"အဲ့တော့ ဝေလွှမ်းအခုရော သက်သာရဲ့လား။"
ထက်မာန်ဦး နှင့် စိုင်းဝေယံသည် စိုင်းဝေယံရဲ့ လိမ္မော်ခြံထဲမှာ လမ်းလျှောက်နေရင်း စကားပြောနေကြခြင်းဖြစ်လေသည်။ တောင်စောင်းတလျှောက် ပျိုးထားတဲ့ခြံဖြစ်တာမို့ လိမ္မော်ပင်လေးတို့ နိမ့်ရာကနေ မြင့်ရာကို စီစီရီရီလေး မြင့်တက်သွားတာလေးကိုက ကြည့်ကောင်းလှသည်။ မနက်ဆယ်နာရီခန့်ဆိုတော့ နေကပါပွင့်လာပြီမို့ တောင်စွန်းထိပ်ကနေ မေးတင်နေတဲ့ နေရောင်ခြည်ဟာ လိမ္မော်ခြံအပေါ် ဖြာကျနေလေသည်။ လိမ္မော်သီးခူးသူ တောင်သူအလုပ်သမားတချို့နှင့်လည်း လိမ္မော်ခြံသည် လူပ်ရှားသက်ဝင်လို့နေသည်။
"အေး။ သက်တော့ သက်သာနေပါပြီ။ ဒါပေမယ့် ခဏနားခိုင်းထားတယ်။ ဒီကို ငါနဲ့တူတူ လိုက်လာချင်တယ်လို့အော်နေတာတောင် ငါထားပစ်ခဲ့တာ။"
စိုင်းဝေယံမေးတာကို ထက်မာန်ဦးဖြေနေရင်း ဘေးက လိမ္မော်ပင်တစ်ပင်က လိမ္မော်သီးတစ်လုံးကို ဗြုတ်ခနဲ ခူးချလိုက်လေသည်။ လိမ္မော်ပင်တွေက အရမ်းလည်း မမြင့်တဲ့အပြင် လူတစ်ရပ်အကျော်လောက်သာ ရှိပြီး အသီးတွေက ခပ်နိမ့်နိမ့် ပေါက်နေတာမို့ လိမ္မော်သီးခူးရတာ အရမ်းမခက်ခဲလှ။ သို့သော် တခဏအတွင်းမှာဘဲ စိုင်းဝေယံသည် ထက်မာန်ဦးရဲ့ အချိုးမပြေမူကို ထောက်ပြလေသည်။
"အသီးတွေကိုခူးမယ်ဆို အညှာကိုသေချာကိုင်ပြီး ဒီလိုခူး။ ဗြုတ်ခနဲမခူးချနဲ့။ အပင်နာတယ်။"
စိုင်းဝေယံက ထက်မာန်ဦးကို လိမ္မော်သီးခူးပုံခူးနည်းကို သေချာပြန်သင်နေသေးသည်။ ထက်မာန်ဦးကတော့ သူပြတာကိုတစ်ချက်မျှသာကြည့်လိုက်ပြီး သိပ်စိတ်မဝင်စားလှတာမို့ ကိုယ်ခူးထားတဲ့ အသီးကိုသာ အခွံခွာပြီး မြည်းစမ်းကြည့်လိုက်သည်။
"ချိုသားဘဲ။"
မက်မက်မောမော စားရလောက်အောင် စားမကောင်းလှပေမယ့် ထက်မာန်ဦး အားနာပါးနာနှင့်သာ ပြောလိုက်သည်။ အရည်ရွှန်းပေမယ့်လို့ အရသာက အနည်းငယ်ပေါ့သည်။
"ဟုတ်လား။ ဒီတစ်လုံးစားကြည့်။"
စိုင်းဝေယံ လှမ်းပစ်ပေးတဲ့ လိမ္မော်သီးကို ထက်မာန်ဦး လက်နှစ်ဖက်နှင့် ဖမ်းယူလိုက်လေသည်။ ကြည့်ရတာ ခုနက သူခူးထားတဲ့တစ်လုံးပင်ဖြစ်ပုံရသည်။ အခွံကိုခပ်မြန်မြန်ခွာလိုက်ပြီး လိမ္မော်သီးတစ်မွှာကို ပါးစပ်ထဲပစ်ထည့်လိုက်လေသည်။
YOU ARE READING
AFFECTION-နှောင်ကြိုး(ေႏွာင္ႀကိဳး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...