"ကြားလား။ ကြားလား။"
"ရှေ့မှာဒဏ်ရာရသူရှိတယ်။ ဒဏ်ရာရသူရှိတယ်။"
အိုင်ကွန်မှ အချက်ပေးသံတွေက အဆက်မပြတ်ထွက်ပေါ်နေလေသည်။ မနတ်ခင်းမြူတွေတောင် မပြယ်တတ်သေးတဲ့ ရောင်နီပေါ်စ အချိန်ကလေးမှာပင် အမိန့်ပေးသံတွေ၊သေနတ်ပစ်သံ၊ အချက်ပြသံတွေနှင့် တောင်ကုန်းကလေးသည်လူပ်ရှားသက်ဝင်လို့နေသည်။
စိုင်းဝေယံ ခြုံတွေကို အကာအကွယ်ယူရင်း လဲကျသွားတဲ့ စစ်သားရှိရာကို အပြေးအလွှားသွားလိုက်သည်။ မညီညာတဲ့ မြေပြင်ထက်က ထိုးထွက်နေတဲ့ ဆူးညှောင့်တွေ၊ ခြုံထဲက သစ်ကိုင်းစတွေကို မမူဘဲ အတင်းတိုးဝင်နေမိသည်။ အသားထက် နစ်ဝင်လာတဲ့ စူးရှနာကျင်မူတို့ကို ဆစ်ခနဲ သိနေပေမယ့် အမူမထားနိုင်။ စိုင်းဝေယံရဲ့ ဦးတည်ရာသည် ဒဏ်ရာရနေတဲ့ တပ်သားဆီ အမြန်ရောက်ရေးသာ။
"စိတ်ကိုတင်းထား။"
တပ်သားရဲ့လက်မောင်းတစ်ဖက်ကို ဆွဲထူလိုက်ပြီး ထိုတစ်ခွန်းသာ ပြောနိုင်သည်။ ဖုန်မူန်နှင့် ရွှံ့တို့ လူးနေသောထိုသူ့မျက်နှာဟာ နာကျင်မူအပြည့်နှင့်။
အနေအထားကို သက်တောင့်သက်သာ အနေအထားဖြစ်အောင် မလုပ်ခင် သစ်ပင်တစ်ပင်၏ အကွယ်ကို အမြန်ဆုံး ရွှေ့ရသည်။ အရင်ဆုံး ကျည်ဆန်မှန်ထားတဲ့ ရင်ဘတ်ကို သွေးတိတ်အောင်လုပ်ရမည်။ အိတ်ထဲက အသင့်ဆောင်ထားတဲ့ ပတ်တီးလိပ်တွေကို မြင်လိုက်တော့ စိတ်ဓာတ်ကကျသွားသည်။ ဒီတစ်လိပ်ပြီးလျှင် လက်ကျန်မရှိတော့။ ဆက်တိုက်လို ထွက်ပေါ်နေတဲ့ အော်ဟစ်သံတွေသည် ဟိုနား သည်နားဆီမှ ကြားနေရသည်။ ဒါတွေသည် စိတ်ထင်နေတာ မဟုတ်မှန်း စိုင်းဝေယံသိသည်။ မိူင်းငွေ့တွေကြားထဲက တိုက်ပွဲသည် ညာသံပေးသံတွေနှင့်အတူ တက်ကြွနေဆဲ ပင်ဖြစ်သည်။
များများစားစားတွေးနေဖို့ အချိန်သည် စိုင်းဝေယံတွင်မရှိ။ ပတ်တီးလိပ်ကို ဖြည်ချလိုက်ပြီး ထိုတပ်သား၏ ဒဏ်ရာကို သွေးတိတ်အောင် စည်းပေးဖို့ ကြိုးစားလိုက်သည်။ သို့သော် ပတ်တီးစပေါ်တွင် ချက်ချင်းပင် စွန်းကွက်လာသော အနီကွက်တွေကြောင့် စိုင်းဝေယံ ခပ်တိုးတိုးဆဲရေးလိုက်မိတော့သည်။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...