Part 35( ကျွန်တော်က လူသားတစ်ယောက်မလို့လား)

2.2K 437 31
                                    

အပိုင်း ၃၅ ( ကျွန်တော်က လူသားတစ်ယောက်မလို့လား)

* ဝုန်း....*

" အန်းလု !!!!!!!!"

ရုတ်တရက် အသံကျယ်လောင်စွာဖြင့် ပွင့်ဟလာသော တံခါးမကြီး၏အဝတွင်ရှိနေပါသော ချီရှန်းသည်  ကျောက်ဖျာချပ်ပေါ်တွင် ထိုင်ကာ မုန့်စားနေသော အန်ုးလုကိုကြည့်ရင်းလှမ်းအော်လိုက်သည်။ သူ၏ဘေးတွင် အားလော့က ခေါင်းကိုငုံ့ကာရပ်နေလေ၏။

အန်းလုက ချီရှန်း၏အသံကိုကြားလိုက်တာကြောင့် လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင်ပင် ချီရှန်းကသူ့ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် တဟုန်ထိုး ရောက်ကာလာလေတော့သည်။ အန်းလုက စားလက်စပဲပေါင်မုန့်ကို ချလိုက်ရင်း မတ်တပ်ရပ်လိုက်သည်။

" ရှန်...ရှန်းရှန်း...ဖြည်းဖြည်း......."

လီချီရှန်းသည် အနားရောက်သည်နှင့်တပြိုင်နက် အန်းလုအားသူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်လေ၏။ အန်းလုက သူ၏လက်နှစ်ဖက်ကို ဘေးတွင်ကပ်ထားသည့်အတွက် လက်များပါ ချုပ်ခံရသလိုဖြစ်ကာ တင်ဘေးတစ်ဖက်စီတွင် ကပ်နေပါတော့သည်။ အန်းလု၏ ခပ်တိုးတိုးအသံကို ကြားရလေတော့ ချီရှန်း၏ဖက်ထားသော အားကပို၍ပင်သန်မာလာကာ အန်းလုကိုအနည်းငယ်ပိုတင်းကျပ်အောင်ဖက်ထားရင်း သူ၏ခေါင်းကိုပင် အန်းလု၏ပုခုံးပေါ်တွင်တင်ရင်း ငြိမ်သက်နေမိသည်။

လီချီရှန်းသည် ဤနေရာသို့အပြေးလာရသည့်အတွက် မောဟိုက်နေပုံရသည်။ သူ၏အသက်ရှူသံခပ်ပြင်းပြင်းက ဆက်တိုက်ကိုသိသာထင်ရှားစွာ အန်းလုခံစားမိနေ၏။ သူ ချီရှန်းကိုပြန်ဖက်ထားချင်မိသည်။

" ရှန်း..ရှန်း..."

အန်းလု သူ၏ကိုယ်ကို အနည်းငယ်လှုပ်ရှားဖို့လုပ်လိုက်ရုံနှင့်ပင် ချီရှန်း၏ဖက်တွယ်ထားမှုက ပို၍တင်းကျပ်လာ၏။

"မင်း....ငါ့ကိုရှင်းပြရလိမ့်မယ်။....အန်းလု...မင်း...ငါ့ကို ဖြေရှင်းချက်ပေးရလိမ့်မယ်။"

ချီရှန်း၏ ၀မ်းနည်းဖွယ်ကောင်းကာ အနည်းငယ်တုန်ယင်နေသောအသံခပ်တိုးတိုးက ပေါ်ပေါက်ကာလာသည်။ အန်ုးလုသည်ပင် ထိုစကားသံကြောင့် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပင်ခံစားလိုက်ရ၏။ ယခုကဲ့သို့ အလွန်ဝမ်းနည်းနေသည့် ကလေးတယောက်ပမာ၊ လိုချင်သည့်အရာကို မိခင်အား ငိုကာချွဲလျက်တောင်းနေသည့်အသံမျိုးသည် သူ၏ဘဝတစ်လျောက်လုံးတွင် ကြားဖူးခဲ့ခြင်းမရှိပါချေ။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now