တိမ်ညို အိမ်သို့ပြန်ရောက်သောအခါ တိမ်ညို၏ အမေမှ
"အမလေး...မောင်မင်းကြီးသားရယ် ဘယ်တွေများ သွားနေတာတုန်း၊ အိမ်မှာ မအေတစ်ယောက်လုံးရှိနေတာကိုလည်း အကြောင်းမကြား ဘာမကြားနဲ့ ပြောစမ်းပါဦး"
"အမေကလဲ သားမနေ့က သူငယ်ချင်းအိမ်သွားအိပ်တာ အမေ့ကိုဖုန်းဆက်မလို့ပါပဲ..."
"အေးပါ...ဟုတ်ပါပြီ နင့်အကြောင်း ငါမသိတာကျလို့၊ ကဲကဲ ခု ရေမိုးချိုး ခဏနား... ပြီးရင် ညစာစားဖို့အောက်ဆင်းခဲ့"
"ဟုတ်ကဲ့ အမေ" ဟုပြောရင်း တိမ်ညိုတစ်ယောက် အပေါ်တက်သွားလေတော့သည်။
မိုးစက်မှာလဲ ပြန်ရောက်သည့်အခါ ကုတင်ပေါ်၌ ခြေပစ်လက်ပစ်လှဲချလိုက်လျှင်ပင် တချိုးတည်းအိပ်ပျော်သွားတော့သည်။
ထို့နောက် တိမ်ညိုလဲ ညစာစားရန် ဆင်းလာပြီး အမေနဲ့အတူ စားလေသည်။
"ဒါနဲ့ သားရေ အမေ ပြောစရာလေးရှိလို့
တစ်ဘက်ခါကျရင် အမေ နယ်ကအမျိုးတွေဆီသွားလည်မလို့ အလုပ်လေးလဲ ခွင့်ရတော့ ပြန်လိုက်ဦးမယ်...သားကတော့ ကျောင်းတစ်ဖက်နဲ့ဆိုတော့ နေခဲ့ဦးပေါ့"
"ဟုတ်ကဲ့ အမေ၊ သားကိုမပူနဲ့ ရတယ်အေးဆေး...ဒါနဲ့အမေဘယ်လောက်ကြာကြာနေမှာလဲ"
"အမေ့အလုပ်ကလဲ ဆယ်ရက်ကျော်လောက်ခွင့်ရထားတာဆိုတော့ နယ်ပြန်ပြီ အပြည့်အဝအနားယူလိုက်ဦးမယ် သားရေ"
"ဟုတ်ကဲ့ပါ အမေ"
"အေးအေး သူငယ်ချင်းအိမ်သွားနေမယ်ဆိုရင်လဲ အိမ်ကိုသေချာသော့ခတ်၊ မီးတွေဘာတွေစစ်ဆေးပြီးမှသွား...ဟုတ်ပြီလား"
"ဟုတ်ကဲ့ အမေ"
ထိုစကားကို တိမ်ညိုကြားသည်နှင့် မပျော်ပဲဘယ်မှာရှိတော့မည်နည်း။ အတွေးများက မိုးစက်ဆီသို့ပင်။
ဒီလိုနှင့် ညစာစားပြီး အပေါ်သို့ပြန်တက်လာလိုက်သည်။
အိပ်ယာပေါ် လှဲလိုက်ပြီး မိုးစက်ဆီသို့ ဖုန်းခေါ်ရန်ပင် ပြင်လေသည်။
"ဟူး...အမေနယ်ဘက်ကို အလည်သွားမှာက ငါအတွက်တော့ ဂွင်ပဲ...ဟုတ်ပြီ ငါ့ကလေးလေးဆီဖုန်းခေါ်ရဦးမယ်" ဟု ပြောရင်း မိုးစက်ထံသို့ ဖုန်းဆက်လိုက်သည်။
