Part 4

1.8K 277 13
                                    

Unicode

မနက်ခင်း ရောင်ခြည်နွေးနွေးက အခန်းထဲဖြန့်ကျက်နေသော်ငြား အေးစက်မှုကိုတော့ မလွှမ်းမိုးနိုင်။

အထပ်ထပ်ထုပ်ကာ ခြုံထားသည့် စောင်ကို ပိုမိုဆွဲယူလိုက်ရင်း မျက်လုံးဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ နေပင်ထိုးနေပြီဆိုတော့ကား တော်တော်နောက်ကျနေလောက်ပြီ။ မနေ့ညက အနာဒဏ်ကြောင့် အိပ်မရသည်နှင့်အတူ စာထိုင်လုပ်နေသည်မှာ အချိန်တော်နက်သွားသည်မို့ ယခုသည့်တိုင် မျက်လုံးသေချာမဖွင့်နိုင်သေး။

ဘေးနားရှိ ဖုန်းကို စမ်းတဝါးဝါးဖြင့် လိုက်ရှာရင်း ထိမိတော့ အေးစက်နေသည့်မျက်နှာပြင်ကြောင့် ပင့်သက်ရှိုက်မိသည်။ ဖုန်းဖွင့်ကြည့်တော့ ၉ နာရီ ဟူသည့်အချိန်က တော်တော်နောက်ကျနေပြီ ဖြစ်ကြောင်း ပြသနေသည်။

မနေ့ကတည်းက ဂယောင်ဆူးကို ကြိုပြောခဲ့သည်မို့ နောက်ကျလည်း ပြဿနာတော့မရှိ။ ဖုန်းမျက်နှာပြင် အေးစက်စက်နှင့် ထိနေသော လက်ကို စောင်အောက်ထဲပြန်ထည့်ကာ ပေါင်နှစ်ဖက်ကြားညှက်ရင်း ပူနွေးစေရန် လုံးထွေးနေလိုက်သည်။

ချမ်းလွန်းသည်။

စောင်ခြုံထားသည်ကိုပင် ဤမျှလောက်ချမ်းနေတာ အပြင်ထွက်လျှင် ပိုဆိုးနိုင်သည်။

"အာ့"

ရုတ်တရက် ဆစ်ကနဲ နာကျင်မှုကြောင့် လက်ကိုအသာပြန်ထိန်းကာ ဒဏ်ရာမထိမိစေရန် နေရာတကျ ထားလိုက်ရသည်။ တော်တော်ဒုက္ခပေးတဲ့ အမည်းကောင်။

မစောတော့သည့်အချိန်ကြောင့် ဖြည်းညှင်းစွာထရင်း ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ ရေထိဖို့ တွန့်ဆုတ်မနေဘဲ တိုက်ရိုက်မျက်နှာ သစ်ချလိုက်တော့ ချက်ချင်းကိုအမြင်ကြည်ကာ လန်းဆန်းသွား၏။ မျက်နှာချင်းဆိုင်ရှိ မှန်ထဲပြန်ကြည့်တော့ မျက်တွင်းဟောက်ပက်နှင့် ကိုယ့်ပုံကိုယ်မြင်လိုက်ရသည်မို့ တစ်ချက်ရယ်မိလိုက်သည်။

မားသာမြင်ရင် ဆူဦးမှာပဲ။

တစ်ဆက်တည်းဝင်လာသည့်အတွေးနောက် သက်ပြင်းခပ်သာသာ ချကာ အင်္ကျီလဲလိုက်သည်။ လက်ရှည်ဆွယ်တာတစ်ထည်ကိုမှ အပေါ်က hoodie ထပ်ကာ မာဖလာတစ်ခုလုံး စွပ်ထားသေးသည်မို့ မျက်နှာသေးသေးက ပျောက်ချင်နေသည်။ အိမ်နေရင်း ဘောင်းဘီအရှည်ကို မလဲချင်သော်ငြား မားဆီသွားတွေ့မှာမို့ မလဲ၍မဖြစ်။ ဂျင်းဘောင်းဘီသာ ဝတ်လိုက်သော်ငြား ဒူးခေါင်းထိသာရှိသည့် အတိုမို့ ချမ်းသည်။ မထူးသည့်အတူတူ အပေါ်ကနေ ချည်သားဘောင်းဘီရှည် တစ်ထည်ပါ ထပ်စွပ်လိုက်တော့သည်။

The LOEYWhere stories live. Discover now