အပိုင်း-၃၆ (Unicode)

7.3K 993 340
                                    

ကိုးနှစ်မျှကြာမြင့်ပြီးနောက်....

၂၀၁၈ခုနှစ်။

"ဟေ့ကောင်။ ဘယ်နေရာလဲ သေချာပြောဦး။ ငါကျော်လာပြီလားမသိဘူး။"ထက်မာန်ဦး ကားစတီယာရင်ကို တစ်ဖက်က ကိုင်ကာ ကားမောင်းလျှက် တစ်ဖက်ကလည်း ဖုန်းကိုကိုင်ထားရသည်။ အရေးထဲ စိုင်းဝေယံက လမ်းညွှန်တာက ဂဂျိုးဂကြောင်တွေ ညွှန်နေလေသည်။ တောထဲတောင်ထဲ တစ်နှစ်လောက်သွားနေလိုက်ရတာ မင်္ဂလာဒုံဆေးရုံဝန်းတဝိုက်ကိုပင် လိမ့်ပတ်လည်အောင် လမ်းမညွှန်တတ်တော့ဘူးလားမသိ။

"ဘေးနားမှာ ဘာရှိလဲ။ အထင်ကရ နေရာတစ်ခု..။"

"...."

"အိုကေ။ အသည်းဆေးရုံရှေ့က ဂိတ်ပေါက်နော်။ ဟုတ်ပြီ။"

အစကတည်းက အဲ့လို ပြောလိုက်တာ မဟုတ်ဘူး။ လမ်းမှာ တွေ့တဲ့လူတွေကို မေးစမ်းပြီး လာမှာပေါ့!

ထက်မာန်ဦး စိတ်ထဲက တွေးရင်း ဖုန်းကိုချလိုက်ကာ ကားမောင်းရင်းမှ ဘေးဘီဝဲယာကို မျက်စိရှင်ရှင်နှင့် လှည့်ပတ်ကြည့်လိုက်သည်။ သိပ်မကြာခင်မှာတော့ တပ်မတော် အသည်းဆေးရုံကြီး ဟူသော စာတန်းကြီးကို ထင်းထင်းကြီး မြင်လိုက်ရလေသည်။ ထိုရှေ့တည့်တည့် လမ်းတစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်မှာတော့ ဂိတ်ပေါက်ဝတစ်ခု။

ထက်မာန်ဦး ကားထဲမှ တစ်ချက် လှမ်းအကဲခတ်လိုက်တော့ အမည်းရောင်သံတိုင်တွေနှင့် ဝန်းရံထားသော ဂိတ်ပေါက်လေး။ ဘာစာတန်းမှ ရေးထားပုံပေါက်လျှင် ဘေးဘက်ဂိတ်တံခါးဖြစ်ပုံရသည်။ စိုင်းဝေယံ ဆိုလိုသည်မှာ ထိုဂိတ်ပေါက်ဝပင် ဖြစ်မည်ထင်သည်။ ထက်မာန်ဦး စိတ်ထဲမှမှတ်ချက်ပြုလိုက်မိသည်နှင့် အဖြူရောင် Toyota Caldina စက်ရုပ်ကားလေးသည် ထိုဂိတ်ပေါက်ဝနှင့်မလှမ်းမကမ်း သစ်ပင်ရိပ်အောက်တွင် ထိုးရပ်သွားလေသည်။

ကားရပ်ပြီး နာရီကိုကြည့်လိုက်တော့ ချိန်းထားတဲ့အချိန်ထက် ဆယ်မိနစ်လောက်နောက်ကျနေပြီ။ ထက်မာန်ဦး မင်္ဂလာဒုံဆေးရုံတွေရှိတဲ့နေရာတဝိုက်မှာ မျက်စိလည်ပြီး အဖန်ဖန် ပြန်ပတ်နေရတာမို့ ဒီလောက်ထိ နောက်ကျသွားရခြင်းဖြစ်သည်။ စောင့်နေရတာ စိတ်မရှည်လှတာမို့ ထက်မာန်ဦး စိုင်းဝေယံကို တဖန်ဖုန်းခေါ်ပြန်သေးသည်။ ဖုန်းမကိုင်တော့။ စိုင်းဝေယံ တင်မဟုတ်။ လွှမ်းလည်း ထိုနည်းတူပင်ဖြစ်သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now