အပိုင်း-၁၂ (Unicode)

8.7K 1.1K 258
                                    


 "သတင်းကောင်းနဲ့ သတင်းဆိုးပါလာတယ်။ဘယ်ဟာအရင်နားထောင်မလဲ။"

အတန်းထဲ နောက်ဆုံးမှ ဝင်လာတဲ့ မိုးဝေက စာအုပ်တပွေ့တပိုက်ကို ရှေ့စားပွဲပေါ်သို့ချရင်း တတန်းလုံးကြားအောင် သူ့အသံ ကျယ်ကျယ်နှင့် အော်သည်။ စိုင်းဝေယံက အရင်ဆုံးစပြီး

"သတင်းဆိုးအရင်ပြော။"

မိုးဝေက အရင်ဆုံး မပြောသေးဘဲ ဟိတ်ကြီးဟန်ကြီးနှင့် ချောင်းက တစ်ချက်ဟန့်လိုက်သေးသည်။ ထက်မာန်ဦးကတော့ စိတ်မရှည်ချင်တော့ဘဲ မိုးဝေခြေထောက်ကို လှမ်းပြီးပိတ်ကန်ချင်နေပြီ ဖြစ်သည်။ တတန်းလုံးလည်း ထက်မာန်ဦးနည်းတူ မိုးဝေကို မေတ္တာနာနာပို့ချင်နေပြီဆိုတာ သေချာသည်။

"ဟေ့ကောင်။ ပြောစရာရှိတာ မြန်မြန်ပြော။ ပဲများမနေနဲ့။"

"အေး။ပြောပြီ။ပြောပြီ။"

မင်းမင်းကျော်က လှမ်းဟောက်လိုက်တော့မှ မိုးဝေက စကားစဖော်ရတော့သည်။

"ပထမနှစ်ဝက်စာမေးပွဲက နောက်အပတ် ဗုဒ္ဓဟူးနေ့မှာစမယ်တဲ့။"

တတန်းလုံးက ကောင်တွေက တအီးအီးတအားအားတွေ ဖြစ်ကုန်ကြသည်။ မြို့နယ်စစ် ကျောင်းမှာ သွားဖြေရမှာဖြစ်လို့ မြို့နယ်စစ်ဆိုတာနဲ့ အားလုံးက ဖင်တုန်နေကြပြီဖြစ်သည်။ သတင်းဆိုးဆိုတာ ဒါကိုပြောတာလား။ ထက်မာန်ဦးကတော့ ဂရုစိုက်မနေ။ ဘယ်ကစစ်နေနေ ကျမှာကကျမှာဘဲ။

"သတင်းကောင်းကရော ဘာလဲပြော။"

"ကိုမင်းဉာဏ် သူ့အမေကို ဆေးခန်းလိုက်ပို့နေလို့ ဒီနေ့ နာရီဝက်နောက်ကျမယ်တဲ့ဟေး။"

"ဝေး!!!"

တတန်းလုံးက ထအော်ကြလေသည်။ ထိုဘိုးတော်ပေါက်စမျက်နှာကို နာရီဝက်ဆိုလည်း နာရီဝက် မမြင်ရတာမို့ အားလုံးက ပျော်ကြသည်။ ဒါကတော့ သတင်းကောင်းဆိုတာက ထက်မာန်ဦးလက်ခံမိသည်။

"လောလောဆယ် ဒီမှာသူစစ်ထားတဲ့ အက်ဆေးစာအုပ်တွေ လာပို့သွားတယ်။ ငါတစ်ယောက်ချင်းစီကို လိုက်ဝေပေးမယ်။"

မိုးဝေက သူ့လက်ထဲက စာအုပ်ပုံကြီးကို ထက်မာန်ဦးတို့ ရှေ့ဆုံးတန်းမှာ ချလိုက်လေသည်။ ထက်မာန်ဦး ကိုယ့်စာအုပ်နှင့်အတူ လွှမ်းနှင့် ငစိုင်းစာအုပ်ကိုယူလိုက်ပြီး ကျန်တဲ့ စာအုပ်တွေကို နောက်သို့ပို့လိုက်သည်။ ပြီးတော့ ငစိုင်းနှင့် လွှမ်းကိုတော့ စာအုပ်ကမ်းပေးလိုက်ပြီး ကိုယ့်စာအုပ်ကိုယ်ပြန်သိမ်းလိုက်သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now