုန်းကန်တိုက်ခိုက်စဉ်မှာ သိရှိလာခဲ့သည်။ သူ့ခေါင်းထဲရောက်လာသည့် ခံစားချက်အရ ဒီကမ္ဘာက Lord God ဖြစ်တယ်ဆိုတာ သိရပြီး ကျိုးပဲ့သွားတဲ့ ကြယ်စင်အစုအဝေး ဂလက်စီတွေဆီက စွမ်းအားကိုစုပ်ယူနိုင်ခဲ့ပြီး နောက်ဆုံးမှာ အာကာသဟင်းလင်းပြင်က စတင်လှုပ်ခါပြီး ပျက်စီးသွားခဲ့သည်။

ရွှယ်ဇီရွှမ်က ခွန်အားအကုန်လုံး သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားပြီး အာကာသပြိုပျက်ခြင်းကြောင့်ဖြစ်လာတဲ့ ဆွဲအားတွေကနေ တောင့်ခံနိုင်ဖို့ ကြိုးစားခဲ့သည်။ သူ့ပတ်လည်က ကြယ်တွေတစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားပြီး အာကာသအက်ကြောင်းကြီးထဲ စိမ့်ဝင်သွားပြီး နောက်ဆုံး ဂလက်စီတစ်ခုလုံး ပျက်စီးလို့ နောက်ထပ်ပိုကျယ်ပြန့်တဲ့ စင်္ကဝြဋ္ဌာကြီးထဲကို ရောက်သွားတော့သည်။ ဒီလိုထူးခြားပြောင်မြောက်သည့်အရာကို တီထွင်ဖန်တီးသူက Main God ဖြစ်သည်။

ပျက်စီးသွားသည့်ဂလက်စီနှင့် ကြယ်များမှစွမ်းအင်များက 0 နှင့် 1 ဂဏာန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး Main God ဆီကို ရောက်ရှိသွားတော့သည်။ ရွှယ်ဇီရွှမ်က Lord God ကို သူ့ကိုခေါ်ယူစောင့်ရှောက်ပေးနိုင်သည့် တန်ခိုးရှင်ဟုထင်ခဲ့ပေမယ့် မဟုတ်ခဲ့ပေ။ သူရောက်နေသည့်နေရာက သီးခြားစင်္ကဝြဋ္ဌာမဟုတ်ဘဲ Virtual World ဟုခေါ်သည့် Lord God ဖန်တီးထားသည့် ပုံရိပ်ယောင်လောကတစ်ခုဖြစ်ပြီး သူက data အစုအဝေးလေး တစ်ခုသာဖြစ်သည်ကို သိလိုက်ရသည်။

ရွှယ်ဇီရွှမ်က ဉာဏ်ကောင်းသူဖြစ်သောကြောင့် ဒီပုံရိပ်ယောင်လောက,က data အစုအဝေးလေးတွေအဖြစ် ပြောင်းသွားတာကို တွေ့လိုက်ကတည်းက Lord God က တစ်စုံတစ်ယောက်၏တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ထိခိုက်သွားပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေ ကျသွားတယ်။ ဒါ့အပြင် သူ ဆက်လက်ရပ်တည်ဖို့ များပြားလှတဲ့စွမ်းအင်တွေကို စုပ်ယူနေတယ်ဆိုတာ သိသွားခဲ့သည်။ တကယ်လို့ Lord God ပျက်စီးသွားရင် သူလွတ်လပ်သွားပြီး တခြားကမ္ဘာကို ထွက်သွားနိုင်မလား။

သူ့ရဲ့အနာဂတ်က ဘယ်လိုများဖြစ်မလဲဆိုတာ ရွှယ်ဇီရွှမ် စိတ်မဝင်စားဘူး။ သူသေချာသိတဲ့အချက်က သူ ဒီနေရာက ထွက်သွားချင်သည်။ သူ့ချစ်သူကို လိုက်ရှာချင်သည်။ သူ့ချစ်သူနဲ့ ကမ္ဘာတစ်ခုတည်းမှာနေထိုင်ပြီး အတူသေဆုံးချင်သည်။ သူ့ချစ်သူက လူဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ ကိစ္စမရှိပေ။ သူချစ်ရတဲ့သူက တကယ်တည်ရှိနေမယ်ဆိုရင်၊ အသက်ရှင်နေမယ်ဆိုရင် သူလည်း အသက်ဆက်ရှင်သန်သွားမည်။

သူ့ချစ်သူကြောင့် မယုံနိုင်လောက်တဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး သူ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ဒီအတွေးကြောင့် ရွှယ်ဇီရွှမ်ကိုယ်ထဲက စွမ်းအားတွေ ပိုမိုအင်အားကြီးလာပြီး နောက်ဆုံး Lord God ၏ချုပ်ကိုင်မှုအောက်မှ လွတ်ထွက်လာခဲ့သည်။ ဒီတခဏ Lord God က ပျောက်ကွယ်သွားပြီး ကျိုးပဲ့ပျောက်ကွယ်သွားသည့် ကြယ်စင်အစုအဝေးက ပြန်လည်ဖွဲ့တည်လာခဲ့သည်။

ဘာကြောင့် ခုလိုဖြစ်တယ်ဆိုတာ ရွှယ်ဇီရွှမ်မသိပေမယ့် စွမ်းအားတစ်ခုက သူ့ကိုယ်ခန္ဓာကို လာရောက်ထိတွေ့မိစဉ်မှာ သူ့မျက်လုံးထဲ မျက်ရည်တို့ ဝဲတက်လာခဲ့သည်။ သူချစ်ရသော တစ်ယောက်သောသူ၏ ပွေ့ဖက်မှုကို ခံစားလိုက်ရသည့် လှပသည့်အချိန်တခဏလေးကဲ့သို့ ထင်မိလာစေသည်။

ရွှယ်လွေ့က လုပ်စရာရှိသောကြောင့် ဆေးရုံမှအရင်ပြန်လာပြီး ဖူဘိုနှင့် ရွှယ်ကျင်းရီက ရွှယ်ဇီရွှမ်ကို စောင့်ကျန်နေရစ်သည်။ ရွှယ်ဇီရွှမ်၏ ဆေးရုံခန်းက Delux suit အခန်းဖြစ်ပြီး အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနှင့် ဝရံတာတစ်ခုပင် ပါရှိသည်။ ဖူဘိုက မီးဖိုထဲမှာ ဆန်ပြုတ်ပြုတ်နေစဉ် ရွှယ်ကျင်းရီက တစ်နေ့နှင့်တစ်ည သတိလစ်နေသည့် သူမအစ်ကိုကြီးကို စိုက်ကြည့်ရင်း ကုတင်ဘေးမှာ ထိုင်စောင့်နေသည်။

ရုတ်တရက် နှလုံးခုန်စက်မှ 'ဘီ.. ဘီ..' ဆိုသည့်အသံ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဖူဘို.. ဆရာဝန်အမြန်ခေါ်.. မကောင်းတော့ဘူး.."

ရွှယ်ကျင်းရီက သူမရဲ့ဝိညာဉ်လွင့်သွားမလို ခံစားရပြီး အော်ပြောလိုက်သည်။

ဖူဘိုက မီးဖိုထဲက ချက်ချင်းပြေးထွက်လာပြီး ကုတင်ဘေးက အရေးပေါ်ခလုတ်ကို နှိပ်လိုက်သည်။ ငါးစက္ကန့်အတွင်း ဆရာဝန်နှင့် သူနာပြုများက အရေးပေါ်ကိရိယာများဖြင့် ပြေးဝင်လာပြီး ကယ်ဆယ်ရေးလုပ်လိုက်တော့ နှလုံးခုန်စက်မှ အော်သံတိတ်သွားပြီး သတိလစ်နေသည့်လူရွယ်လေး၏မျက်လုံးက ညင်သာစွာ ပွင့်လာခဲ့သည်။

သူက ဆေးရုံခန်း၏ မျက်နှာကြက်ဖြူဖြူကို ငေးကြည့်စဉ် ဆရာဝန်များ၏ စိတ်လှုပ်ရှားစွာ မေးမြန်းသည့်အသံကိုကြားမှ သူ့ညာဘက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည့် ရွှယ်ကျင်းရီကို အေးစက်စွာစိုက်ကြည့်လိုက်တော့ သူမက လန့်ပြီး အော်မိမတတ်ဖြစ်သွားသည်။

"မင်း ဘာကြောင့် ဒီရောက်နေတာလဲ.."

ရွှယ်ဇီရွှမ်က အခြေအနေကို မသိသေးပေမယ့် သူမလက်ကိုတော့ ဖယ်ရှားပစ်လိုက်သည်။ သူသတိရရလာချင်း တွေ့ချင်သည့်လူက ရွှယ်ကျင်းရီအပါအဝင် မည်သူမှမဟုတ်ပေ။ ရှောင်ရီဆိုသည့် သူ့ချစ်သူကိုသာ ဦးဆုံးတွေ့ချင်သည်။ သူသေဆုံးသွားခဲ့ပြီးတာတောင် ဒီလူတွေက သူ့ကို ငြိမ်းငြိမ်းချမ်းချမ်း မရှိစေချင်ဘူးလား။ သူက လှည့်ကြည့်လိုက်တော့ လူအုပ်ကြီးရဲ့နောက်ကနေ စိတ်ပျက်စွာ ငေးစိုက်ကြည့်နေသည့် ဖူဘိုကို တွေ့လိုက်ရသည်။

ရွှယ်ကျင်းရီသည် မနှစ်မြို့ဖွယ်လေသံဖြင့် ပြောလိုက်သည့် အစ်ကိုကြီး၏လေသံကြောင့် ရင်ဘတ်ကို လက်နှင့်ဆုပ်ကာ နောက်ကိုနှစ်လှမ်းဆုတ်သွားပြီး လက်မခံနိုင်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူမအစ်ကိုကြီးက တစ်ရက်တည်းနှင့် သူမလုံးဝမသိတဲ့လူအဖြစ်ကို ပြောင်းလဲသွားခဲ့လေပြီ။

ဆရာဝန်ပေါင်းစုံက လူနာကုတင်ဘေးမှာထိုင်ပြီး မေးခွန်းတွေမေးကြ၊ စမ်းသပ်နေကြစဉ် သူတို့ထဲကတစ်ယောက်က ရွှယ်ဇီရွှမ်၏မျက်လုံးကို ပင့်ကြည့်လိုက်သည်။ နာကျင်မှုတစ်ခုက တစ်ကိုယ်လုံးပြန့်သွားသောကြောင့် ရွှယ်ဇီရွှမ်က သူတို့ကို အေးစက်စွာဖြင့် ကြည့်နေရင်း သူက စိတ်ရှုပ်ထွေးရာမှ သံသယ၊ ထိုမှတစ်ဆင့် မယုံကြည်မှုအဖြစ် ပြောင်းလဲသွားသည်။

"ကျွန်တော် ကောင်းနေပြီ.. ခင်ဗျားတို့အားလုံး ထွက်သွားကြ.."

ရွှယ်ဇီရွှမ်က ပြတ်သားစွာပြောလိုက်သည်။ ရွှယ်ဇီရွှမ် သတိပြန်ရလာပေမယ့် စိတ်အခြေအနေ သိပ်မကောင်းတာ သတိထားမိတော့ ဆရာဝန်တွေက သူ့စိတ်ငြိမ်သွားမှ ဆက်လက်စစ်ဆေးမည်ဟု တွေးကာ အခန်းထဲမှ ထွက်သွားကြသည်။

သူတို့အားလုံးထွက်သွားမှ ရွှယ်ဇီရွှမ်က ထထိုင်လိုက်ပြီး သူ့လက်ဖဝါးတွေမှာ အမာရွတ်ကျန်သေးလားဆိုတာ စစ်ဆေးကြည့်တော့ ဘာအမာရွတ်မှမရှိတာကို တွေ့လိုက်ရသည်။ နောက်ဆုံး ရွှယ်ဇီရွှမ်က အခြေအနေမှန်ကို သဘောပေါက်သွားပြီး ဝမ်းသာလွန်းလို့ မျက်ရည်ကျလာမိသည်။ သူက ကုတင်ပေါ်ကဆင်းပြီး ဆေးရုံအဝတ်နှင့် ထွက်လာခဲ့သည်။

"သခင်လေး.. ဘယ်သွားမလို့လဲ.. ဖိနပ်စီးဖို့မေ့နေပြီ.. ဆေးရုံကြမ်းပြင်က အေးတယ်.."

ဖူဘိုက ခြေညှပ်ဖိနပ်ကိုကိုင်ကာ သူ့နောက်ပြေးလိုက်လာပြီး ပြောလိုက်သည်။

ရွှယ်ကျင်းရီက ဖြူဖျော့သည့်မျက်နှာနှင့် ထိတ်လန့်ခြောက်ခြားစွာ နောက်ကလိုက်လာသည်။ အစ်ကိုကြီးသတိရလာတုန်းက မေးလိုက်သည့်လေသံက သူမ လုံးဝ မျှော်လင့်မထားမိခဲ့ပေ။ ဒီလေသံထဲမှာ သူမကိုတွေ့လိုက်ရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားတာ တစ်စက်လေးမှမရှိဘဲ စိတ်ပျက်နေခြင်းက အထင်းသားပေါ်နေသည်။ သူမကိုမြင်ရလေ ပိုစိတ်ပျက်လေဆိုသည့် ခံစားချက်မျိုး ပါဝင်နေသည်။

သူမက ငယ်စဉ်ကတည်းက နေမကောင်းလို့ တစ်မိသားစုလုံးကို ဒုက္ခရောက်စေခဲ့သည်။ ဒါကြောင့် ငယ်စဉ်ကတည်းက သူမက လူတွေကိုစောင့်ကြည့်ပြီး သူမကို မနှစ်သက်တာ၊ ငြင်းပယ်တာမဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ရလို့ လူကဲခတ်တဲ့နေရာမှာ တော်သည်။ သူမ ပိုပြီးဖျားနာလေ မိသားစုက ပိုချစ်ခင်ဂရုစိုက်လေဆိုတာ သိရတော့ သူမရဲ့စိုးရိမ်မှု လျော့သွားခဲ့ရသည်။ အထူးသဖြင့် သွေးအေးပြီး လူတွေကိုလျစ်လျှူရှုတတ်တဲ့ အစ်ကိုကြီးက နူးညံ့စွာဖြင့် သူမကို ဂရုစိုက်ပေးခြင်းက သူမကို ဂုဏ်ယူပျော်ရွှင်ရစေသည်။

ဒါပေမယ့် အခုကြည့်လိုက်တော့ သူမအစ်ကိုက သူမကို မုန်းတီးနေတာကို ဖုံးကွယ်နေသလိုပင်။ သူမ ဘာမှားသွားခဲ့မိလို့လဲ။ သူမစိတ်ထဲ စွဲနေသည့်အတွေးက သူမကို အချက်ပေးနေသလိုပင်။

ရွှယ်ဇီရွှမ်က 19 ထပ်ကနေ လှေကားတလျှောက် အောက်ကိုဆင်းလာပြီး ဧည့်ခန်းမကြီးကို ဖြတ်ပြေးခဲ့သည်။ သူ့ရဲ့အရူးအမူးပုံစံကြောင့် လူတွေစိတ်ဝင်စားလာပြီး ရပ်ကာ ဝိုင်းကြည့်လာကြသည်။ သူ့ပုံစံကြောင့် လုံခြုံရေးတွေက သူ့ကို တားဆီးကြပြီး ဝေါ်ကီတော်ကီဖြင့် 16 ထပ်က စိတ်ရောဂါသည်လူနာ ထွက်ပြေးလာသလားဟုပင် မေးလိုက်ကြသည်။ ရွှယ်ဇီရွှမ်က ရုန်းကန်နေပေမယ့် လူနှစ်ယောက် ဝိုင်းချုပ်ထားတာကြောင့် ဖမ်းခံလိုက်ရသည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ.. သူ့ကိုလွှတ်လိုက်စမ်း.."

ရွှယ်လီဒန်နီက တရုတ်ပြည်ကို အမြန်ပြန်လာပြီး လေဆိပ်ကနေ ဒီကိုတန်းလာခဲ့ပေမယ့် မထင်မှတ်ထားဘဲ သူမသားကို ဆေးရုံကြီး၏ဧည့်ခန်း လူအုပ်ကြီးအလည်မှာ စိတ်မကောင်းစရာပုံစံနှင့် တွေ့လိုက်ရတော့ သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်သည်။

ဆံပင်တွေရှုပ်ထွေးနေပြီး အဝတ်တွေက ဖရိုဖရဲနှင့် ရူးသွပ်လုနီးပါးပုံစံ၊ စီးကျလုလုမျက်ရည်တွေပြည့်နေသည့် မျက်ဝန်းနှင့် သူမသားကိုတွေ့ရတော့ မယုံနိုင်အောင်ဖြစ်ခဲ့သည်။ သူမသိထားသည့်သားက ရောက်လေရာမှာ တောက်ပထင်ရှားသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ခုလိုပုံ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ အခု သူမသားက အံကိုတင်းတင်းကြိတ်ထားပြီး နဖူးကသွေးကြောတွေက ပေါက်ကွဲလုနီးပါး ထောင်ထနေသည်။

"အမေလား.."

ရင်းနှီးနေသည့်အသံကြောင့် ရွှယ်ဇီရွှမ် စိတ်ထဲ ငြိမ်သက်သွားပြီး ခေါင်းကိုလှည့်ကာ လူအုပ်ကြားမှာရှာလိုက်တော့ သူမကိုတွေ့သွားသည်။ ရွှယ်ဇီရွှမ်၏အမူအယာက ပိုမိုရှုပ်ထွေးလာပြီး ဘာကြောင့်သေဆုံးသွားသူများ တစ်ယောက်ပြီးတစ်ယောက် သူ့ရှေ့ပြန်ပေါ်လာသည်ကိုမြင်တော့ သူ့အတွေးက ပိုခိုင်မာလာခဲ့သည်။ သူ အရာအားလုံးမဖြစ်ပျက်သေးခင် အတိတ်ကာလကို ပြန်လည်ရောက်ရှိနေခဲ့သည်။

သူမ၏မိခင်က ထောင်မကျသေးခင် လူသားပီသသည့်အခြေအနေမှာ ရှိနေသေးသည်။ တန်ဖိုးကြီးသည့် ဒီဇိုင်နာဝတ်စုံကို ဝတ်ထားပြီး ကောင်းစွာပြုပြင်ထိန်းသိမ်းထားပြီး အရေးအကြောင်း တစ်မျှင်တောင်မထင်သေးသည့် မျက်နှာဖြင့် သူ့မိခင်က သူ့ဆီကို အမြန်ချဉ်းကပ်လာခဲ့သည်။ သူမက ကမ္ဘာ့နာမည်ကြီး တယောပညာရှင်၊ အထက်တန်းလွှာမှ အမျိုးသမီးဘဝတွင် ရှိနေဆဲဖြစ်ပြီး လူသတ်သမားဟု ဘယ်သူမှ မခေါ်ကြသေးပေ။

ရုတ်တရက် သားသမီးနှစ်ဦး မျက်နှာချင်းဆိုင်မိကြပြီး ရွှယ်ဇီရွှမ်၏စိတ်ထဲ ရွံ့ရှာမှုတို့ပေါ်လာကာ သူ့ပုံစံက အေးစက်စက်ပုံပြန်ဖြစ်သွားပြီး မျက်လုံးထဲကမျက်ရည်တို့ ပျောက်ကွယ်သွားကုန်သည်။

လုံခြုံရေးတွေက တန်ဖိုးကြီးအဝတ်အစားနှင့် ရွှယ်လီဒန်နီအပြင် သူမ၏ခရီးဆောင်သေတ္တာကို ကိုင်ထားသည့် လက်ထောက်များကိုတွေ့တော့ ဒီလူငယ်က အသိုင်းအဝိုင်းကြီးကဆိုတာ သိလိုက်ရလို့ ချုပ်ထားရာကနေလွှတ်ပြီး နောက်ဆုတ်သွားကြသည်။

"စိတ်ရောဂါဌာနက လူလွတ်တစ်ယောက်မှ ထွက်မပြေးသွားပါဘူး.. မင်းတို့ တခြားဌာနကို မေးလိုက်ပါ.."

ဝေါ်ကီတော်ကီထဲက ဖြေသံကိုကြားတော့ ရွှယ်လီဒန်နီ၏မျက်နှာက မည်းခနဲဖြစ်သွားသည်။ ဒါပေမယ့် သူမ ဘာမှမပြောခင် သူမသားကို ကူတွဲပေးဖို့ လက်ကိုဆန့်လိုက်သည်။

ရွှယ်ဇီရွှမ်၏ကြွက်သားတွေက တင်းခနဲဖြစ်သွားပြီး နှလုံးခုန်သွားပေမယ့် သူက မငြင်းဆန်လိုက်ပေ။ သူ့အမေကို အေးစက်စွာစိုက်ကြည့်ရင်း ခြေထောက်က အေးစက်လာတာကို သတိထားလိုက်မိသည်။ သူက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ရှောင်ရီသာ ဒီမြင်ကွင်းကိုတွေ့ရင် ဘယ်လိုနေမလဲဟု တွေးလိုက်သည်။ ငါက နှစ်ရာချီ၊ ထောင်ချီ စောင့်ခဲ့ရပြီးပြီပဲ။ နောက်ထပ် နည်းနည်းထပ်စောင့်ရလည်း ဘာမှမဖြစ်ပါဘူး..။

သူက ရွှယ်လီဒန်နီကိုဖက်ပြီး ဓာတ်လှေကားရှိရာကို လျှောက်လာခဲ့သည်။ ဓာတ်လှေကားတံခါး ပွင့်လာပြီး ဖူဘိုနှင့် ရွှယ်ကျင်းရီတို့ အထဲမှာရှိနေကြသည်။ သူတို့က သူ့ကိုတွေ့တော့ မျက်နှာပေါ်မှာ အံ့အားသင့်ဟန်ပေါ်လာသည်။

"သခင်လေး.. ဖိနပ်မြန်မြန်စီးပါ.."

ဖူဘိုက ခြေညှပ်ဖိနပ်ကို ချပေးပြီး ပြောလိုက်သည်။

"ကိုကို နေကောင်းရဲ့လား.."

ရွှယ်ကျင်းရီက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ရွှယ်ဇီရွှမ်က ဒီရွှယ်မိသားစုထဲက ဘယ်သူ့ကိုမှ မမြင်ချင်၊ စကားမပြောချင်သေးပေ။ ဒီလူတွေက သူချစ်ရတဲ့လူအပေါ် လုပ်ခဲ့တဲ့မကောင်းမှုတွေအားလုံးကို သူ ပြတ်ပြတ်သားသား သတိရနေဆဲဖြစ်သည်။ သူ့ကိုယ်သူသာမက ဒီလူတွေကိုလည်း သူ ခွင့်မလွှတ်နိုင်သေးပေ။ သူတို့သေသွားမယ်ဆိုရင်တောင် ခွင့်မလွှတ်နိုင်ပေ။

သူက ဖိနပ်ကိုစီးပြီး ဓာတ်လှေကားထဲ ဝင်လိုက်သည်။ ဒီလိုအေးစက်စက်နှင့် လျစ်လျှူရှုလိုက်သည့်ပုံစံကို မတွေ့ဖူးသောကြောင့် ရွှယ်ကျင်းရီနှင့် ဖူဘိုက ရှက်ရွံ့ကာ တုန်လှုပ်သွားကြသည်။ ရွှယ်လီဒန်နီက သားဖြစ်သူရဲ့အခြေအနေကို စိုးရိမ်သောကြောင့် အပေါ်ကိုရောက်ရောက်ချင်း ဆရာဝန်တွေကို မေးကြည့်ပေမယ့် ဘာပြဿနာမှမရှိတာ သိလိုက်ရသည်။

"ECG စစ်ချက်တွေ ထွက်လာပြီ.. အခြေအနေ အားလုံးကောင်းတယ်.. တကယ်လို့ မဒမ်စိတ်မချရင် ဆေးရုံမှာ သူ့ကိုဆက်နေခိုင်းပြီး ကျွန်တော်တို့ စောင့်ကြည့်လို့ရပါတယ်.."

ဌာနမှူးဆရာဝန်က အကြံပေးခဲ့သည်။

ရွှယ်လီဒန်နီက သဘောတူပေမယ့် ရွှယ်ဇီရွှမ်က အေးစက်စက်ဖြင့် ဗီတိုအာဏာသုံးကာ ပယ်ချလိုက်သည်။

"မလိုဘူး.. ခုချက်ချင်း ဆေးရုံဆင်းဖို့ လိုအပ်တာစီစဉ်ပေးပါ.."

သူက ဒီစကားပြောရင်း နာရီကအချိန်ကိုကြည့်ကာ ဒီအချိန်ဆိုရင် ရှောင်ရီက သူတို့ရွှယ်မိသားစုအိမ်တော်ကို ခေါ်ဆောင်လာခြင်းခံရပြီဟု တွေးနေသည်။ ဒီကမ္ဘာနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲ ဘာမှမမှတ်မိပေမယ့် ဒီကောင်လေးရဲ့အပြုံး၊ လှုပ်ရှားမှုလေးတစ်ခုကအစ အရိုးထဲစွဲနေသလို မှတ်မိနေသည်။ ဒီဟာက သူ့စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးမှာ မှတ်သားထားမိတဲ့ အချက်လည်းဖြစ်သည်။ ဒီကမ္ဘာက ကမ္ဘာအစစ်ဟုတ်သလား၊ မဟုတ်ဘူးလား..၊ ဒီဟာတွေက တကယ်လား၊ ပုံရိပ်ယောင်ခံစားချက်လား..၊ ဘာဖြစ်ဖြစ် မထူးခြားလှပေ။

"သား.. ဘာကြောင့် ဆေးရုံမှာ ဆက်မနေရတာလဲ.. အမေက သားရဲ့ပွဲတွေကို လဝက်စာလောက် နောက်ဆုတ်လိုက်ပြီးပြီ.. ဘာပဲဖြစ်ဖြစ် သားရဲ့ကျန်းမာရေးက အရေးကြီးဆုံးလေ.."

ရွှယ်လီဒန်နီက အပြင်းအထန် ဖျောင်းဖျလိုက်သည်။

"ဟုတ်တယ်အစ်ကိုကြီး.. ညီမလေးကိုပဲကြည့်လေ.. ညီမလေးဆိုရင် ကျန်းမာရေးမကောင်းလို့ လုပ်ချင်တာလည်း မလုပ်ရဘူး.. အစ်ကိုကြီးက ညီမလေးလို ဖြစ်ချင်လို့လား.."

ရွှယ်ကျင်းရီက ရယ်မောကာ ပြောလိုက်သည်။

ရွှယ်ဇီရွှမ်က မလှုပ်ပေ။ သူက ဗီရိုကိုဖွင့်ပြီး အဝတ်အစားကိုထုတ်ရင်း မသိမသာမေးလိုက်သည်။

"ရှောင်ရီကော.. သူဘယ်မှာလဲ.."

"ရှောင်ရီက ဒီမှာလေ.. သား ရူးသွားပြီလား.. ဒေါက်တာ.. .ကျွန်မသား တကယ်ပဲ တစ်ခုခုဖြစ်နေပြီထင်တယ်.."

ရွှယ်လီဒန်နီက 'ရှောင်ရီ' ဆိုတာ ရွှယ်ကျင်းရီကိုပြောတယ်လို့ ထင်သွားခဲ့ပြီး အစက အေးဆေးနေပေမယ့် အခုတော့ စိတ်ပူလာခဲ့သည်။ လူတစ်ယောက်လုံးရှေ့ထားပြီး မေးနေတာက သူမသား သတိလစ်နေချိန် ခေါင်းထိသွားပြီး ဦးနှောက်ပျက်သွားသလားဟု တွေးလိုက်မိသည်။

ဆရာဝန်လည်း ပုခုံးတွန့်ကာ မသိဘူးဟုပြောပြီး အမြန်ထွက်သွားတော့သည်။

"အစ်ကိုကြီး.. ညီမလေး ဒီမှာလေ.. အစ်ကိုကြီး သတိမေ့နေတဲ့တလျှောက်လုံး ညီမလေး ဘေးမှာရှိနေပါတယ်.."

ရွှယ်ကျင်းရီက ရှက်စိတ်ကို ဖုံးဖို့ကြိုးစားပြီး အစ်ကိုကြီး၏လက်မောင်းကို ဖက်တွယ်ကာ ပြောလိုက်သည်။ သူမက သမီးရင်းမဟုတ်တာကြောင့် စိုးရွံ့တာထက် ပျော်တာကပိုသည်။ သွေးသားရင်းမဟုတ်သောကြောင့် သူမ၏ခံစားချက်ကို နောင်မှာ ပွင့်လင်းစွာပြောပြပြီး ချစ်သောအစ်ကိုကြီးနှင့် ငြိမ်းချမ်းစွာ တစ်သက်လုံးနေသွားရဖို့ မျှော်လင့်မိသည်။

သူမဖက်တွယ်ထားသည့်လက်မောင်းက မြွေတစ်ကောင်လာရစ်ထားသလို အေးစက်စက်နဲ့ ရွံရှာဖွယ်ကောင်းတယ်လို့ ခံစားလိုက်ရပြီး ရွှယ်ဇီရွှမ်က သူမလက်ကိုပယ်ချကာ သူ့အိတ်ကိုကောက်ကိုင်ပြီး မျက်လုံးမှေးစင်းကာ မေးလိုက်သည်။

"ကျွန်တော် ဟွမ်ရီအကြောင်းမေးနေတာ.. သူ ဘယ်မှာလဲ.."

ရွှယ်ကျင်းရီ၏မျက်နှာသည် အနီရောင်ဖြစ်သွားပြီး ရှက်ရွံ့စွာဖြင့် မိမိဖက်တွယ်သည်ကို ရှောင်တိမ်းသွားသည့် အကိုကြီးကို ငေးကြည့်ကာ စကားမဆိုနိုင်အောင်ဖြစ်နေသည်။ ရွှယ်လီဒန်နီသည် သားဖြစ်သူ၏ အမေးကြောင့် စိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။

"သား မေ့သွားပြီလား။ ဘာလို့ သူ့ကို ရုတ်တရက်မေးတာလဲ။ သူက အခု စံအိမ်တော်မှာ ချုပ်ထားတယ်လေ။ ဘယ်လိုဖြစ်ဖြစ် သူထွက်ပြေးလို့ မရပါဘူး  "

ဟွမ်ရီက သူမ မွေးစားသမီးရဲ့ အကိုရင်းဖြစ်နေတာကြောင့် ခုလိုပြောလိုက်တာ မသင့်တော်ဘူးလို့ တွေးမိလို့ ဖူဘိုကို တချက်ကြည့်လိုက်သည်။ ဖူဘိုက အလိုက်တသိဖြင့် ထိုကောင်လေးကို စံအိမ်တော်မှာ သေချာစောင့်ကြပ်ကာ ထားရှိကြောင်း ရွှယ်ဇီရွမ်ကို ဖြေကြားလိုက်သည်။


သူတို့ရဲ့တုံ့ပြန်မှုကိုမြင်တော့ ရွှယ်ဇီရွမ်၏ နှလုံးသားက နိမ့်ဆင်းသွားသလို ခံစားလိုက်ရသည်။ သူတို့ စတင်နေပြီလား။ ရက်စက်သည့် အကြံစည်ဖြင့် သွေးအေးစွာ သတ်ဖြတ်ကာ နှလုံးကို ထုတ်ယူလိုက်ခြင်းဖြင့် ကောင်လေးကို သေအောင်ကြံစည်ခဲ့လို့ သူချစ်တဲ့ကောင်လေး  သူ့ကို ထာဝရစွန့်ခွာသွားစေခဲ့သည်။ ရွှယ်ရန်နှင့် ထိုကောင်လေး၏   ကမ္ဘာကြီးကို လှုပ်ခါစေသော မင်္ဂလာပွဲကို အမှတ်ရ သောအခါ သူ၏နှလုံး နာကျင်လာပြီး ရွှယ်ဇီရွမ်  ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်လာခဲ့သည်။

"ကျွန်တော် အခုဆေးရုံက ဆင်းချင်တယ်!"

သူသည် အဝတ်များကိုသေသပ်စွာခေါက်ခြင်း မရှိဘဲ သူ၏သေတ္တာထဲသို့ ကျပန်းထည့်ကာ ပြောလိုက်သည်။ ရွှယ်ဇီရွမ်၏ ယခုပုံစံက ရွယ်လီဒန်နီ ဘယ်လိုမှ မထင်ထားသည့် လုပ်ရပ်ဖြစ်သောကြောင့် သေလုအောင်စိတ် ပူနေပေမယ့် ခေါင်းမာသည့် သားဖြစ်သူကို တားမရသဖြင့် သူမ၏ လက်ထောက်ကို ဆေးရုံဆင်းဖို့ စီစဉ်ခိုင်းလိုက်ရတော့သည်။



 ဇိမ်ခံကားတစ်စီး ဆေးရုံ ဝင်ပေါက်တွင် တဖြည်းဖြည်း ရပ်တန့်သွားသည်။ ယာဉ်မောင်းသည် ကားပေါ်မှဆင်းပြီး သူ၏အလုပ်ရှင်အတွက် တံခါးဖွင့်လိုက်တော့ ရွှယ်ဇီရွမ်က ကားထဲ အမြန်ဝင်လိုက်သည်။ သူ့နောက်မှ ရွယ်ကျင်းရီ ကပ်လိုက်လာပြီး ကားထဲဝင်မည်အပြု   "ရှေ့တန်းကိုသွားပါ" ဟု  ပြောလိုက်သည်။ သူက မွေးစားညီမအတွက် မည်သည့်ခံစားချက်မျိုးမှ မရှိသည့်အပြင် သူမကို မုန်းဖို့တောင် အားစိုက်ထုတ်ချင်စိတ်မရှိပေ။ မုန်းတယ်ဆိုတာ လူတစ်ယောက်ကို အသိမှတ်ပြုရာရောက်နေသေးသည်။ ရွှယ်ကျင်းရီက သူ့အမုန်းကိုပင် ရရှိဖို့ မထိုက်တန်ပေ။ ဖြစ်နိုင်မယ်ဆိုရင် သူမနှင့် တူညီသည့် နေရာမှာတောင် မရှိချင်ပေ။ အခု အတူရှိရတော့ သူမ လုံးလုံးမရှိသလို လျစ်လျူရှုပြီး သူမနှင့် တတ်နိုင်သမျှ ဆက်သွယ်ပြောဆိုခြင်း မရှိအောင် ရှောင်လိုက်သည်။

ရွှယ်ကျင်းရီသည် ကားမောင်းသမားဖွင့်ပေးသည့် ကားရှေ့ခန်းတွင် စိတ်မကောင်းစွာငေးကြည့်ကာ ဝင်ထိုင်လိုက်သည်။ သူမ၏ သနားကမား အမူယာက ရွှယ်ဇီရွမ် ကို ကြင်နာမှုမဖြစ်စေရုံသာမက အရင်ဘဝက  သူမက သူ၏ အားနည်းကာ သနားစရာပုံစံကို အကာကွယ်ယူကာ သူမ၏အကိုရင်းကို အသုံးချကာ နောက်ကွယ်မှနေပြီး လူသတ်မှုကို ရက်စက်စွာလုပ်ဆောင်ခဲ့သည်ကို ပြန်သတိရလာစေသည်။

အကယ်၍ သူမအတွက်မဟုတ်ခဲ့ပါက သူနှင့် ရှောင်ရီတို့၏ ဆက်ဆံရေး သည်ပြန်လည်ပြုပြင်လို့ မရနိုင်သည့် အဆင့်ကို ရောက်သွားမည် မဟုတ်ပေ။ ဒီအတွက် သူလည်း အပြစ်မကင်းသလို ခံစားနေရသည်။ သူ့အပြစ်လည်း ပါသောကြောင့် သူမကို အပြစ်တင်လည်း မထူးတော့ပေ။

ရွှယ်ဇီရွမ်သည် အခုခံစားချက်ကြောင့် မျက်လုံးပူလာပြီး ငိုချင်စိတ် ပေါက်လာပေမယ့် အောင့်ထားလိုက်သည်။ အာကာသနယ်မြေထဲတွင် ရှိစဉ် အရမ်းကို ပြိုလဲနေသည့် အခြေနေမှာတောင် ဘယ်လို ဆက်လက် ရှင်သန်ရမည်ကို သူ သင်ယူခဲ့ပြီးဖြစ်သည်။  သူ့ချစ်သူက သူနဲ့ဝေးနေ ရပေမယ့် အင်တာနက်နှင့် ဝိုင်ဖိုင်ရနေသရွှေ့ အဝေးကနေ သတင်း အချက်လက်တွေ ကို ရယူပြီး သူ့ကို တောက်လျှောက် စောင့်ရှောက်ပေး ခဲ့သည်။ ထိုကောင်လေး သေပြီလို့ ကြားလိုက်ရတဲ့ နေ့က သူ့နှလုံးသား လည်း အေးစက်သွားခဲ့သည်။

အခု သူပြန်လာပြီ။ လူငယ်လေးလည်း ဒီမှာရှိနေသည်။ ဒီထက်ကောင်း တဲ့အရာ ဘာမှမရှိတော့သလို၊ အံ့သြစရာမရှိတော့ပေ။ ရွှယ်ဇီရွမ်သည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး  စိတ်လှုပ်ရှားမှုကြောင့် မငိုမိအောင် အသက်ကို ပြင်းပြင်းရှုပြီး ထိန်းနေရသည်။

" သား၊ ဘာဖြစ်တာလဲ၊  မသက်မသာ ဖြစ်လာလို့လား။ အမေတို့ဆေးရုံကိုပြန်သွားမလား"

ရွှယ်လီဒန်နီ ကစိုးရိမ်တကြီးပြောလိုက်သည်။ ရွယ်ကျင်းရီအတွက် အိမ်တွင် ကိုယ်ပိုင်ဆေးခန်းကို အထူးဆောက်လုပ်ထားပေမယ့် နှလုံးရောဂါကုသရန်အတွက် ကိရိယာများနှင့်ဆေးဝါးများသာရှိသည်။ သူမသားက ဘာမှန်းမသိမေ့မြောသွားရာက သတိရလာပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သော အခြေအနေတွင်ဆေးရုံ တက်နေတာက  ပို၍ လုံခြုံသည်။

"ဒရိုင်ဗာ မြန်မြန်မောင်းပါ  "

 ရွှယ်ဇီရွမ် ကအဖြေမပဲ ကားမြန်မြန်မောင်းဖို့ လောဆော်လိုက်သည်။

"သား ဘာဖြစ်လို့လဲ... မင်းမျက်နှာ ဖြူဖျော့နေတာတောင် ဆရာဝန် မပြချင်တာ အမေ့ကို စိတ်ပူလို့ သေစေချင်တာလား  "

သူမ၏သားက ယခင်ကဲ့သို့ အေးတိအေးစက်နှင့် လျစ်လျူရှုသည့်ပုံစံ ဖြစ်နေသော်လည်း  ရွှယ်ဇီရွမ် က ကြောက်ရွံ့တုန်လှုပ်နေသည်ကို   ရွှယ်လီဒန်နီက ပထမဆုံးမြင်ဖူးလိုက်ခြင်းဖြစ်သည်။

သူ ဘာကိုကြောက်နေတာလဲ။

"အမေ၊ ကျွန်တော် အဆင်ပြေတယ်။ ကျွန်တော် အိမ်ပြန်နားချင်တယ်။ "

 ရွှယ်ဇီရွမ် က အိမ်ကို အမြန်ပြန်ပြီး သူချစ်သည့် လူငယ်လေးနှင့် တွေ့ချင်လှပြီ။ ဒါမှ ကွဲကြေနေသည့် သူ့နှလုံးသားလည်း ပြန်ကောင်းလာလိမ့်မည်။ နာကျင်နေရသည့် သူ့စိတ်ဝိဉာဉ်လည်း ငြိမ်းချမ်းမှုရလိမ့််မည်။ ဒီလူငယ်လေးကြောင့် ပေါက်ဖွားလာသည့် အချစ်၊ ဒီလူငယ်လေးကြောင့် သေဆုံးသွားရသည့် အချစ်တို့ တဖန် ပြန်လည်ဖြစ်တည်လာပြီး နှစ်ကိုယ့်တစိတ်ပြန်ဖြစ်သွားနိုင်မည်ဟု တွေးကာ ရင်ထဲပန်းတွေပွင့်လာသလို ခံစားလိုက်ရသည်။

အကယ်၍ သူ့မှာ တောင်ပံတစ်စုံရနိုင်မယ်ဆိုရင်  ယခုချက်ချင်း ပျံသန်းသွားပြီး ချစ်ရသည့် ကောင်လေးကို သူ့လက်များဖြင့် ိုခိုင်မြဲစွာဖက်ထားကာ ရင်ဘတ်ထဲသိုဝှက်ထားပြီး တခါတည်း အပိုင်သိမ်းထားချင်တော့သည်။

ရွှယ်လီဒန်နီသည် သား၏မျက်လုံးများထဲမှ မှေးမှိန်သည့် မျက်နှာထက်မှ စိတ်ရှုပ်ထွေးနေသည့် အရိပ်ကို မြင်တော့ စိတ်ပူသွားမိသည်။ သူမ၏ သားက သူ့ညီမရင်း သေဆုံးသွားတုန်းကလည်း မျက်ရည်မကျပဲ ခုလို အေးစက်စက်ပုံဖြစ် ခဲ့သည်။ သားဖြစ်သူ ဘာတွေကြုံတွေ့ခဲ့ရတာလဲ။ ဒီလိုဖြစ်အောင် ဘယ်သူကလုပ်ခဲ့တာလဲ။ ဒါမှမဟုတ် သူမစိတ်ထင်တာလား။

ကားသည် စိမ်းလန်းစိုပြေသောဂေါက်ကွင်း၏ ဟိုးအတွင်းဘက်ရှိ   villa ရှိရာကို ဦးတည်လာခဲ့သည်။ ကား ဘီးများသည်ကျောက်စရစ်ခဲများ ခင်းထားသည့် လမ်းတစ်လျှောက် ဖြတ်မောင်းကာ ဆူညံသံထွက်လာ သည်။ ရွှယ်ဇီရွမ် သည်  လက်သီးကိုကို ဆုပ်ကာအံကိုကြိတ်ထားပြီး မျက်လုံးများက ပူစပ်လို့လာသည်။

သူသည် အကြိမ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်သည်၊ ကြောက်ရွံ့ ခြင်း နှင့်မျှော်လင့်ခြင်းက သူ၏ရင်ဘတ်ထဲတွင်  ရှုပ်ထွေးမှုတစ်ခုဖြစ်လာပြီး သူ့ကို ပို၍ ဖိအားများလာစေသည်။ ဤအခိုက်အတန့်၌ သူ အိမ်ပြန်လာရသည့်ခံစားချက်က ဘယ်လိုဆိုတာ နောက်ဆုံး နားလည်ခဲ့သည်။  ဒုတိယအခွင့်အရေးရချင်သည့်  အနက်ရှိုင်းဆုံးဆန္ဒ လည်း ပြည့်ခဲ့လေပြီ။ ဒါပေမယ့် အိမ်ကိုရောက်ဖို့နီးလာလေ စိတ်လှုပ်ရှားလာလေဖြစ်သည်။

"အမေတို့အိမ်ကို ပြန်ရောက်ပြီ။ ဇီဆွမ်။ ဘာဖြစ်လို့လဲ။ နေလို့မကောင်းဘူးလား။ အမေက ဆေးရုံမှာနေဖို့ပြောပေမယ့် မင်းက နားမထောင်ခဲ့ဘူး။ Xiao Wang၊ ငါတို့ကို ဆေးရုံကိုပြန်ပို့ပေး!"

ရွှယ်လီဒန်နီက  ကားထဲမှထွက်ခဲ့ပြီး ခဏစောင့်ခဲ့ပေမယ့်  သူမ၏သား မလှုပ်ရှားသေးကြောင်းတွေ့တော့ သူမ အလျင်အမြန် ကား အတွင်းပိုင်း ကို ငုံ့ကာ ကြည့်ရှုလိုက်စဉ် သူမ၏သား၏ ဖျော့တော့သည့် မျက်နှာထက် နဖူးပေါ်တွင် ချွေးတို့ သီးနေသည်ကို တွေ့သော် စိုးရိမ်ကာ အမိန့်ပေးလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ်။ ဆေးရုံကိုသွားစရာမလိုပါဘူး"

ရွှယ်ဇီရွမ် ကအသည်းအသန်ဖြေကြားခဲ့သည်။ အကယ်၍   ဂရုတစိုက် နားထောင်ပါက သူ၏အသံမှ အားနည်းနေသည့် တုန်ခါမှုကို သိမြင်နိုင်သည်။ သူသည်  မျက်တောင်ခတ်လျက်၊  မျက်ရည်များ ထွက်မလာအောင်ထိန်းကာ ကားပေါ်မှဆင်းလိုက်သည်။ သူသည်ရှေ့သို့ ခြေလှမ်းလှမ်းပြီးနေရောင်ခြည်ဖြာကျနေသည့် ကောင်းကင်ကို နောက်ခံထားသည့် အိမ်ကိုစိုက်ကြည့်နေခဲ့သည်။

"ကိုကို အပြင်မှာအေးတယ်။ အထဲမှာသွားနားရအောင်...  "

ရွှယ်ကျင်းရီက  သူ့ လက်မောင်းကိုဆုပ်ကိုင်ရန်ကြိုးပမ်းစဉ် သူမ လက်ကို သူက ညင်သာစွာ တွန်းဖယ်လိုက်သည်။ ရွှယ်ဇီရွမ်က သူမ အနားမကပ်လာခင် ရှောင်ကာ အိမ်ကြီးရှိရာကိုလျှောက်လာခဲ့သည်။ ပထမ သူ့ခြေလှမ်းတွေက နှေးကွေးပေမယ့် တဖြည်းဖြည်းမြန်လာပြီး အိမ်တော်ထဲကို အမြန်ဝင်လာခဲ့သည်။ သူက သစ်သားတံခါးမကို အရှိန် နှင့်တွန်းဖွင့်ကာ အိမ်ထဲဝင်လိုက်စဉ် ဧည့်ခန်းက ဗလာကျင်းနေသည်။ မီးဖိုချောင်ထဲတွင် အိမ်ဖော်များနှင့် သူနာပြုဆရာမများက အတင်းပြောကာ ရယ်မောနေကြသည်။

 အိမ်ရှေ့တံခါးဖွင့်နေသံကို ကြားသည့်အခါ သူတို့သည်မျက်နှာများ  အံ့အားသင့်သွားပြီး အပြင်ကို ပြေးကာ ထွက်လာကြသည်။
 
"မစ္စတာ ရွှယ် သတိရလာပြီလား"

"သခင်လေး ဆေးရုံကပြန်လာပြီလား။ ကျွန်မ ဆန်ပြုတ်ပြုတ်ထားတယ်။ တစ်ပန်းကန် ထည့်ပေးရမလား။ အိုး...သခင်မကြီးနဲ့ သခင်မလေးလည်း ပြန်လာပြီပဲ "

သူနာပြု Xiao Deng သည် ရွှယ်လီဒန်နီ၏ ခရီးဆောင်အိတ်များကို ကူသယ်ပေးပြီး  ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ရွှွှယ်ကျင်းရီကို  ဆိုဖာပေါ်တွင်ထိုင်စေသည်။

ရွှယ်ဇီရွမ်က သူတို့ကိုလျစ်လျူရှုပြီး ဧည့်ခန်းကို ပတ်ကြည့်ပေမယ့် သူရှာနေသည့် လူငယ်လေးကို မတွေ့ရပေ။ ကောင်လေးက အောက်ထပ်မှာ နေလေ့မရှိသည်ကို သတိရသွားပြီး အပေါ်ထပ်ကိုလှမ်း ကြည့်လိုက်သည်။ ထိုအချိန်တွင် လူငယ်တစ်ယောက်သည်လှေကားထိပ် ကနေပြီး သူတို့ကို ခေါင်းပြူကြည့်နေသည်။

"မစ္စတာ ရွှယ် ခင်ဗျား ပြန်လာပြီလား "

ကျိုးယွင်ရှန့်က မျက်နှာမချလိုက်ရသေးချင် ရွှယ်ဇီရွမ်၏ နက်ရှိုင်းသည့် မျက်ဝန်းနှင့် အကြည့်ခြင်းဆုံသွားသည်။ ဟုတ်တာပေ့ါ။ ဆေးရုံကနေ ဆင်းလာပြီ။ လူကောင်းတွေသာ ငယ်ငယ်လေးနှင့် သေဆုံးကြသည်။ မကောင်းဆိုးဝါးလိုလူတွေက တော်တော်နှင့်မသေတတ်ကြပေ။

"အင်း...ဟုတ်တယ် ငါပြန်လာပြီ"

ဒီတစ်ခါတော့ မင်း ကိုယ့်ကိုကာကွယ်ပေး ဦး မှာလား။

ဤစကားများသည် တစ်ချိန်က သူ၏အိပ်မက်များထဲတွင်  အကြိမ် ကြိမ်ပြောနေမိသည့် စကားများဖြစ်သည်။ အခု သူ့ အိပ်မက် အကောင်ထည် ပေါ်လာသည့်အခါ  သူ လက်တွေ့ ပြောမထွက်နိုင်သဖြင့်  စိတ်ရှုပ်ထွေးနေသည်။ သူသည်လှေကားထစ်များကို ဂရုတစိုက်မပဲ အပေါ်ထပ်ကို ပြေးတက်လာပြီး ကောင်လေးကို သူ့လက်မောင်းများကြား ထွေးပွေ့ကာ တင်းတင်းဖက်ထားလိုက်သည်။

"ကိုယ်ပြန်လာပြီ၊ နောက်ဆုံးတော့ပြန်လာပြီ"

သူ၏ခေါင်းကို လူငယ်လေး၏နွေးထွေးသောပခုံးထက်တွင်မြှုပ်ထားပြီး သူ၏မျက်နှာပေါ်တွင် အလွန်ပူဆွေးသောကရောက်နေခြင်းနှင့် ခါးသီးနာကျင်မှုများကြောင့် မျက်ရည်များ  မထိန်းနိုင်ပဲကျဆင်း လာတော့သည်။ သူသည်ပါးစပ်ကိုဖွင့ ်၍ စကားပြောနိုင်အောင်  ကြိုးပမ်း ခဲ့ပေမယ့် ရုတ်တရက်သဘောပေါက်လိုက်တာက ယခုအချိန် လူငယ်လေး၏အသက်ရှူသံ၊ နှလုံးခုန်သံနှင့်ခန္ဓာကိုယ်အပူချိန်များကို ခံစားချင်တာထက် ဒီ ကမ္ဘာပေါ်တွင် သူ လိုချင်တာ ဘာမှ မရှိတော့ပေ။

သူက ငိုချင် စိတ်ကိုပြင်းပြင်းထန်ထန်ချိုးနှိမ်ထားပြီး နှလုံးသားထဲမှာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ပြည့်နှက်နေတော့ ဒီကောင်လေးကို ထပ်ပြီး ဆုံးရှုံးသွားမှာကို ကြောက်ရွံ့စိတ်တို့ကြောင့် တုန်ယင်လာရာ သူဖက်ထားသည့် ကောင်လေးကိုယ်ကပင် လိုက်ပါ တုန်ယင်လာသည့် အထိဖြစ်လာသည်။

ကျိုးယွင်ရှန့်က သူ့ပခုံးထက်တွင် စိုစွတ်ခြင်းကိုခံစားလာရပြီး သူ့ကို တင်းတင်းဖက်ထားသည့် အင်အားကြီးသည့် သခင်လေးက တစုံတခုကြောင့် စိတ်ထိခိုက်နေဟန်ဖြင့်  တိတ်တဆိတ် မျက်ရည်တွေ စီးကျနေပြီး တီးတိုးရှိုက်သံက အလွန်စိတ်မကောင်းစရာလို့ မြင်လာစေ သည်။ ရွှယ်ဇီရွမ်ကို တခုခု စိတ်မကောင်းဖြစ်အောင် လုပ်မိမည် စိုးသောကြောင့် လှေကားအောက်ခြေရှိ ကျန်မိသားစုဝင် များသည် သူတို့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်ပြီး ချဉ်းကပ်ရန်တွန့်ဆုတ်နေ ကြသည်။

ကျိုးယွင်ရှန့် ရုတ်တရက်ရယ်ချင်လာခဲ့သည်။ ဒီအခြေအနေတစ်ခုလုံး ဘာဖြစ်သွားတာလဲ။ အခြားလူတွေကို လျစ်လျူရှုပြီး သူ့ကို ပွေ့ဖက်နေသည်။ ရွှယ်ဇီရွမ်က ဆေးရုံမှဆင်းပြီးသူ၏ ဦးနှေက် ပျော့ပြောင်းသွားပြီလား။ ဒါပေမယ့် သူက ရွှယ်ဇီရွမ်ရဲ့ ဝမ်းနည်းမှုကို နားမလည်နိုင်သကဲ့သို့ စာနာ ၍လည်း မရနိုင်ပါ။ ကိုယ့်ရဲ့နှလုံးကို ထုတ်ယူတာထက် ဆိုးတာ ဘာရှိသေးလဲ။  သူ့ နှလုံး အထုတ်ခံရမယ် ဆိုတာ သိတာတောင် သူ မငိုတာ။ ရွှယ်ဇီရွမ်က ငိုဖို့ အရည်ချင်းရှိ လို့လား။

ကျိုးယွင်ရှန့်က ရွံရှာစိတ်ကို မြိုသိပ်ပြီး မေးလိုက်သည်။

" Mr. ရွှယ် တစ်ခုခုဖြစ်ခဲ့တာလား" ဟုတိုးတိုးပြောလိုက်သည်။

ရွှယ်ဇီရွမ်က ဘာမှပြန်မဖြေပဲ ကောင်လေး၏ ခါးကို တင်းတင်းဖက် ထားသည်။ ဖက်ရုံမက ညစ်ထားသလိုကို တင်းကျပ်လို့နေသည်။  အခြားရွေးချယ်စရာလမ်းမရှိသောကြောင့် သူသည် ရွှယ်ဇီရွမ်၏ခေါင်းကို ပွတ်သပ်လိုက်ပြီး နှစ်သိမ့်လိုက်စဉ် ဒဏ်ရာရနေသည့် လက်ချောင်းများက နာကျင်လာသည်။ သူက ထပ်ပြောလိုက်သည်။

 "မစ္စတာ ရွှယ်... တခုခုဖြစ်ရင် ထုတ်ပြောလိုက်ပါ။ ရင်ထဲမှာ မြိုသိပ်ထားတာ မကောင်းပါဘူး။ အခု အန်တီ  နဲ့ ကျင်းရီတို့  အရမ်းစိတ်ပူနေကြတယ်"

နောက်ဆုံးတွင် ရွှယ်ဇီရွမ် အငိုရပ်သွားပြီး ခေါင်းကိုထူကာ နီရဲနေသည့် မျက်လုံးများဖြင့် လူငယ်လေးကို စိုက်ကြည့်ပြီး နူးညံ့သည့် ဆံပင်များကို ပွတ်သပ်ကာ ဖျော့တော့စွာ ပြုံးပြလိုက်သည်။ သေချာသည်။ အခု ကောင်လေးက အပြစ်ကင်းသည့် ၁၆ နှစ်အရွယ်တွင်ရှိနေသည်။ ဘာမှ ဆိုးဆိုးဝါးဝါးမဖြစ်လောက်သေးပေ။  ကျိုးယွင်ရှန့်၏ ဆံပင်လေးကို ကိုင်တွယ်မိစဉ် သူ၏ကြောက်ရွံ့မှုနှင့်စိုးရိမ်မှုများအားလုံး ဝမ်းမြောက် ခြင်းနှင့်ကျေးဇူးတင်ခြင်းအဖြစ်သို့ပြောင်းလဲသွားသည်။ ရွှယ်ဇီရွမ်က ကောင်လေးရဲ့ ဆံပင်တွေကို မျက်နှာပေါ်ကနေဖြည်းဖြည်း ချင်း ဖယ် လိုက်ပြီးနူးညံ့တဲ့ ပါးကိုနမ်းလိုက်သည်။ ဒီအနမ်းထဲမှာ ဝမ်းနည်းမှုနှင့် ချစ်ခြင်းအပြည့်တို့ပါဝင်နေသည်။

အောက်ထပ်မှ ကြည့်နေသည့် ရွှယ်မိသားစုက မူးလဲချင်လုနီးပါး  အံ့အားသင့်ခဲ့သည်။ ကျိုးယွင်ရှန့်လည်း မယုံနိုင်အောင်ဖြစ်ကာ သူ့ပါးပြင်ကို ပတ်တီးစည်းထားသည့် လက်ဖြင့် ကိုင်ကြည့်နေမိသည်။

ရွှယ်ဇီရွမ်၏အေးဆေးတည်ငြိမ်သော အမူယာက ကောင်လေး၏  လက်ချောင်းများကို ပတ်ထားသည့် ပတ်တီးများစွာကို တို့ထိလိုက်သောအခါ သူ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ကမ္ဘာကြီးရဲ့ ရတနာ အဖြစ်သတ်မှတ်ခဲ့ကြသော ဒီလက်နှစ်ဖက်က  ထိခိုက်ဒဏ်ရာရခဲ့ဖူးတာလား? "

သူ့ဦး နှောက်၏ အနက်ဆုံးအနက်ရှိုင်းဆုံးနေရာ၌မြှုပ်နှံ ထားရသော လက်ရှိဘဝ၏ အမှတ်တရ အားလုံး ရုတ်တရက်သတိပြန်ရလာပြီး သူက သူက ဒီကောင်လေးကို သတ်ဖြတ်ဖို့ရည်ရွယ်ချက်ဖြင့်ခေါ်ဆောင်လာခြင်း၊ လူငယ်လေး၏ ထိတွေ့မှုကိုငြင်းပယ်ခြင်း၊ သူနှင့် ရင်းနှီးကျွမ်းဝင်ဖို့ ကောင်လေးရဲ့ ကြိုးစားမှုကိုငြင်းပယ်ခဲ့ပြီး သူ၏ စားပွဲတစ်ခုတည်း ထမင်းစားဖို့တောင် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး သူသည် စန္ဒရားအဖုံးကို ကောင်လေး၏ လက်ချောင်းများပေါ် ဖိချကာ ဒဏ်ရာရစေခဲ့သည်။

သူသည် ရက်စက်ကြမ်းကြုတ်သော မိမိ၏အတိတ် လုပ်ရပ်များကို ပြန်သတိရပြီး သူ့ဖာသာ မယုံနိုင်လောက်အောင်ဖြစ်နေမိသည်။ သူက ဒဏ်ရာရထားသည့် လက်ကို ဖွဖွလေး ဆုပ်ကိုင်ထားပေမယ့် သူ့လက်က တုန်ယင်လို့နေသည်။ သူ့ကြောင့် သူချစ်တဲ့ကောင်လေး နောက်ထပ် အန္တရာယ်ဖြစ်စေနိုင် မှာကိုကြောက်နေမိသည်။ သူ့နှလုံးသည် မခံမရပ်နိုင်အောင် နာကျင်လာပြီး ကောင်လေးအစား သူသာ ဖြစ်လိုက်ချင်သည်။

ဒီကောင်လေးက သူ့ရဲ့တစ်ဦးတည်းသော တစ်ယောက်တည်းသော ချစ်သူဖြစ်မယ်ဆိုတာ သူ အဲ့ဒီအချိန်တုန်းက မသိခဲ့ဘူး။ တကယ်လို့ သိခဲ့ရင် ဒီလိုကြမ်းတမ်းတာ၊ ဒဏ်ရာတွေရအောင် ဘယ်လုပ်ရက်မှာလဲ။

ရွှယ်ဇီရွမ် က ဒီဘဝကို သူ ပြန်ရောက်လာတာ နောက်မကျသေးဘူး လို့ထင်ပေမယ့် တကယ်တော့ သူက ဒီကောင်လေးကို နာကျင်အောင်လုပ်မိပြီး ဖြစ်နေသည်ကို သိရတော့  ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့်ဝမ်းနည်းခြင်းတို့ကြောင့် အသက်မရှူမရသလို ဖြစ်လာသည်။ ခက်ခက်ခဲခဲနှင့် အသက်ပြန်ရှုနိုင်ပြီးနောက် ဆွဲတစ်ဝက်ဖြင့် ကောင်လေးကို လှေကားအောက်ကို ခေါ်ချလာပြီး ပြောလိုက်သည်။

 "ဆေးရုံကိုသွားရအောင်..."

"ဟုတ်တယ်၊ ငါတို့ဆေးရုံကိုသွားမယ်။ Xiao Wang ဘယ်မှာလဲ၊ ကားကို ကားဂိုဒေါင်ကနေ အခုချက်ချင်းထုတ်ခဲ့ဖို့ ပြောလိုက်..."

 ရွှယ်လီဒန်နီက  သူမရဲ့ပုံကိုဂရုမစိုက်ဘဲ တံခါးနားမှာ အော်ဟစ်ကာပြေးထွက်သွားခဲ့သည်။ သူတို့အိမ်သို့ရောက်ချိန် မှစ၍ သူမ၏သားသည် ထူးဆန်းစွာပြုမူခဲ့ပြီး  ဟွမ်ရီကို ဖက်ကာ တုန်လှုပ်စွာ ငိုကြွေးခဲ့သည်။ ဒီမြင်ကွင်းက သူမရင်ကို ဆုပ်နယ်နေသလို ဝမ်းနည်းစေသည်။

 သူနှစ်ဦး သည်တစ် ဦး နှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှု မရှိကြောင်းနှင့်  အိမ်တစ်အိမ်တည်းတွင်နေထိုင်ကြသော်လည်း လမ်းပေါ်က သူစိမ်းနှစ်ယောက်နှင့်တွေ့ဆုံခြင်းသည်ပင် သူတို့ ဆက်ဆံရေးထက် ပိုကောင်းတာကို  သူမသေချာသိသည်။ သူမ သားကို ၀ မ်းနည်းပူဆွေးစေသည့်အရာမှာ ဟွမ်ရီနှင့်  လုံးဝမသက်ဆိုင်ပါ။ ဒါပေမယ့် သူမသားက အခြားလူအားလုံးကို လျစ်လျူရှုကာ ဟွမ်ရီကိုသာ တင်းကျပ်စွာဖက်ထားသဖြင့် သူမက ဒီအခြေအနေကို စဉ်းစားလို့မရတော့ပေ။ ဒါကြောင့် သူမရဲ့သား ကိုဆေးရုံသို့ပြန်ပို့ပြီး ဦး ခေါင်းကို သေချာစစ်ဆေးချင်နေသည်။

ရွှယ်ကျင်းရီသည်  တင်းကျပ်စွာပွေ့ဖက်ထားသည့် လူနှစ် ဦး ကိုငေးကြည့်နေပြီး လက်သည်းများက သူမ၏လက်ဖဝါးများထဲသို့ စိုက်ဝင်သွားအောင် လက်သီးဆုပ်ထားမိသည်။ လက်သည်းများက အသားကို ထိုးမိသည့် နာကျင်မှုက သူမ နှလုံးသားထဲက စူးအောင့်နာသည့် နာကျင်မှုကို ခဏတားထားနိုင်ပြီး  သူမရဲ့အမြင်အာရုံှဆီကို ကြည်သွားစေသည်။ သူမသည် သူမ၏ စိတ်ခံစားချက်ကို ဖိနှိပ်ထားရပြီး အခု သူမ အားနည်းစွာမေ့လဲသွားလို့ မဖြစ်ပေ။ ဟွမ်ရီကို သူမ အကိုကြီးနှင့် နှစ်ယောက်တည်း လွှတ်ထားလို့ မရတေ့ာပေ။


ဟွမ်ရီ ရောက်ရှိသည့် နေ့မှစ၍ သူမ စိတ်ထဲ၌အမြစ်တွယ်နေသော ဒီစွဲလမ်းမှုကို မဖယ်ရှားနိုင်ခဲ့ပါ။ သေချာတာပေါ့၊ ဟွမ်ရီက   သူမရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းချင်တယ်ဆိုရင် သူမက တားဆီးမှာ မဟုတ်ပေမယ့် အကိုကြီးကိုတော့ မပေးနိုင်ဘူး။ အကိုကြီးက သူမ တစ်ယောက်တည်း ပိုင်သည့်လူဖြစ်သည်။

တံခါးကို သူတို့ရောက်တဲ့အခါ ကားမောင်းသမားက ရေပန်းနားမှာ ကားကို  ဖြည်းဖြည်းရပ်လိုက်သည်။ ရွှယ်ဇီရွမ်တို့ ကားထဲဝင်ခါနီး လေဝေ့လိုက်သဖြင့် ရေပန်းက ရေစက်လေးတချို့ သူတို့ဘက်က စင်လာခဲ့သည်။ ရွှယ်ဇီရွမ် က ကောင်လေးရဲ့မျက်နှာကို ချက်ချင်း ကာပေးပြီး ရေစက်လေးများကို ကြင်ကြင်နာနာ သုတ်ပေးလိုက် သည်။

"ရှောင်ရီ တောင်းပန်ပါတယ်၊ ကိုကို မှားသွားခဲ့တယ်"

သူသည်  ကောင်လေး နာသွားမှာစိုးလို့ ပတ်တီးစည်းထားသော လက်များ ဖွဖွဆုပ်ကိုင်ကာ  တောင်းပန်လိုက်သည်။
ကျိုးယွင်ရှန့် ဒီတစ်ခါ လုံးဝ အံ့အားသင့်သွားရသည်။ သူက
 ဖြူဖပ်ဖြူရော်ဖြစ်ကာ တညတည်းနှင့် လုံးဝမတူသော လူအဖြစ်ပြောင်းလဲသွားသည့် ရွှယ်ဇီရွမ် ကို အကဲခတ်လိုက်သည်။
  သူ၏ပုံမှန် သပ်ရပ်ကြော့ရှင်းလွန်းသည့် ဝတ်စုံများမှာ ပြောင်းလဲနေပြီး ဆံပင် အနည်းငယ်ရှုပ်ထွေးကာမေးရိုးများတွင် ပါးသိုင်းရေးရေးပင် ဖုံးနေသည်။  ပုံမှန်အားဖြင့် နက်ရှိုင်းပြီး အေးဆေး တည်ငြိမ်သော သူ၏မျက်လုံးများသည် ယခုအခါ စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုများစွာဖြင့်ပြည့်နှက် နေသည်။

တစ်ချိန်က မာနထောင်လွှားခဲ့ပြီး လူတွေနဲ့ ဝေးကွာသော ဂီတပညာရှင်သည် ကြောက်ရွံ့မှု၊ စိုးရိမ်မှုများနှင့်ပြည့်နှက်နေသော သာမန်လူတစ် ဦးပုံစံ ဖြစ်နေသည်။ သူက ဟွမ်ရီကို တောင်းပန် နေပြီး သူ့ကိုယ်သူ  ကိုကို ဟုပင် ပြောခဲ့သည်။ သူ့နားရွက်များက လှည့်စားလို့ နားကြားမှားသလားတောင် ထင်မိလိုက်သည်။ ကျိုးယွင်ရှန့်က နားရွက်ကို လက်နှင့် ကလော်ကာ သေချာကြားအောင် လုပ်ချင်ပေမယ့် ပတ်တီးစည်းထားသည့် လက်ကြောင့်လုပ်မရပေ။ သူက စိတ်ပုံမှန်မဟုတ်သည့် လူနှင့် ခပ်ဝေးဝေးနေချင်ပေမယ့် ထိုသူက သူ့ကို ရင်ခွင်ထဲတင်းတင်း ဖက်ထားတာကို တွေ့လိုက်ရသည်။

ရွှယ်ဇီရွမ် သည် သူ၏့ပြန်လည်မွေးဖွားခြင်းသည် နောက်ကျလွန်းပေမယ့်လည်း သူ၏ချစ်မြတ်နိုးရသောလူငယ်သည် ရွှယ်ယန် (Arc_14 မှ ဇာတ်လိုက် Daddy ရွှယ်ယန်) နှင့် မတွေ့ဆုံသေးကြောင်း သူ၏မှတ်ဉာဏ်များမှ တဆင့် သိရှိခဲ့ရသည်။ ဇာတ်ကြောင်းကို ပြန်ပြောင်းဖို့ သူ့မှာ အခွင့်ရေးရှိနေဆဲဖြစ်သည်။ ရွှယ်ယန်အကြောင်းကို တွေးမိတော့ သူ တုန်လှုပ်သွားခဲ့သည်။  သူဟာ မသိစိတ်ဖြင့် ထိုကောင်လေးရဲ့ ခါးကို တင်းကျပ်စွာဖက်ထားလိုက်မိသည်။

လူရွယ်၏ ကိုယ်သင်းနံ့ကြောင့် ကျိုးယွင်ရှန့် မသက်မသာ ဖြစ်လာပြီး မသိမသာရုန်းလိုက်ပေမယ့် လူရွယ်က ကျိုးယွင်ရှန့် ခေါင်းလေးကို  ရုတ်တရက်ဖမ်းပြီး သူ့ပခုံးပေါ်သို့ဖိလိုက်သည်။ သူ့ရနံ့က ဦးခေါင်းအာက်မှ နွေးပြီး ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကနေ ထွက်လာတာဖြစ်ပြီး ကိုယ်သင့်နံ့က ပိုပြင်းလာတယ်။ ဤကဲ့သို့သော ရင်းနှီးမှုက သူ၏စိတ်ကိုအနှောင့်အယှက်ဖြစ်စေခဲ့ သည်။

ရွှယ်ဇီရွမ် က ဆေးစစ်စရာမလိုပဲ ဦးနှောက်ပျက်တာ သေချာသည်။ သူက အခု နှစ်ပေါင်းများစွာ အငတ်နေပြီး အခု လတ်ဆတ်တဲ့ အသားတွဲကို ကြည့်သလို ဆာလောင်မွတ်သိပ်သည့် အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ကျိုးယွင်ရှန့်သည် နူတ်ခမ်းက ပြုံးနေပေမယ့် စိတ်ထဲက ဒေါကန်ကာ စိတ်မရှည်အောင်ဖြစ်နေ သည်။

ရွှယ်လီဒန်နီက ကားထဲ ဝင်ဖို့ လုပ်နေပေမယ့် သူ့သားက ကားတံခါးကို အသံမြည်အောင် ဆောင့်ပိတ်လိုက်ပြီး အမိန့်ပေးလိုက်သည်။

  "ဆေးရုံကိုမောင်းပါ။ "

"သခင်လေး... သခင်မကြီးတို့ မပါတော့ဘူးလား   " ယာဉ်မောင်းက သူ့ကိုသတိပေးခဲ့သည်။

"သူတို့ကို စိတ်မပူပါနဲ့။ မောင်းပါ။ "

ရွှယ်ဇီရွမ် က  သူ၏ပုံမှန်အေးဆေးတည်ငြိမ်မှုကိုပြန်လည်ရ ရှိ ခဲ့သည်။ ငိုထားလို့  နီရဲနေသောမျက်လုံးများသည် အနက်ရောင် တောက်ကာ အနက်ဆုံးတွင်းနက်များနှင့်တူနေသည်။ သူဟာ နှစ်ပေါင်း ထောင်ချီကြာအောင် အကြင်နာတရားကင်းမဲ့သည့် သားရဲကြီးအဖြစ် အာကာသထဲမှာရှိနေခဲ့သဖြင့် ခံစားချက်တွေက ပါးလျလာသည်။ ဒီကမ္ဘာကြီးမှာ သူက ဒီကောင်လေးရဲ့ နှလုံးခုန်သံကိုပဲ ခံစားနိုင်သလို ဒီကောင်လေးရဲ့ တည်ရှိမှုကိုပဲ ခံစားနိုင်တော့ပြီး ဒီကောင်လေးကပဲ သူ့ကို ရှင်သန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

အနောက်ဘက် ခန်းမှ အေးစက်သည့် အကြည့်ကြောင့် ကားသမားက စကားမဆိုပဲ ကားမောင်းထွက်လာခဲ့သည်။ ရွှယ်လီဒန်နီသည် ကားနောက်မှ အော်ဟစ်ကာ ပြေးလိုက်ခဲ့ပေမယ့် သူမ သားက နည်းနည်းလေးတောင် လှည့်မကြည့်ပဲ ကားမောင်းထွက်သွားဖို့ အမိန့်ပေးလိုက်သည်။ သူမ ကားနောက်ကို ပြေးလိုက်ပေမယ့် ကားက ဟိုးအဝေးကို ထွက်သွားလေပြီ။ သူမက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

"Xiao Zhou ဘယ်မှာလဲ။ ကားတစ်စီးကိုအမြန်ဆုံးလိုက်ရှာပြီး သားကို လိုက်ဖမ်းပါ။ ဒီကလေးရူးသွားပြီ၊ ရူးသွားပြီ!"

ကျိုးယွင်ရှန့်ကိုကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးခံခဲ့သောလက်ထောက် Xiao Zhou သည် ကားကိုကားဂိုဒေါင်ထဲမှ ထုတ်ယူခဲ့သည်။ ရွှယ်ကျင်းရီနှင့်အိမ်အကူများသည် ရွှယ်လီဒန်နီကို ဝိုင်းတွဲထားရသည်။

 "အမေ၊ ကိုကို ဘာဖြစ်သွားတာလဲ"

ရွှယ်ကျင်းရီ၏ မျက်လုံးနီများ နီနေသည်။ တကယ်တော့ သူမ အစ်ကိုကြီး က ဟွမ်ရီကို ဖက်ကာ ငိုနေသည်ကို တွေ့ကတည်း က သူမ၏ နှလုံးသားလေးလည်း နာကျင်စွာ ငိုယိုနေခဲ့ပြီဖြစ်သည်။
 သူမသည် ထိုအချိန်တွင် သူတို့နား မသွားမိစေရန် သူမ၏အစိတ်အပိုင်းအားလုံးအပေါ် မနည်းထိန်းချုပ်ထားခဲ့သည်။ သူမ အစ်ကို၏စရိုက် ရုတ်တရက်ပြောင်းလဲလိုက်ခြင်းက သူမကို တုန်လှုပ်ချောက်ချားသွားစေသည်။

" အမေလည်း မသိဘူး။ သားကို ဆေးရုံမှာ ရက်အနည်းငယ်ကြာ နေခိုင်းပြီး ဒီထက်ပိုပြီးအသေးစိတ်စစ်ဆေးဖို့သေချာလုပ်ရမယ်"

ရွှယ်လီဒန်နီက မျက်ရိုးများကိုနှိပ်နယ်ရင်းပြောလိုက်သည်။

တစ်နာရီအကြာတွင် ကားသည်ဆေးရုံမြေအောက်ကားရပ်နားရာ နေရာတွင် ရပ်လိုက်သည်။ ကျိုးယွင်ရှန့်သည် လွတ်မြောက်ပြီဟု တွေးပြီး ကားတံခါးဖွင့်ကို ဖွင့်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် ရွှယ်ဇီရွမ် ၏  ဆုပ်ကိုင်ထားခြင်းခံရပြီးနောက်ပိုင်းတွင် သူရုန်းကန်လှုပ်ရှားလေလေ ရွှယ်ဇီရွမ်  ၏လက်မောင်းများထဲသို့ ခပ်တင်းတင်း ဖက်ထားခြင်း ခံရပြီး  သူ၏ ဦး ခေါင်းသည် ရွှယ်ဇီရွမ် ၏ ပခုံးပေါ်သို့ တင်ထားရတော့သည်။ မကြာခင်မှာပဲ သူ့ရင်ဘတ်က ရှုပ်ထွေးပြီး အသက်ရှူဖို့ ခက်ခဲလာတယ်လို့ ခံစားခဲ့ရသည်။ ဒါကြောင့်သူက ထပ်ပြီး မရုန်းကန်ရဲတော့ပေ။ ပြီးတော့ သူက ရွှယ်ဇီရွမ်နှင့် ရင်ချင်းအပ် ပွေ့ဖက်ခံလိုက်ရသည်။ သူ့ခြေထောက်တွေကိုဖွင့်ပြီး မျက်နှာချင်းဆိုင်အနထားဖြင့် ရွှယ်ဇီရွမ် ၏ ပေါင်ပေါ် ခွလျက်ထိုင်နေရကာ သူက မတတ်သာတော့ပဲ ရွှယ်ဇီရွမ်၏ နောက်ကျောကို သူ့လက်နှင့်  တင်းတင်းဆုပ်ထားရတော့သည်။ ဒီအနေအထားဟာ ၅ နှစ်အရွယ် ဆိုးဝါးတဲ့သားလေးကို ဖမ်းပြီး ဖက်ထားတဲ့ ဖခင်တစ်ယောက်လို ပါပဲ၊ သူက ကားပေါ်ကခုန်ဆင်းသွားမှာကို တံခါးကိုဖွင့်ပြီး ထွက်သွား မှာကို စိုးရိမ်နေတဲ့ပုံစံပေါက်နေသည်။

ကျိုးယွင်ရှန့်သည် စိတ်မသက်မသာဖြစ်ပြီး အကြိမ်ကြိမ်ရုန်းကန်ခဲ့ သည်။ သူရုန်းကန်ပြီးတဲ့အခါမှာ လူငယ်က သူ့ကိုပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်ဖက်ထားလိမ့်တော့သည်။ ရွှယ်ဇီရွမ် က  အလွန်ပိန်ပါးသောပုံရှိသော်လည်း ခွန်အားများစွာရှိသောကြောင့် ကျိုးယွင်ရှန့်၏ ခါးကို တင်းတင်းဖက်ကာ ကိုယ်ချင်း ပူးနေစေသည်။ ဒါက အသက်ရှုကြပ်အောင် လုပ်တဲ့ လျှို့ဝှက်လူသတ်နည်းတစ်ခုလား၊

နောက်ပိုင်းတွင် သူ အရှုံးပေးလိုက်ပြီး စိတ်ကိုလုံးလုံးလျားလျား လျှော့ချ လိုက်ပြီး လူငယ်၏လက်ကို အသာလေး ဆုပ်ကိုင်လိုက် သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်ဇီရွမ် က သူ၏ခွန်အားကို လျှော့လိုက်ပြီး သူ့ကို  သတိကြီးစွာဖြင့်ဖက်လိုက်သည်။ သူ၏ မေးစေ့က ရွှယ်ဇီရွမ် ပခုံးပေါ်တွင် အသာတင်ထားတာကို တဖက်က ကျေနပ်နေသည်။ ရွှယ်ဇီရွမ် ခပ်ပြင်းပြင်း အသက်ရှုထုတ် လိုက်သည့် လေနွေးနွေးလေးတွေက သူ့ကို လာထိမိသဖြင့် ကျိုးယွင်ရှန့် တကိုယ်လုံးပူနွေးလာသလို ခံစားရကာ နားရွက်များ နီလာသည်။

 ရိုးရိုးသားသားပြောရရင် တဖက်လူက သူ့နှလုံးသားကို နူတ်ယူ ချင်တယ် ဆိုတာ မသိရရင် ဒီ ရွှယ်ဇီရွမ် ၏ ချောမောသည့် ရုပ်ရည်၊ ရှည်သွယ်သောအရပ်၊ မြင့်မြတ်သည့် ပုံရိပ်တို့ကြောင့် ဒီလူပေါ် ကျရှုံးမိမှာသေချာသည်။   နောက်ဆုံးတွင် သူဆေးရုံသို့ရောက်သောအခါ  လွတ်မြောက်ပြီဟုတွေးကာ သက်ပြင်း ချကာ ကားတံခါးကိုစိတ်မရှည်စွာ ဆုပ်ကိုင်လိုက်သည်။ 

ရွှယ်ဇီရွမ် သည် ကောင်လေး၏ လက်ကိုတွဲထားရက ဖြုတ်မချလိုက်ပေ။  သူပြန်လည်မွေးဖွားလာခြင်းသည် စိတ်ကူးယဉ်အိပ်မက် သာဖြစ်သည်ကို အရမ်းကြောက်ရွံ့ခဲ့သည်။ သူသည် ဘယ်အချိန်တွင် နိုးထလာပြီး မျက်စိရှေ့က ချစ်တဲ့ ကောင်လေး နှင့်ပတ်သတ်တာ အားလုံး ပျောက်ကွယ် သွားမည် ကို ကြောက်နေမိသည်။ ဒီတစ်ခါ ပျောက်သွားရင် ထပ်တွေ့နိုင်ဖို့ အခွင့်ရေးက ဘယ်တော့မှ ထပ်ရမည်ကို မသိနိုင်ပေ။ ဒါကြောင့် ချစ်သော ကောင်လေးနှင့် အတူတွေ့ရချိန် တစ်မိနစ်တောင် မဆိုင်းပဲ ကောင်လေး လက်ကို ဆုပ်ကိုင်ထားကြီး သူ့ဘေးမှာပဲ မခွာတမ်းဆွဲထားမိသည်။

 ကောင်လေးက သူ့ကိုစွန့်ခွာရန်ကြိုးစားနေသည်ကိုသိသောအခါ သူသည် ကောင်လေး၏ခါး ကို လက်ဖြင့် တင်းတင်းဆုပ်ကိုင် လိုက်ပြီး ကားအပြင်သို့ ပွေ့ချီသယ်ဆောင်ရန်  အနေအထားဖြင့် သူ၏ အခြားလက်နှင့် ကားတံခါးကိုဖွင့် လိုက်သည်။ ဒီလူငယ်လေး က အသက် ၁၆ နှစ်ရှိပြီဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်က သေး တာကြောင့် ရွှယ်ဇီရွမ် က သူ့ကို အလွယ်တကူ ပွေ့ချီလာနိုင် ခဲ့သည်။

"ကျွန်တော့်ကို ချပေးပါ။ ကိုယ့်ဖာသာ လမ်းလျှောက်နိုင်တယ် "

ရွှယ်ဇီရွမ် ၏လက်ဖဝါးများသည် သူ၏တင်ပါးပေါ်တွင် ရောက်နေ သည်ဟု ခံစားရသောကြောင့် ကျိုးယွင်ရှန့်က မျက်နှာနီနီ နှင့် သတိပေးလိုက်သည်။ ဒီအချက်က သူ ရွှယ်ဇီရွမ် နှင့်  ပထမဆုံး  ရင်းနှီး ကျွမ်းဝင်ခြင်းဖြစ်ပြီး အနည်းငယ်မသက်မသာဖြစ်နေ ခဲ့သည်။ 

ရွှယ်ဇီရွမ် သည် ရပ်တန့်ခြင်းမရှိဘဲ အပေါ်ထပ်သို့ တက်ရန် ဓာတ်လှေကားသို့ တိုက်ရိုက်လျှောက်လာခဲ့သည်။ ကားမောင်းသူ Xiao Wang က သူအနားမှာ ကပ်လျှောက်လာပြီး သူက သရဲကိုတွေ့ပြီလို့ ထင်နေမိသည်။ သခင်လေးက သူ၏မိခင်၊ ဖခင်နှင့်မွေးစားညီမငယ်တို့ကို အဖက်မလုပ်ပဲ တောသား ငတုန်းလေးကို  တန်ဖိုးမဖြတ်နိုင်သောရတနာတစ်ခုကဲ့သို့ သဘောထားကာ သူ့ဖာသာ လမ်းလျှောက်ဖို့ပင် ငြင်းဆန်ကာ ပွေ့ချီလာသဖြင့် သခင်လေးက ဦးနှောက်ပျက်သွားတာ သေချာနေပြီ။

ရွှယ်လီဒန်နီက ဆရာ ၀ န်ကိုစောစောစီးစီးခေါ်ယူခဲ့ပြီးဖြစ်လို့ ရွှယ်မိသားစု၏ အကြီးဆုံးသခင်လေးရွှယ်ဇီရွမ် က သူ၏ရုံးခန်းထဲ ၀ င်လာသည်ကို တွေ့သောအခါ  အံ့သြမသွားဘဲ ဦး နှောက်ဓါတ်မှန် CT ရိုက်ဖို့အတွက် သူနာပြုကိုညွှန်ကြားခဲ့သည်။

ရွှယ်ဇီရွမ် ကကောင်လေးကို ချပေးပြီး တက်တစ်ဖက်ဖြင့် ကောင်လေးရဲ့ပုခုံးပေါ်တင်ဖိထားပြီး ဆရာဝန်ကိုပြောလိုက်သည်။

 " ကျွန်တော် ဘာမှမဖြစ်ဘူး။ ရှောင်ရီရဲ့လက် ဒဏ်ရာကို သေချာသိရဖို့ လက်ကို အမြန်ဆုံး ဓါတ်မှန်ရိုက်ပေးပါ။"  

"သူ့လက်က ဘာဖြစ်ခဲ့တာလဲ"

ဒီဆရာဝန်က ရွှယ်အိမ်အတွက် နှလုံးခွဲစိတ်မှုကို လုပ်ပေးမယ့်သူဖြစ်သောကြောင့်  ဒီကောင်လေးက အနှေးနှင့် အမြန် အသတ်ခံရပြီး နှလုံးထုတ်ခံရမည်ကို သိသည်။ မကြာခင်သေရမည့် လူငယ်လေးရဲ့လက်ကို ကုရတာ အလကားဖြစ်လို့ သူ စိတ်မရှည်သလိုဖြစ်နေသည်။

ထို့နောက်တွင် ရွှယ်ဇီရွမ် သည်ဆရာဝန်နှင့် ရွှယ်အိမ်တို့အကြား ဆက်နွယ်မှုကိုသတိရပြီး ဘာစကားမှ မပြောပဲ ချက်ချင်း ကောင်လေးကို ခေါ်ပြီး လှည့်ထွက်လာခဲ့သည်။  ကားမောင်းသမား Xiao Wang က အကြိမ်အနည်းငယ်အော်ခေါ်ပေမယ့် သခင်လေး ပြန်မလာတာတွေ့ရလို့ မတတ်သာပဲ နောက်က အမြန် လိုက်လာခဲ့ ရတော့သည်။

"သခင်လေး ကျွန်တော်တို့ဆရာဝန်ကို ဘာလို့မတွေ့တော့တာလဲ"

 သူတို့ကားထဲကိုရောက်သွားတော့ Xiao Wang က စိတ်ရှုပ်ကာ မေးလိုက်သည်။ 

ကျိုးယွင်ရှန့်သည် ရွှယ်ဇီရွမ်၏ရင်ခွင်၌ ပွေ့ထားခံရပြီး မသက် မသာ ခံစားနေရသည်။ သက်တောင့်သက်သာထိုင်ရန် သူ၏ တင်ပါးကို လျှို့ဝှက်စွာရွေ့လျားနေစဉ်   ရွှယ်ဇီရွမ်၏ ရည်ရွယ်ချက် မှာ ကောင်းသောရည်ရွယ်ချက်မရှိဘဲ သိုးကို သဘောကောင်း နေသည့် ဝံပုလွေလိုမျိုးဟု စိတ်ထဲက ကဲ့ရဲ့နေမိသည်။  သူ ဒဏ်ရာ ရပြီး သိပ်မကြာခင်မှာပဲလူငယ်လေးက သူ့ကို ဆရာဝန်ဆီ ခေါ် သွားဖို့စဉ်းစားခဲ့တယ်ဆိုတဲ့စကားလေးပဲ ပြောပြီး ပြီးသွားခဲ့သည်။ တကယ်လို့ သူသာ တကယ်ကောင်းပေး ချင်ရင် အစကတည်းက ဒဏ်ရာရအောင် မလုပ်နဲ့ပေါ့ဟု ကျိုးယွင်ရှန့်တွေးနေလိုက်သည်။

ရွှယ်ဇီရွမ်က ကောင်လေး မငြိမ်မသက်ဖြစ်နေသော စိတ် အခြေအနေ နဲ့ သူနှင့်ဝေးရာသို့ တိုးပြီး  ထိုင်နေသည်ကို သတိပြု လိုက်မိသည်။ သူ အဝေးကြီးသို့ ရွေ့နေသည်ကို တွေ့မြင်လိုက်ပြီး သူ့ရင်ခွင်ထဲ ထိုင်နေရာမှာ ဘေးက ကားဆိုဖာပေါ် ပြုတ်ကျ သွားသည် ကို တွေ့သော် ရွှယ်ဇီရွမ်က ကောင်လေး၏ ခြေထောက်တွေကို ပွေ့တင်ကာ ဖိနပ်တွေကို ချွတ်လိုက်ပြီး သူ့ကိုယ်ပေါ် ကလေးလေးလို ပွေ့တင်လိုက်သည်။  ကလေးငယ်ကို သူ၏လက်မောင်းဖြင့်ပွေ့ချီမည့်အနေအထားဖြင့် အဆင်ပြေရန် သူက ကောင်လေးရဲ့ ဖိနပ်ကိုချွတ်ယူလိုက်သည်။

ကျိုးယွင်ရှန့်၏ အမူယာက ဒီပုံစံကိုတွေ့တော့ မှောင်မိုက်သွားတော့ သည်။  အခု သူထွက်ပြေးချင်ရင်တောင် ဖိနပ်မပါလို့ ပြေးလို့ပင် မရတော့ပေ။

ရွှယ်ဇီရွမ်သည်  မကျေမနပ်ကဖြင့် မျက်နှာပုတ်နေသော ကောင်လေးရဲ့ပါးပြင်ကို ဖွဖွလေး ပွတ်သပ်ကာ ပြုံးလိုက်မိသည်။

"အခြားဆေးရုံတစ်ခုသို့သွားပါ"

သူကညွှန်ကြားခဲ့သည်။

"ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံက အကောင်းဆုံးဖြစ်တယ် မဟုတ်လား။ ဘာလို့ အဲဒီကို မသွားကြတာလဲ"

Xiao Wang က ကားကို လမ်းကျဉ်းထဲသို့မောင်းထုတ်ပြီး တမင်တကာနှေးကွေးစွာ မောင်းရင်းမေးလိုက်သည်။ 

"အစိုးရပြည်သူ့ဆေးရုံကိုသွား။ "

ရွှယ်ဇီရွမ် ကရှင်းပြသည်ကို နားမထောင်ပေ။  လူသတ်မှုတွင် ပါဝင်သူ အားလုံး ကို သူ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း မတွေ့ချင်တော့ပေ။ ထို့အပြင် သူသည် ကျင့်ဝတ်မရှိသော ဆရာဝန်က သူချစ်မြတ်နိုးရသော လူငယ်ကို ကုသပေးတာကို မခံချင်ပေ။

Xiao Wang သည် သခင်လေးရဲ့အပြုမှုထူးဆန်းနေပြီး  အထူး သဖြင့် မြင့်မြတ်သော အထက်တန်းလွှာစန္ဒယားပညာရှင်နှင့် လုံးဝကွဲပြားခြားနားနေတာကို ခံစားသိရှိခဲ့သည်။

 လက်တွေ့တွင် သခင်လေးသည် ဆေးရုံကို မသွားချင်တာ မဟုတ်ပဲ  အခြားဆေးရုံတစ်ခုသို့ သွားလိုခြင်းဖြစ်သည်။ ဒါပေမယ့် ဘာကြောင့်လဲ? ဒီဆေးရုံက Xue အိမ်တော်လက် အောက်မှာ မဟုတ်လား။ သူတို့၏ဆေးကုသမှုစွမ်းရည်သည် ထိပ်တန်းအဆင့် သို့ရောက်သည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်ခဲ့သည်။

"ဒီဆေးရုံက ဆရာဝန်တွေက ဆေးဘက်ဆိုင်ရာကျင့်ဝတ်မရှိဘူး။ နောက်တစ်ခါ ထပ်သွားမှာမဟုတ်ဘူး။ ရှောင်ရီ ကိုကို  တောင်းပန်ပါတယ်၊ မင်းအပေါ်လုပ်ခဲ့မိတာကို တကယ် ဝမ်းနည်းပါတယ်၊ ငါ့ကို ခွင့်လွှတ်ပါ"

ရွှယ်ဇီရွမ် က ကောင်လေးရဲ့  မျက်နှာပေါ်က မေးခွန်းကို မြင်ပြီး ဝမ်းနည်းစွာဖြင့် တောင်းပန်လိုက်သည်။ ပြီးတော့ သူက ရှင်းရှင်းလင်းလင်း မပြောပြနိုင်တဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်ပြီး ကောင်လေးရဲ့ ပုခုံးပေါ် မျက်နှာကို မှောက်ချလိုက်ကာ ခဏ အနားယူလိုက်တော့သည်။

ချစ်တယ် ရှောင်ရီလေး... မင်းကို အရမ်းချစ်တယ်။ မင်းကို ဆုံးရှုံးလိုက်ပြီးမှ ဘယ်လောက်ချစ်မိတယ်ဆိုတာ ကိုကိုသိတော့ တယ်။ ကိုကိုက တကယ် မကောင်းတဲ့သူပါ။ အရင်ဘဝက ကိုကို မင်းကို သေစေဖို့ လုပ်ခဲ့မိတယ်။ မင်းကို သတ်မယ့် အဖွဲ့ထဲ ပါခဲ့မိတယ်။ အခုတော့ အရာအားလုံး ပြန်ပြင်ဖို့ ဒုတိယအခွင့်ရေး ရခဲ့ပြီ။ ကိုကို မင်းကို ကာကွယ်ပေးမယ်။ ကိုကို့အသက်ဝိဉာဉ် ပျက်စီးရမယ်ဆိုရင်တောင် ကိုကိုရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိစေရဘူး။ ကိုကိုချစ်တဲ့ ရှောင်ရီလေး...ကျေးဇူးပြုပြီး ကိုကို့ကို မမုန်းလိုက်ပါနဲ့ကွာ.....။

ရွှယ်ဇီရွမ် စိတ်ထဲမှ တိတ်တခိုးပြောနေမိသည်။

=================================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now