အပိုင်း ၁၆

9.6K 1.8K 322
                                    

ညအမှောင်တွင် လှေငယ်သည် ရေပြင်ထက်မှာ ခပ်မှန်မှန် ဖြတ်ပြေးနေသည်။ လက်နှိပ်ဓါတ်မီးသည် အ‌ေ၀းသို့ မရောက်နိုင်သော်လည်း ဒီရေတောကြီး၏ အမှောင်ကို အထိုက်အလျောက် ဖြိုခွင်းနိုင်သည်။ စက်လှေမောင်းသူအပြင် လှေပေါ်တွင် လူလေးယောက်သာပါသည်။ မည်သူမှ စကားမပြောကြ။ လက်နှိပ်ဓါတ်မီးဖြင့် ရေပြင်နှင့် ကမ်းစပ်များရှိရာ မီးထိုးပြီး မိကျောင်းများကို ရှာဖွေနေခြင်းဖြစ်သည်။

လေတိုးသံ၊ သစ်ရွက်ခတ်သံနှင့် သက်ကယ်ရွက်များ လှုပ်ခတ်သံကို ကြားနေရသည်။ ပိုးစုန်းကြူးလေးများသည် ရာနှင့်ချီမည်လား။ ထောင်နှင့်ချီမည်လား ခန့်မှန်းရခက်သည်။ မြစ်ကမ်းတစ်လျှောက် မြစ်ရေပြင်ပေါ်မှာ၊ သစ်ပင်ကြီးများကြားမှာ နေရာတိုင်းတွင် ရွှေရောင်လက်နေသည်။

"ပိုးစုန်းကြူးတွေ များလိုက်တာနော်"

ဖြူသည် ပျော်ရွှင်နေသည်။ ညဖက်ကြီး မိကျောင်းပေါများသည့် ဒီရေတော ချောင်းငယ်များကြား လှေတစ်စီးနှင့်လျှောက်သွားနေရသည်ကို ကြောက်သော်လည်း သဘောကျနေသည်။

"ညဖက်ဆို တောကြောင်တွေလည်း မြင်ရတယ် အစ်မ"

"ဟင် ဘယ်လိုသိလဲ"

"မျက်လုံးတွေကို မြင်ရတာ၊ သစ်ကိုင်းတွေပေါ်မှာ အတွေ့များတယ်"

ဆောင်းကိုလည်း ဖြူ့နည်းတူ ခေါင်းမော့ကာ သစ်ကိုင်းများပေါ် ကြည့်ဖြစ်သည်။ သိုးမွှေးအနွေးထည်ခေါင်းစွပ်လေးကို ၀တ်ထားသည့် ဖြူ့ထံမှ သနပ်ခါးနံ့သင်းပျံ့နေသည်။ ညဖက်ချိန် မိကျောင်းများလိုက်ရှာကြည့်ရန် ဒဲရစ်ခ် နှင့်အတူ သူရော ဖြူပါ လိုက်ခဲ့ခြင်းဖြစ်သည်။

"ဟိုမှာ တောကြောင်.."

ဖြူ လက်ညှိုးညွှန်ရာသို့ အကြည့်ရောက်သည်။ ရွှေရောင်လက်နေသော အလင်းနှစ်စက်။ ၀န်ထမ်းကောင်လေးက ခေါင်းခါပြီး ငြင်းသည်။

"မဟုတ်ဘူး အစ်မရ၊ အဲ့ဒါ ပိုးစုန်းကြူးတွေ"

"ဟီး.. ဟုတ်လား၊ ဘယ်လိုခွဲလဲ"

"တောကြောင်မျက်လုံးတွေဆိုရင် ငြိမ်နေတာဗျ၊ ပိုးစုန်းကြူးဆိုရင် လက်တယ်၊ တွေ့လားအစ်မ၊ နေရာရွှေ့သွားပြီ"

တောင်တောရယ်သာWhere stories live. Discover now