Chapter-1(Unicode)

226K 9.8K 2.8K
                                    

သားဖွားခန်းက ရင်ခုန်သံ
~~~~~~~~~~~~~~~~

"ညှစ်...ညှစ်...ညှစ်"

"အား...အမေရေ ကယ်ပါဦး...နာတယ် ဆရာရဲ့..."

"​အစ်မရေ...အစ်မက အားစိုက်ပြီးညှစ်လေ..."

"အား...မရဘူး...နာတယ်"

"အစ်မ ပေါင်ကြီးစိမထားနဲ့လေ...၊ အဲ့လိုဆို ကလေးခေါင်းက ဘယ်လိုထွက်မှာတုန်း အစ်မရဲ့၊ ညှစ်ပါဆို...ကြာရင် ကလေးက ရေမွှာမွန်းတော့မယ်"

"ဒီမှာ ကလေးအမေရေ...ညှစ်လို့..."

မြောက်ဥက္ကလာပ ဆေးရုံကြီး၊ OG Ward(သားဖွားဆောင်)၏ Labour Room(သားဖွားခန်း)ထဲတွင် ထုံးစံအတိုင်း ကလေးအမေ၏ အသံ၊ မွေးပေးသည့် ဆရာဝန်များ၏ အသံ၊ သူနာပြုဆရာမများ၏ အသံတို့ဖြင့် အုတ်အော်သောင်းတင်းဆူညံနေပြန်သည်။

ပို၍ ဆူညံရသည့်အကြောင်းအရင်းမှာ ယခုကလေးမွေးပေးနေသည့် ဆရာဝန်မှာ သားဖွားဆောင်၏ နာမည်ကြီး AS (Assistant Surgeon) ဒေါက်တာ ဦးဖြိုးစည်လင်းသူ ဖြစ်နေသောကြောင့်ပင်။

ယခုမှ သားဖွားဆောင်သို့ ရောက်ရှိတာဝန်ချခံရသော လင်းထက်နောင်၊ ဝေနှင်းသွယ် နှင့် ကောင်းကင်ယံတို့ House Surgeon(အလုပ်သင်ဆရာဝန်)လေး သုံးဦးမှာ လက်ကလေးများရှေ့ချ၍ ဘာလုပ်ရမလဲမသိ ချောင်၌ ကပ်နေကြသည်။

"ဟေ့...ဟိုဟောက်ဆာဂျင် အသစ်သုံးယောက်၊ မင်းတို့က ဒီမှာလာမကြည့်ဘဲ အဲချောင်မှာ ဘာကပ်လုပ်နေကြတာလဲ"

ဟိန်းခနဲဆို သူတို့ဆီဦးတည်လာသော အော်ဟစ်သံကြောင့် သုံးယောက်လုံးတုန်ခနဲ ဖြစ်သွားကြ၏။ လင်းထက်နောင်၏ နားထဲတွင် ဤ ward သို့ မပြောင်းခင် မိမိသူငယ်ချင်းမှာလိုက်သော စကားသံတို့က ရစ်ဝဲသွားသည်။

"လင်းထက်ရေ၊ နင်တို့ အခုသွားရမဲ့ OG Ward က AS အစ်ကို ဦးဖြိုးစည်လင်းသူကလေ အရမ်းအပေါက်ဆိုးတာ၊ နင်သာ သူနဲ့ Teamတစ်ခုတည်းကျရင် ကိုယ့်အခေါင်းကိုယ်သာပြင်ထားလိုက်တော့"

သူမှာသည့်အတိုင်း ကံဆိုးလွန်းစွာ Team တစ်ခုထဲကျခဲ့ပါသည်။ ဝေနှင်းသွယ်က လင်းထက် လက်မောင်းကို ဆုပ်ကိုင်ပြီး

"ငါကြောက်တယ် လင်းထက်"ဟု အားတက်သရောပြောရှာ၏။

"ငါလည်းကြောက်တယ် ဝေဝေ" ဟု ပြန်ပြောရင်း ကောင်းကင်ယံကို အကဲခတ်လိုက်တော့ မျက်နှာမှာ သွေးရှိသေးရဲ့လားတောင် သံသယဖြစ်စရာ။ ဘာလို့ ဒီအကြောက်လွန် စကွက်ကမှ ဦးဖြိုးစည်လင်းသူနဲ့ အတူကျဖို့ဖြစ်လာခဲ့သနည်း။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now