စာရေးသူ၏အမှာ

8.4K 1.1K 46
                                    

မေတ္တာရပ်ခံပါတယ်နော်။ ဒီ၀တ္ထုကို ပညာပေးဇာတ်လမ်းလို့ မသတ်မှတ်စေချင်ပါဘူး။ ပထမအချက်က စာဖတ်သူတွေကို အထင်မသေးလို့ပါ။ အားလုံးမှာ အသိတရား၊ သတိတရား ရှိပြီးသားဖြစ်လို့ စာရေးသူက ထူးကဲ ပညာပေးရလိမ့်မယ်လို့ လုံး၀ မတွေးမိပါဘူး။ ဒုတိယအချက်ကတော့ ကိုယ်တိုင် မပြည့်စုံသေးဘဲ တခြားဘယ်သူ့ကိုမှ ပညာပေးနိုင်လိမ့်မယ်လို့ မယုံကြည်ပါဘူး။ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ ဂေဟစနစ်မပျက်စီးဖို့ လုပ်ဆောင်မှုတွေမှာ ကိုယ်တိုင်ပါ၀င်နိုင်ဖို့ ကြိုးစားဆဲ လူတစ်ယောက်အနေနဲ့ ပညာပေးဖို့ မ၀ံ့ရဲပါဘူး။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံလေးကို လူတိုင်းမှတ်မိကြမှာပါ။ ဒါပေမဲ့ တစ်ကမ္ဘာမကောင်းတော့ရင် လူသားအားလုံးအတွက် ပြောင်းပြေးစရာ မြေနေရာ မရှိပါဘူး။ သက်ရှိသတ္တ၀ါတွေ ရှင်သန်နိုင်တာ ကမ္ဘာမြေတစ်ခုပဲရှိပါတယ်။ တောတွေ၊ တောင်တွေ၊ စိမ့်စမ်းရေကြည်၊ ကျေးငှက်သတ္တ၀ါတွေနဲ့ အံ့မငြီးနိုင်လောက်တဲ့ အလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ဒီကမ္ဘာမြေဟာ နတ်ပြည်နိဗ္ဗာန်တစ်ခုပါ။

ဒီဇာတ်လမ်းကို ရေးသားနေခဲ့တဲ့အချိန် ခြောက်လထဲက နောက်ဆုံးနှစ်လမှာ အတော်လေးခက်ခဲခဲ့တယ်။ မမြင်ရတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ကမ္ဘာကြီးတစ်ခုလုံး အလူးအလဲ ဒဏ်ခံနေရချိန်၊ မရေရာမှုတွေ စိုးရိမ်မှုတွေကြားမှာ စိတ်လက်ပေါ့ပါးစွာ ရေးသားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ငါ လုပ်နိုင်တာ စာရေးတာပဲ။ ဒါကို လက်လွှတ်လိုက်လို့ မဖြစ်ဘူးဆိုပြီး စိတ်အားတင်းခဲ့ပါတယ်။ အိမ်ထဲက အိမ်ပြင်တောင် ထွက်ခွင့်မရှိတဲ့အချိန်ကာလမှာ တစ်ချိန်က ရောက်ခဲ့တဲ့ ကန်ကြီးနဲ့ တောတောင်တွေကို မြင်ယောင်ရေးသားတဲ့အခါမှာ မလွယ်ကူခဲ့ပါဘူး။

နောက်ပြီး ဒီ၀တ္ထုကို ထာ၀ရပုံပေ အပြီးမှာ ထုတ်စေချင်တဲ့ စာအုပ်ဖြစ်လို့ တာ၀န်ကြီးသလို ခံစားရတယ်။ ထာ၀ရပုံပေဟာ လေးလေးလံလံ ဇာတ်လမ်းကြီးတစ်ပုဒ်လို့ ပြောလို့ရပါလိမ့်မယ်။ နှစ်နဲ့ချီပြီးရေးသားခဲ့သလို ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ စာဖတ်သူတွေကို ဖမ်းစားနိုင်ဖို့၊ ဆွဲဆောင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ဇာတ်လမ်းကြီးအပြီးမှာ ဖြစ်လာမယ့် ဇာတ်လမ်းဖြစ်လို့ ပိုခက်ခဲပါတယ်။

တောင်တောရယ်သာWhere stories live. Discover now