အပိုင်း ၁၄

9.5K 1.8K 309
                                    

လှေပေါ်မှတံတားပေါ်သို့တက်ရသည်မှာ အနည်းငယ်လှမ်းသော်လည်း လက်ကမ်းကြိုဆိုနေသူကြောင့် မခက်ခဲပါ။ ဆုံစည်းသောလက်များနောက်မှာ ရင်ခုန်သံသည် ပြင်းထန်လွန်းသည်။ မျက်လုံးများပြာသွားသည်မှာ လှုပ်ခါနေသောလှေပေါ်မှ မြဲမြံသောတံတားပေါ်သို့ ရောက်သွားခြင်းကြောင့်မဟုတ်။ ညှို့ချက်ပြင်းသော ပါးချိုင့်နှစ်ခုကြောင့်သာ။ မိမိကို တစ်ချက် ပြုံးကြည့်ပြီးမှ လှေပေါ်မှ ဖြူ ရှိရာသို့ လက်ကမ်းပေးသည်။

"ဟယ်.. ပြန်ရောက်နေတာလား၊ ဘယ်တုန်းကလဲ"

ဖြူ၏ ၀မ်းသာအားရ နှုတ်ဆက်သံ။ တစ်စုံတစ်ရာ ပြန်ဖြေလိုက်မှန်းသိသော်လည်း သေချာမကြားလိုက်ရ။ နားရွက်ပေါ်သည်အထိ ဆံပင်တိုတိုညှပ်ထားသောကြောင့် ပခုံးကျော်ရှည်သည့် ဆံပင်များမရှိတော့သလို အနက်ရောင်ကဲနေကာ ရွှေအိုရောင်သိပ်မရှိတော့။ နေလောင်ထားသည့် အသားအရေမဟုတ်တော့ဘဲ အသားပြန်ဖြူလာသည်။

"ဖြူဖြူတို့လာမယ်ဆိုတာ သိလို့ ဒီမှာ လာစောင့်နေတာ"

"ပြန်မလာတော့ဘူး ထင်နေတာ"

"မလာစေချင်ဘူးလား"

"သူကပဲ ပြောရတယ်ရှိသေး၊ ဆောင်း ပြောစမ်း.. နှုတ်မဆက်ဘဲ ထွက်သွားတာ ဘယ်သူလဲ"

သစ်သားပြားခင်းထားသော တံတားလေးသည် ကျဥ်းသည်။ သူတို့သုံးယောက်ပိတ်ရပ်နေသလို ဖြစ်နေတာကြောင့် နောက်လူတွေ လှေပေါ်မှ ဆင်း မရတော့။ ဖြူကရယ်ပြီး တောင်းပန်စကားဆိုသည်။ ခပ်စောင်းစောင်းမြင့်တက်နေသော သစ်သားခင်းတံတားအတိုင်း ဆက်လျှောက်လာသည်။

"အသားတွေဖြူလာလိုက်တာ ဒဲရစ်ခ်ရယ်၊ ဖြူတို့ကတော့ မည်းပြာခြောက်ပဲ"

မည်းပြာခြောက်ဆိုသည့် စကားကို အင်္ဂလိပ်လို တစ်ခုံးချင်းစီ ဘာသာပြန်ရင်း ပြောခြင်းဖြစ်သည်။ ယခုအချိန်အထိ ဆောင်းကို စကားတစ်လုံးမှ မပြောနိုင်သေးပါ။ စိတ်လှုပ်ရှားမှုကြောင့် ရင်ခွင်ထဲမှာ ဘောင်ဘင်ခတ်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်နေဆဲ။ နှင်းဖြူရိပ်လက်ထဲမှ လက်ဆွဲအ၀တ်ထုတ်ကို လက်ပြောင်းယူတော့ ဖြူ က ငြင်းသည်။

တောင်တောရယ်သာWhere stories live. Discover now