အခန်း ၆[ရွှေချောင်းများ ၂]

3.6K 833 22
                                    

Unicode

အိမ်ရှေ့လသာဆောင်ဘေးဘက်ခြမ်း ဆောင်ကူးလမ်းကြားအဆုံး၌ နှာတဖျားစာမျှသာရှိသော တံခါးငယ်တစ်ချပ်ရှိနေ၏။ တံခါးနောက်တွင် ကျဥ်းမြောင်းသောလမ်းငယ်ရှိပြီး မီးဘေးကာကွယ်ရန် ရည်ရွယ်ကာ တည်ရှိနေသော တံတိုင်းမြင့်နှစ်ခုကြား ညပ်လျက်ရှိသည်။ ကျဥ်းကျဥ်းကျုတ်ကျုတ်နှင့် ကိုးရိုးကားယားနိုင်စွာ တည်ရှိနေတာကြောင့် သေချာအာရုံမထားမိသူများအဖို့ ကျော်သွားမည်သာဖြစ်သည်။

ရွှမ်းမင်စကားဆုံးသွားသည်နှင့် တံခါးငယ်နောက်မှ ဂလောင်ဆိုသော အသံအောက်အောက်က ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်မှ သတိမမူမိပဲ ကျောက်ခဲကိုတက်နင်းမိရာမှ ယိုင်သွားသောအသံကဲ့သို့ဖြစ်သည်။

အကြံပေး၏မျက်နှာပေးသည် မသိမသာလပြောင်းလဲသွားသည်။ မပြုံးချင်ပြုံးချင်နှင့်

"ဒါကအိမ်တော်ရဲ့အခန်းပိုလေးပါ..အဲ့ဒီဘက်ကိုသွားရမှာမဟုတ်ဘူး..ကိုယ်တော်...ဒီဘက်ကိုကြွ....ဟေး..ဘာလို့အပြင်ထွက်လာတာလဲ"

ရွှမ်းမင်အကြည့်များကို အဓိကအဆောင်ဘက် ခေါ်ဆောင်ပေးသွားမည်ပြင်သော အကြံပေးစကားများသည် တံခါးငယ်အတွင်းမှ ထွက်လာသောပုံရိပ်ကြောင့် တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွား၏။

ထူထဲသော ခဲပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးဖြစ်၏။ နှစ်ဆယ်ကျော်လောက်သာထင်ရသော သူ့အသွင်သည် ရွှမ်းမင်နှင့်တရွယ်တည်း ဖြစ်နိုင်သည်။ သို့ပေမဲ့လည်း သူ၏အပြုအမူများနှင့် အမူအရာများသည် အလွန်ထူးဆန်းလှ၏။ လက်နှစ်ဖက်ကို နံရံထက်ထောက်ထားပြီး စူးစမ်းလိုသောအသွင်က မျက်နှာထက်ဖော်ပြနေသည်။ ဧည့်သည်များကို နံရံနောက်တွင်ပုန်းရင်း စူးစမ်းလိုသည့် ကလေးတစ်ယောက်နှင့် တူလှ၏။

အကြံပေးထံမှ အငေါက်ခံရပြီးနောက် ဘာလုပ်လို့လုပ်ရမှန်း မသိသည့်အသွင်နှင့် တံခါးနောက်သို့ ပြန်ဝင်သွား၏။ သို့သော်ငြားလည်း တံခါးနောက် အပြီးတိုင်ဝင်သွားတာမျိုးမဟုတ်ပဲ မျက်နှာတစ်ဝက်ခန့် ထုတ်ရင်းလိုက်ကြည့်နေသေးသည်။

အလင်းကောင်းကောင်းပေးသောမီးအိမ်လည်း အနီးနားမှာမရှိတဲ့အတွက် ထိုသူ့ပုံပန်းသွင်ပြင်သည် အမြင်မှာမသဲကွဲလှ။

ပုံပန်းအား သဲသဲကွဲကွဲမမြင်ရပေမဲ့လည်း ရွှဲရှန့်အသိစိတ်ကတော့ ဤလူသားနှင့် အကြံပေးကြားရှိ တော်စပ်မှုသည် သာမန်မဖြစ်နိုင်ကြောင်း ပြောပြလျက်ရှိသည်။ ကျန်းရှီနင်အား တိုးတိုးလေးကပ်ပြီး

"သူဘယ်သူလဲ..မင်းသိလား?"

ကျန်းရှီနင်သည် တစ်ချက်မှတောင်မကြည့်ပဲ

"ငါမှအကြံပေးအိမ်တော်ကိုမရောက်ဖူးတာ..ဘယ်လိုလုပ်သိမှာလဲ?"

စိတ်မသက်မသာဖြစ်နေသော အကြံပေးအား မျက်မှောင်ကျုံ့ကြည့်ရင်း တံခါးဆီသို့ ရွှမ်းမင်လျှောက်လှမ်းသွားသည်။

"အာ..အဲ..ကိုယ်တော်"

အကြံပေးအဖို့ သူ့အား အပြင်လူလို သဘောထားသော ဘုန်းတော်ကြီးကို ဒီတစ်ခါသာတွေ့ဖူးတော့သည်။ တကြော်ကြော်အော်ခေါ်ကာ နောက်မှလိုက်ရင်း

"သူကပြဿနာမဟုတ်ပါဘူး..တကယ်ပြောတာ..အဲ့ဒီမှာရှိနေတာကျွန်တော်မျိုးကိုစိတ်မချမ်းမသာဖြစ်စေတဲ့သားကြီးလျိုချုံပါ..သူကမိသားစုမလို့သံသယဝင်စရာမရှိပါဘူး"

အကြံပေးသည် သားအကြီးဆုံးဖြစ်သူ၏ အခက်အခဲအချို့ကြောင့် အရှက်ရမှာကို စိုးရိမ်နေပုံပေါ်၏။ ရွှမ်းမင်အား တားလို့မရတော့တာမလို့ တံခါးနောက်တွင်ရှိနေဆဲ လျိုချုံကိုသာ ပြန်ဝင်လို့ဝင်ငြား လက်ရမ်းပြလိုက်သည်။

"ချုံအာ.လိမ်မာပါတယ်..အခန်းထဲဝင်နေတော့..အဖေကဒီမှာဆရာတော်နဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိလို့"

အကြံပေး၏စကားသံကြောင့် ရွှမ်းမင်ထံမှ အသက်မပါသောအကြည့်က ထပ်မံရောက်ရှိလာသည်။

"ခန်းမအတွင်းသို့စီးဝင်တဲ့ရေအလျင်ဆိုတဲ့အစီအရင်အရယင်နှင့်ယန်ကိုချိန်ဆထားပြီးအရှေ့နှင့်အနောက်ကလေကိုကာထားဖို့နဲ့မြောက်နှင့်တောင်ကချိဓာတ်ကိုစုစည်းဖို့လိုအပ်တယ်..ဒါပေမဲ့အနောက်အရပ်မှာလေထွက်ပေါက်ရှိနေတယ်"

အနောက်တောင်အရပ်သည် မည်းမှောင်ရုံသာမက ကျဥ်းမြောင်းနေသည်ဖြစ်၍ ယင်ဓာတ်အောက်တွင် ကျရောက်နေရာ ဘက်ညီသောအစီအရင်တော့ ဖြစ်မနေ။

ရွှမ်းမင်စကားကြားပြီး ရွှဲရှန့်လည်း တံခါးနောက်ရှိ မှောင်မည်းနေသော လမ်းကျဥ်းကို ကြည့်နေမိသည်။ အကြံပေးဖိတ်ခေါ်ခဲ့သောအစီအရင်ချပေးသူသည်မကျွမ်းကျင်သောသူပဲလား?ဒါမှမဟုတ်အကြံပေးကပဲနောက်မှထပ်ထည့်ခဲ့တာလား?

မှန်ကန်နေသော ရွှမ်းမင်စကားကြောင့် အကြံပေးလည်း မတတ်သာသောပုံစံဖြင့်

"အမှန်အတိုင်းပြောရရင်ဒီလမ်းကြားကိုပြင်ပြီးထပ်ထည့်ခဲ့တာပါ"

စကားပြောနေတုန်းမှာပင် ရွှမ်းမင်သည် တံခါးအောက်ထစ်အားဖြတ်ပြီး တံခါးငယ်နောက်သို့ ရောက်သွားပြီဖြစ်၏။

သားအကြီးဆုံးဖြစ်သူ လျိုချုံသည် ဧည့်သည်တံခါးနောက်ဝင်ရောက်လာ၍ အနောက်နည်းနည်းဆုတ်သွားပြီး နံရံမှီကာ ရှက်ပြုံးပြုံးလျက်ရှိသည်။

ခြေထောက်များ တုံ့ဆိုင်းနေသည်ကို ရွှဲရှန့်သတိပြုမိလိုက်သည်။ နာမကျန်းဖြစ်သောကြောင့်နှင့်မတူပဲ သက်သက်ကြီး ကိုးရိုးကားရားနိုင်နေသည်။ လျိုချုံရုပ်ရည်မှာ မဆိုးလှသဖြင့် အဖေနှင့်မတူပဲ အမေနှင့်တူသည်ကို ရွှဲရှန့်တပ်အပ်ပြောနိုင်သည်။ ဝိုင်းစက်နေသောမျက်ဝန်းအစုံကြောင့် ပြုံးလိုက်လျှင် နှစ်လိုဖွယ်ကောင်းမည်ဖြစ်ပေမဲ့ ကလေးဆန်သောအကြည့်ကြောင့် ရူးနှမ်းသူအပြုံးနှင့်သာတူ၏။

လျိုချုံသည် မသန်မစွမ်းဖြစ်သည်မှာ သေချာ၏။

အကြံပေးသည် တင်း၍တစ်မျိုး ပျော့၍တစ်ဖုံ မည်သို့ဆက်ဆံနေစေကာမူ ရွှမ်းမင်ထံမှ မသိကျေးကျွန်ပြုချင်လိုသော အကြည့်သာရရှိခဲ့သည်။ ချဥ်းကပ်ရန်ခက်ခဲသော ရွှမ်းမင်သည် တခစ်ခစ်ရယ်နေသော ကလေးငယ်နှင့် တွေ့ဆုံချိန်မှာတော့ လောကဝတ်ကို သိရှိနားလည်သွားပုံရသည်။ မျက်နှာအမူအရာမပြောင်းလဲပေမဲ့လည်း ခေါင်းတော့ငြိမ့်ပြလာသည်။

အကြံပေး၏မျက်နှာသည် ငနုံငအနှင့် မယှဥ်နိုင်သော ကိုယ့်အဖြစ်ကြောင့် စိမ်းရောင်ပင်သန်းစပြုလာသည်။

တံခါးနောက်တွင်လမ်းကျဥ်းလေးသာမက.......

ပွင့်နေသောအိတ်ကပ်တွင် ရွှဲရှန့်တွဲလဲခိုရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ လမ်းကျဥ်းလေး၏အဆုံးတွင် ကြည့်ရင်မသိသာသော အဆောင်ငယ်တစ်ဆောင်က ရှိနေသည်။ ရိုးရှင်းလှသော အဆောင်ဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့် လုံလောက်၏။ သိုလှောင်ခန်းအဖြစ် ထားသောပုံပေါ်ပေမဲ့လည်း လျိုချုံသည် အခန်းရှိရာသို့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ဦးတည်သွားသည်ကို ရွှဲရှန့်တွေ့လိုက်၏။

အပြင်လောကအကြောင်း နားမလည်သူများသည် သူစိမ်းတွေ့လျှင် သူတို့ထင်သော အလုံခြုံဆုံးနေရာဖြစ်သည့် မိဘနောက်ကွယ် သို့မဟုတ် ကိုယ်ပိုင်အခန်းအတွင်းသို့ ပြေးဝင်တတ်ကြသည်။ နှစ်ဝက်လောက် လူအများကြား လှည့်လည်သွားလာရင်း ရွှဲရှန့်သိလာခဲ့သော အကြောင်းအရာဖြစ်၏။

ဤအဆောင်ပိုင်ရှင်သည် လျိုချုံဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်၏။

အကြံပေးလျိုသည် ထူးဆန်းသောသူဖြစ်သည်ဟု ရွှဲရှန့်မှတ်ချက်ချမိသည်။ ဘယ်ဖခင်ကများအလင်းတောင်မမြင်ရတဲ့နေရာမှာကိုယ့်သားကိုထားမှာတဲ့လဲ?သားဖြစ်သူကိုမြေကြွက်တစ်ကောင်လိုသဘောထားနေတာလား?

ထို့အပြင် အကြောင်းတစ်ခုခုကြောင့်နှင့် အဆောင်ငယ်၌ ယင်ဓာတ်များက ပြည့်လျက်ရှိသည်။ ကိုယ်တိုင်သာမမြင်ရလျှင် ဤနေရာသည် လူသားများနေလို့ရသည်ဟု ယုံချင်စရာတောင်မရှိ။ သချိုင်းတောင်ကုန်းလို့ပင် ရွှဲရှန့်ထင်မိလောက်မည်။

အကြံပေးလျိုတစ်လျှောက်လုံး ကွယ်ဝှက်လာပုံအရ ဤအဆောင်ငယ်အား ရွှမ်းမင်မြင်သွားမှာ စိုး၍နှင့်တူသည်။ သို့ပေမဲ့လည်း ရွှမ်းမင်မြင်သွားပြီဖြစ်၍

"သားကြီးရဲ့စိတ်နေစိတ်ထားကတစ်မျိုးဖြစ်တာမလို့ဆူညံသံတွေကိုလက်မခံနိုင်ဘူး..အေးချမ်းတဲ့နေရာမှာပဲနေချင်တယ်လို့သူအမြဲပြောနေခဲ့တာ"

ရွှဲရှန့် ; "....."
အဓိပ္ပာယ်မရှိ!အဲ့လောက်အေးချမ်းတာကြိုက်နေရင်လဲတောထဲပို့ထားလိုက်ပါလား?ဒီထက်တောင်ပိုအေးချမ်းသေးတယ်၊ယင်ဓာတ်တောင်ဒီနေရာနဲ့ယှဥ်နိုင်မှာမဟုတ်ဘူး'

ကိုယ့်ပါးစပ်က ထွက်လာတာဖြစ်သော မဟုတ်တန်းတရားများ ဖြစ်ပေမဲ့လည်း ပိုပြောမိသွားတာကြောင့် ချောင်းခြောက်များ တဟွတ်ဟွတ်ဆိုးရင်း

"ကိုယ်တော်ပြောတဲ့လေထွက်ပေါက်ဆိုတာဒါကိုပြောတာလား..ဒီလမ်းကျဥ်းလေးကိုလေ"

"ပြီးတော့ဒီအခန်း"

"တောင်ဘက်ကပြတင်းတွေကိုပိတ်ထားလိုက်ရင်မြောက်ဘက်လေထွက်ပေါက်လည်းပိတ်သွားမယ်မလား"

"ပိတ်ပစ်မယ်?"

အကြံပေးစကားကို အေးစက်သောအသံနှင့် ထောက်ပြလာပြီး လျိုချုံကိုညွှန်ပြကာ

"သူကအသက်ရူစရာမလိုဘူးလား?”

"အဲ့တာက..မတွေးမိလိုက်တာပါ"

စကားနှစ်ခွန်းတည်းနှင့်ပင် အကြံပေးအပေါ်ထားသော ရွှဲရှန့်အမြင်သည် ပိုမိုဆိုးရွားလာ၏။ စိတ်မမှန်သော အကြီးဆုံးသားကို ဖခင်ဖြစ်သူကတော့ သေသေရှင်ရှင် ဂရုစိုက်သည့်ပုံမပေါ်လှ။

ပိုလို့ပင်ယုံနိုင်စရာမရှိသည်မှာ ရွှမ်းမင်စကားကြောင့် ရပ်တန့်သွားသော အကြံပေးသည် မစဥ်းစားတတ်တော့သည့် ပုံပေါ်နေခြင်းဖြစ်၏။ လျိုချုံအား အဆောင်ထဲမှထုတ်ပြီး ပြတင်းပိတ်ဖို့ရန်တော့ တွေးတောင်မတွေးဘူးထင်သည်။

ကောင်းကင်မှ အလင်းရောင်ဝင်လာသည်နှင့်အတူ အိမ်တော်အတွင်းရှိ အခြားနေရာများသည်လည်း ထင်ရှားပုံပေါ်လာကြသည်။ သို့ပေမဲ့လည်း ဤအဆောင်ငယ်တစ်ခုသာကျန်၍ မှောင်ရိပ်သန်းလျက်ရှိသည်။

ရွှဲရှန့်နည်းတူ ရွှမ်းမင်လည်း အခန်းအတွင်းရှိ မူမမှန်သော ယင်ဓာတ်ပမာဏကို သတိထားမိသည်။

အိမ်ကြီးအိမ်ကောင်းဖြစ်သည်နှင့်အတူ အနောက်တောင်အရပ်တွင် ယင်ဓာတ်စုလေ့ရှိသည်မှာ ပုံမှန်ဖြစ်ပေမဲ့ ဤမျှမည်းမှောင်လောက်အောင်တော့ များလေ့မရှိ။ ထူးဆန်းလှ၏။

ရွှမ်းမင်သည် အကြံပေးအား တစ်ချက်မျှပင်မကြည့် တဲငယ်ရှိရာသို့ လျှောက်လှမ်းသွားသည်။

ရူးနှမ်းနှမ်းလျိုချုံသည် ဧည့်သည်ဘာကြောင့်များ အခန်းထဲဝင်မည်ဖြစ်သလဲ နားမလည်တာကြောင့် ခေါင်းကိုကုတ်နေသည်။ ငူငူကြီးရပ်နေရာမှ ကစားဖော်ရပြီဟု ထင်သွားပြီး စိတ်ဝင်စားလာပုံရ၏။ ကိုးရိုးကားယားနိုင်သော ခြေလှမ်းများနှင့်အတူ နံရံကိုအမှီပြုရင်း ရွှမ်းမင်နောက်လိုက်လာသည်။

နှစ်ဆယ်ကျော်အမျိုးသားသည် ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်မနည်းရပ်နေရ၏။ လှမ်းလိုက်တိုင်း ခြေထောက်များက ခွေယိုင်နေသည်။ ရွှမ်းမင်နှင့် ဘေးတိုက်ယှဥ်လျှောက်ချင်ပေမဲ့လည်း သူကိုယ်တိုင်ကလည်း အငြိမ်မနေနိုင်တာကြောင့် ရှေ့ကျော်သွားလိုက် နောက်ကျန်ခဲ့လိုက် ဖြစ်နေသည်။ အကြည့်များသည် ဝင်လာကတည်းက ရွှမ်းမင်ခါးတစ်ဝိုက်ကို အဖိုးထိုက်တန်သောအရာ ရှိနေသည့်အတိုင်း အာရုံစိုက်လျက်ရှိသည်။

အရူးသည် ပွင့်နေသောအိတ်ကပ်ကလွဲပြီး အခြားနေရာသို့ အကြည့်မရွေ့တော့။

ပေါက်ကွဲလုမတတ် ကြည့်လာသောသူကြောင့် ရွှဲရှန့်လှဲနေရင်း စိတ်မသက်မသာဖြစ်နေသည်။ ကံမကောင်းလှစွာပင် ပုန်းဖို့ရန်အချိန်မရလိုက်တာကြောင့် ပုန်းချင်တာတောင် ပြေးပုန်း၍မရ ဖြစ်နေသည်။ လူထုံမှ တောက်လျှောက်အကြည့်မလွှဲသည့်အတွက် ရွှဲရှန့်လှုပ်ရှား၍လည်းမရ။ လှုပ်လိုက်မှ ကြောက်လန့်ပြီး ထငိုရင်တော့ အရေးမကြီး။ စိတ်လှုပ်ရှားသွားကာ ကိုယ့်ကိုယ်ကိုမထိန်းနိုင်ပဲ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်လျင်တော့ ဆိုးသွားပေလိမ့်မည်။

အဆောင်သည် သိပ်မဝေးလှသဖြင့် အရပ်ရှည်သောရွှမ်းမင်အဖို့ ခဏမျှနှင့် အရှေ့ရောက်သွား၏။

ရွှဲရှန့်တစ်ယောက် မဆိုသလောက်ဟနေသော တံခါးချပ်နောက်ကွယ်မှ မြင်ကွင်းကြောင့် အံ့သြသွားတော့သည်။ တံခါးနောက်တွင် ရွှေချောင်းများနှင့်တူသော အဝါရောင်အရာများ ပုံလျက်ထပ်ထားသည်။ သို့ပေမဲ့ သေချာကြည့်လိုက်လျှင်တော့ ရွှေချောင်းအစစ်များမဟုတ်ပဲ စက္ကူခေါက်များသာဖြစ်ကြောင်း သိနိုင်သည်။

အဝါရောင်စက္ကူများဖြင့် ခေါက်ထားသော သေသူများအတွက် မီးရှို့ပေးသည့် စက္ကူချောင်းများ ဖြစ်သည်။

ရွှဲရှန့်အံ့သြသင့်နေတုန်းမှာ အနောက်ကကပ်လိုက်လာသော လျိုချုံရောက်လာပြီး

"အမ်..ဒါနဲ့ဆော့လို့ရလား"

အပြောနှင့်အတူ ခါးဆီလည်း ညွှန်ပြလာသည်။ ရွှမ်းမင်ကိုယ့်ခါးကိုယ် ပြန်ကြည့်မိပေမဲ့ လျိုချုံဘာကိုဆိုလိုတာလဲ ဆိုတာနားမလည်။

"အဝါရောင်စာရွက်"

ဒီတစ်ခါမှာတော့ လျိုချုံဆိုလိုသည်မှာ အိတ်ကပ်အတွင်းမှ ပြူထွက်နေသော စက္ကူလူသားကိုဖြစ်ကြောင်း ရွှမ်းမင်နားလည်သွားသည်။

ရွှဲရှန့် ;".................."
ဘယ်ကိုလာပြီး?၊ဒီအရူးတော်တော်သတ္တိကောင်းနေပါလား!တကယ့်နဂါးနဲ့လာကစားချင်နေတယ်၊အသက်မရှင်ချင်တော့ဘူးလား ?

အရူးပါဆိုမှဘာသိမှာလဲ?ကြည့်ရတာတော့စက္ကူကသူ့လက်ထဲရောက်လျှင်နှစ်ပိုင်းပြတ်သွားလိမ့်မည်၊နှစ်ပိုင်းတင်မကအစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်သည်။

ရွှဲရှန့်ဖြစ်နိုင်ချေတွေ လျှောက်တွေးရင်း ပါးစပ်ဖြင့် ထုတ်ဖော်ပြောလို့မရသည့် အပိုင်းတွင် ထုတ်ဖော်လို့မရသည့် ဝေဒနာက နာကျင်လာသည်။ တခြားဘာမှလည်း ဂရုမစိုက်နိုင်တော့ပဲ အိတ်အတွင်းသို့ လက်တစ်ဖက်ပြန်ထည့်ပြီး အဖြူရောင်ဝတ်ရုံကနေ အသားကို ဆွဲလိမ်လိုက်သည်။ အတွေးတွင်တော့ 'ကောင်းကင်ပေါ်မှာပဲဖြစ်နေပါစေမြေကြီးအောက်မှာပဲဖြစ်နေပါစေ၊ငါ့ကိုပေးရဲပေးကြည့်၊မင်းကိုဘယ်တော့မှအလွတ်မပေးဘူး'

ရွှမ်းမင်;"..................."
ဥကပေါက်တဲ့စက်ဆုပ်ရွံရှာဖွယ်အကောင်ကဘာလို့အဲ့လောက်တောင်ရိုင်းစိုင်းနေရတာလဲ ?

•••••••

(ပါးစပ်ဖြင့်ထုတ်ဖော်ပြောလို့မရသောနေရာ=ဟိုနေရာ 👀)

Copper Coins《铜钱龛世》Where stories live. Discover now