အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]

2.7K 647 49
                                    

Unicode

ရွှမ်းမင်ဆိုလာသလိုပဲ လျိုချုံ၏မှဲ့သည် ဘယ်ဘက်တွင်ရှိနေပြီး မနက်ကဝတ်ထားသော ခဲပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ခေါင်းအစခြေအဆုံး ပြဿနာဖြစ်စရာ လက္ခဏာမရှိ။ ဤတစ်ကြိမ်တွင်တော့ အစစ်အမှန်ဖြစ်သည်မှာ သေချာ၏။

တံခါးငယ်ကိုဖြတ်၍ဝင်လာသော လျိုချုံမျက်နှာသည် ဆယ်ပိုင်းပိုင်းရလျှင် သုံးပိုင်းမှာ စိတ်ရှုပ်ထွေးနေပြီး ကျန်ခုနှစ်ပိုင်းမှာ အလိုမကျဖြစ်လာဟန်ပေါ်သည်။ အနောက်သို့တကြည့်ကြည့်နှင့် တွန့်ဆုတ်လျက် လျှောက်လာပြီး အရှေ့မှရွှမ်းမင်ကို မြင်သွားသည်။

ခဏမျှတော့လန့်သွားပြီးနောက် ပူဆွေးသောကရောက်နေသော အသွင်ဖြင့်

"အခုလေးတင်ပဲ..အဘွားကိုတွေ့ခဲ့တယ်"

တံခါးငယ်နောက်ကို လက်ညှိုးညွှန်ပြပြီး

"အဲ့ဒီမှာ"

အဘွား?

အမယ်အိုလျို?

သရဲတစ်စုလိုက်ဖမ်းရာလက်မှ လွတ်မြောက်လာရုံသာရှိသေး။ အရူးက နောက်တစ်သိုက်ထပ်ခေါ်လာတာတော့ ဟုတ်လောက်မယ်မထင်။ ဟုတ်နေတာများလား?

ကြားရသောစကားကြောင့် ရွှဲရှန့်တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မစဥ်းမစားပဲ လျိုချုံကို အမေးစကားဆိုလိုက်သည်။

"ဘယ်မှာလဲ?"

"ငါလိုက်သွားပေမဲ့အဘွားကပျောက်သွားတယ်"

လျိုချုံ၏အမူအရာသည် ပူဆွေးဝမ်းနည်းမှုများနှင့် ပြည့်နေပြီး အသံ၌ စိတ်မရှည်ခြင်းများက ကပ်ပါလာ၏။ အမေးသံသည် ရွှမ်းမင်ပါးစပ်မှလာခြင်း မဟုတ်သည်ကို သူသတိမထားမိ။

"ငါ့ကိုမတွေ့ဘူး.ငါလိုက်ရှာတော့မတွေ့တော့ဘူး..မတွေ့တော့ဘူး"

အလွန်အမင်း ဝမ်းနည်းပူဆွေးနေသောအသွင်ဖြင့် လက်ချောင်းတွေကို ဆုပ်နယ်နေသည်။ တံခါးငယ်ရှိရာကို ငေးမောကြည့်နေရင်း ဝမ်းနည်းကြေကွဲနေသောအသံနှင့်

"အဘွားနဲ့စကားပြောချင်နေခဲ့တာ"

အကြံပေးလျိုနှင့်အဖော်ဖြစ်သူ ပြောခဲ့တာများကို ရွှဲရှန့်ပြန်လည်ကြားယောင်လာသည်။ အကြံပေးလျို၏မိခင်ဖြစ်သူသည် မြို့ထဲမှလူများပြောနေကြပုံအရ ကျန်းရှီနင်၏မိဘများ ဆေးမှားကုမိခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟူ၍။ သေဆုံးပြီးမကြာခင် ကျန်းဆေးဆိုင်လည်း မီးလောင်ပြာကျသွားခဲ့သည်။

ကျန်းရှီနင်သေနေသည်မှာ သုံးနှစ်ရှိပြီဖြစ်၍ အမယ်အိုလျိုလည်း ထိုနားတစ်ဝိုက်သာဖြစ်မည်။

လျိုချုံလိုလူမျိုးသည် စိတ်ထဲတစ်ခုရှိပြီဆိုလျှင် အခြားတစ်ခုပြောင်းရန် ခဲယဥ်း၏။ အကြောင်းအရာတစ်ခုကို တွေးနေသည်ဟု ပြောလာလျှင် အမှန်ပင် ထိုအကြောင်းအရာကို နေ့နေ့ညည တွေးနေခဲ့ခြင်းဖြစ်သည်။ အဘွားဖြစ်သူကို သတိရနေခဲ့သောလျိုချုံအဖို့ သုံးနှစ်တာသည် အထီးကျန်ကြာရှည်သောနေ့ရက်များ ဖြစ်ခဲ့ပေလိမ့်မည်။

"သွားမယ်"

ရွှမ်းမင်သည် လက်ဟန်ပြပြီးတာနှင့် စောင့်ခြင်းအလျှင်းမရှိ အိုမင်းယိုယွင်းနေသောအဆောင်ငယ်ရှိရာသို့ ဦးတည်သွားပြီဖြစ်သည်။

ဘုန်းတော်ကြီးတစ်ပါး၏ များပြားသောနည်းဟန်အသွင်အပြင်များက ကြောက်ရွံ့စိတ်ကိုပေး၍ပဲလား ဒါမှမဟုတ် တစ်ပါးသူကို တွေးဆချိန်မပေးပဲ ရုတ်ချင်းလှုပ်ရှားသွား၍ပဲလားတော့မသိ။ လျိုချုံသည် မသိစိတ်၏ လှုံဆော်မှုနှင့်အတူ အမြန်နောက်ကလိုက်လာ၏။

ယိုင်တိယိုင်တိုင်လိုက်လာသော လျိုချုံသည် ပါးစပ်ကလည်း တီးတိုးရေရွတ်နေ၏။

"အဘွားကို..သွား..သွားရှာချင်တယ်"

"ဘာလို့အလျင်လိုနေတာလဲ?အခန်းထဲအရင်ဝင်တာပေါ့"

ရွှဲရှန့်လည်း မတတ်သာပဲ လက်ခံလာအောင် ဖျောင်းဖျလိုက်သည်။

ခဏမျှ အောင့်အီးသည်းခံနေပြီးနောက် စကားဆိုလာပြန်သည်။

"အလျင်...အလျင်လိုနေတယ်"

"ထိန်းထားလိုက်!"

ရွှဲရှန့် ပြောင်ဘွင်းဘွင်းသာ ဆိုလိုက်၏။

ရွှမ်းမင်၏ဖော်ရွေမှုကင်းသော ရုပ်သွင်ကိုကြည့်ပြီး အနည်းငယ်တော့ ကြောက်သွားပုံရသည်။ နှစ်လှမ်းမျှတော့ အောင့်အီးသည်းခံလျှောက်ပြီးနောက် တဖန်သတ္တိပြန်ရှိလာကာ တီးတိုးစကားဆိုလာသည်။

"ပါးစပ်မဖွင့်ပဲဘယ်လိုစကားပြောလဲ?"

ရွှမ်းမင် ; "......"

"ဖုယူရှို..အာ..ရိုးရိုးရှင်းပြရရင်ဝမ်းဗိုက်ကိုသုံးပြီးပြောတာ"

ရွှမ်းမင် ; "......"

လျိုချုံအကြည့်သည် ရွှမ်းမင်ဝမ်းဗိုက်နေရာသို့ ဝဲ၍ရောက်လာ၏။

စကားပြောနေရင်းနှင့်ပင် အခန်းရှေ့သို့ ရောက်သွားပြီဖြစ်သည်။ ဝင်လိုက်သည်နှင့် အစီအရင်မှ လွတ်မြောက်နိုင်ပြီဖြစ်၏။

ရွှမ်းမင်သည် တုံ့ဆိုင်းခြင်းမရှိ ဖျတ်လက်သွက်လက်စွာဖြင့် အနောက်တစ်လှမ်းခွဲစာလောက်တွင် ကျန်ခဲ့သောလျိုချုံကိုဆွဲပြီး ခြေတစ်လှမ်းလှမ်းလိုက်၏။ လျိုချုံလည်း ယိုင်တိုင်တိုင်ဖြင့် အခန်းအတွင်း ခြေတစ်လှမ်းဝင်သွားသည်။

နောက်ခြေထောက်တစ်ဖက်ဝင်ရန် ပြင်ချိန်တွင် ကျောက်သားကြမ်းပြင်ထက် ထိခတ်နေသော 'ဒုတ်..ဒုတ်..' ဆိုသောအသံသည် ဘယ်ကမှန်းမသိ ရောက်ရှိလာ၏။

"ဟမ်?"

လျိုချုံသည် သူ၏ဘဝတစ်သက်တာ၌ ဤမျှလောက် လျင်မြန်စွာ တုံ့ပြန်ဘူးလောက်မယ်မထင်။

လှမ်းလက်စခြေထောက်သည် တစ်ဝက်တစ်ပျက် ရပ်တန့်သွားပြီး တီးတိုးစကားကို မသိစိတ်ကနေ ရေရွတ်လာ၏။

"အဘွား"

အခန်းအတွင်း ရှိနေပြီးသားဖြစ်သော ခြေထောက်တစ်ဖက်ကို အမြန်ရုတ်သိမ်းကာ နောက်သို့လှည့်ပြန်ပြေးတော့သည်။

"ဟေ့..နေဦး!"

ရွှဲရှန့် မတတ်သာပဲ အော်ဟစ်လိုက်၏။

ရွှမ်းမင်ကိုယ်တိုင်လည်း အရူးကိုပြန်ဆွဲရန် လက်မြှောက်လိုက်သည်ကို ရွှဲရှန့်တွေ့သည်။ ဒါပေမဲ့ လက်မြှောက်လိုက်ပြီးတခဏ မသဲကွဲသောတစ်ဝီဝီမြည်သံသည် ခေါင်းအတွင်း မြည်ဟီးလာပြီး အမြင်အာရုံများ မည်းမှောင်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ပတ်ချာလည်သွားတော့၏။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာ သူ့ရှေ့မှမြင်ကွင်းသည် ပြောင်းလဲသွား၏။ လျိုချုံအခန်းတံခါးရှေ့တွင် ရပ်နေတာဖြစ်ပြီး သူတို့အရှေ့တွင် ဖြူရော်နေသောကျန်းရှီနင် ရှိနေသည်။ လျိုချုံကိုတော့ ဘယ်မှာမှမတွေ့။

သူတို့ကတော့ အစီအရင်မှ လွတ်မြောက်နိုင်သွားသည်မှာ သေချာ၏။ သို့သော်ငြားလည်း တခဏအချိန်အတွင်းမှာ ခြေပြန်ထုတ်လိုက်သော လျိုချုံသည် အစီအရင်အတွင်း၌သာ ကျန်ရစ်ခဲ့၏။

"ပြန်ရောက်လာပြီပဲ"

အထိအခိုက်မရှိပဲ ပြန်ရောက်လာကြတဲ့အတွက် ကျန်းရှီနင်စိတ်သက်သာရာရသွားသည်။ သက်ပြင်းချနေတာတောင်မဆုံးလိုက် အကြောအချင်များ ပြန်လည်တောင့်တင်းလာပြီး

"သခင်လေးလျိုနဲ့အကြံပေးလျိုကောဘယ်မှာလဲ?အထဲမှာပိတ်မိနေတုန်းလား?"

ရွှမ်းမင်စကားတစ်ခွန်းမှမဆိုပဲ ခေါင်းငြိမ့်ပြကာ အခန်းအတွင်းသို့ ဝင်လိုက်သည်။

စကားမပြောသောရွှမ်းမင်ကြောင့် ကျန်းရှီနင်လည်း ဆက်မမေးရဲတော့ပဲ အနောက်ကသာ ဖြေးညှင်းစွာလိုက်သွားသည်။ အတွင်းခန်း၏တံခါးပေါက်သို့ ရောက်ရှိချိန်တွင် အင်းစာရွက်များကို သံရိုက်ကပ်ထားရာ မြေပြင်အနီး ရွှမ်းမင်ဒူးထောက်လျက်ရှိသည်ကို တွေ့လိုက်ရသည်။

ကျန်းရှီနင်သည် ထိုကိစ္စရပ်များနှင့်ပတ်သတ်ပြီး လားလားမှမသိပေမဲ့ ရွှဲရှန့်ကတော့ တစ်ခုနှစ်ခုသိ၏။

အစီအရင်ကို ချိုးဖောက်နိုင်သောနည်းလမ်း နှစ်မျိုးရှိသည်။ အတွင်းကနေပြီးတစ်မျိုးနှင့် အပြင်ကနေပြီးတစ်မျိုးဖြစ်၏။

ကိုယ်ကအတွင်းမှာပိတ်မိနေလျှင် ထွက်ရန်တံခါးပေါက် ရှာရုံသာဖြစ်သည်။ ဒါပေမဲ့ ကိုယ်ကအပြင်မှာရောက်နေပြီး အတွင်းမှလူများကို လွတ်မြောက်စေလိုလျှင် အရိုးရှင်းဆုံးနည်းလမ်းမှာ အစီအရင်ကို ဖျက်ဆီးပစ်လိုက်ခြင်းသာ။

အစီအရင်ကို ဖျက်ဆီးရာမှာလည်း နည်းလမ်းတကျတော့ လုပ်ရန်လိုသည်။ ပြောရလျှင် ဤအသက်မွေးဝမ်းကြောင်းသည် သူတစ်ဦးတစ်ယောက်၏ ဝိညာဥ်အစွဲချွတ်ခြင်းနှင့် ဂါထာမန္တန်ရေရွတ်ခြင်း စွမ်းရည်များအပေါ်တွင် မူတည်နေ၏။ လူတိုင်းလုပ်လို့ရသည်အထိ လွယ်ကူနေလျှင် လူတိုင်းမိစ္ဆာနှင်သူဖြစ်လာလိမ့်မည်။

အဝါရောင်အင်းစာရွက်အရှေ့ ရွှမ်းမင်ဒူးထောက်လိုက်ကတည်းက ရွှဲရှန့်အသင့်အနေအထားနှင့် စောင့်နေသည်။ လည်ပင်းကိုဆန့်တန်းကာ မျက်လုံးများကို ပြူးကျယ်ထား၏။ အစီအရင်ကို ကတုံးဘယ်လိုဖြေရှင်းမည်ဖြစ်ကြောင်းနှင့် ဘယ်လိုအစွမ်းပကားတွေများ ပိုင်ဆိုင်ထားသည်ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့သိရရန် စောင့်မျှော်လျက်။

လက်လှမ်းလိုက်ပြီ! လက်လှမ်းလိုက်ပြီ!

လက်သည် အဝါရောင်အင်းစာရွက်ရှိရာသို့ ဆန့်တန်းလာပြီး ကြေးနီသံချောင်းကိုကိုင်လိုက်သည်အား ရွှဲရှန့်တစ်ချက်မလွဲကြည့်နေဆဲ။

လက်ကိုဖောက်ပြီးသွေးထုတ်မလို့လား? ဒါမှမဟုတ် လက်ချောင်းမှာသီးသန့်ရှိနေတဲ့စွမ်းအားကိုထုတ်သုံးတော့မလို့လား?

ကြည့်ရင်းတွေးရင်းနဲ့ ရွှဲရှန့်အသက်တောင်မရူမိ။ မတွေ့လိုက်ရမှာစိုး၍ မျက်တောင်တောင်မခတ်ရဲ။

ရွှမ်းမင်သည် မြေပြင်ပေါ်မှကြေးနီချောင်းကို ဆွဲနုတ်ပြီး ကပ်ရိုက်ခံထားရသောအင်းစာရွက်ကို ထိပ်မှဆုတ်ဖြဲလိုက်သည်။ ပြီးလျှင် ဒုတိယမြောက်ကြေးနီချောင်းကို ဆွဲနုတ်ပြီး ဒုတိယမြောက်အင်းစာရွက်ကို ဆုတ်ဖြဲ၏။ ပြီးလျှင် တတိယ။ ပြီးလျှင်တော့ မကျန်တော့။

ရွှဲရှန့် ; "............"

သူတွေ့လိုက်ရသည်မှာ အလွန်ရိုးရှင်းလှသော လူတကာသုံးသော နည်းလမ်းဖြင့် အစီအရင်ကို ဖျက်ဆီးလိုက်သောရွှမ်းမင်ကိုဖြစ်၏။ လက်မှအညစ်အကြေးများကို အေးအေးလူလူ သုတ်နေသေးသည်။ ရွှဲရှန့်မျက်နှာထားသည် မသိလျှင် မိဘများသေဆုံးတာကို ကြုံကြိုက်ထားသလို ငရဲပြည်မှရေပူကို တစ်ကျိုက်တည်းမော့သောက်ထားသလို အခြေအနေသို့ ပြောင်းလဲလာ၏။ ဤလုပ်ငန်းတွင် ကျွမ်းကျင်သူများသာ ဤဖြစ်ရပ်ကိုမျက်မြင်တွေ့လျှင်ဖြင့် ဘာများပြောလေမလဲ? သူ့ကတော့ အသက်မရှင်ချင်တော့ဘူး။

ရွှမ်းမင်ထရပ်ကာ အပြင်ခန်းသို့ထွက်လာသည်။ ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး စားပွဲပေါ်တွင်ရှိသော မီးခြစ်ဆံကို တွေ့သွား၏။ မီးရရှိအောင် နံရံထက်ပွတ်ဆွဲပြီး အင်းစာရွက်သုံးချပ်ကို တုံ့ဆိုင်းခြင်းမရှိ မီးလောင်ကျွမ်းစေလိုက်သည်။

ရွှဲ'အသက်မရှင်ချင်တော့သော'ရှန် အတွက်တော့ ဘာတွေဆက်လုပ်နေပါစေ အရေးမပါတော့ပြီ။

ကြည့်ရပုံအရ ဤအတိုင်းဆိုလျှင် ကတုံးလည်း အစီအရင်ကိုဖျက်ဆီးပြီးပြီဖြစ်၍ မကြာခင်အရူးလျိုချုံ၏ အဆက်မပြတ်မြည်တမ်းသံများကို ကြားရတော့မည်ထင်သည်။

သို့ပေမဲ့ အတော်လေးကြာသည်အထိ အရူးကောအကြံပေးလျိုကော ပြန်မရောက်လာကြသေး။

ရွှဲရှန့်သည် ခေါင်းဆန့်ရင်း အပြင်ကိုတစ်ချက်ကြည့်ကာ အခန်းအတွင်းသို့ပြန်ကြည့်၏။ ကျန်းရှီနင်မှတစ်ပါး လူတစ်ဦးတစ်ယောက်မှမရှိသလို တစ္ဆေသရဲများတောင်မရှိ။

အလုပ်မဖြစ်ဖူးလား? ဒါမှမဟုတ်ကတုံးကပဲတမင်ဆိုင်းငံ့ထားတာလား?

အရင်ကဖြစ်နေသောပုံအတိုင်းဆိုလျှင် 'ပင်လယ်ထဲသို့မြစ်စီးဝင်ခြင်း' အစီအရင်အရ ဤအဆောင်ငယ်သည် သေဆုံးခြင်းဂိတ်ဝဖြစ်ခဲ့တာကြောင့် အမှောက်ပယောဂစွမ်းအင်များ များပြားနေခြင်းဖြစ်သည်။

ယခုလက်ငင်းမှာတော့ သေဆုံးခြင်းသည် ရှင်သန်ခြင်းဂိတ်ဝသို့ပြောင်းသွားသလို အစီအရင်လည်း ကတုံးလက်ချက်နှင့် ပျက်ဆီးသွားပြီဖြစ်ပေမဲ့ အဆောင်ငယ်မှ အမှောက်ပယောဂစွမ်းအင်သည် လွင့်စင်ပပျောက်သွားတော့မည့် လက္ခဏာမပြသေး။

အရှေ့ဘက်မှ ဖြာကျလာသောလင်းရောင်ခြည်သည် လျိုစံအိမ်တော်အတွင်း တောက်ပစွာလင်းလက်နေ၏။ မီးကာနံရံသည် အလင်းကိုပိတ်ကာထားသည်ဖြစ်ရာ တစ်ဝက်သာအလင်းရောက်နေပြီး တစ်ဝက်ကမှောင်မိုက်နေဆဲဖြစ်၍ အလင်းနှင့်အမှောင် ယင်နဲ့ယန်လိုပင်။

"ဟင်း"

ကျန်းရှီနင်ကိုကြည့်ရန် ရွှဲရှန့်ခေါင်းမော့လာကာ

"ဘယ်လိုဖြစ်ပြီးရုတ်တရက်သက်ပြင်းချနေတာလဲ? ပိတ်မိနေတဲ့သူလဲမဟုတ်ပဲနဲ့"

"ငါမဟုတ်ပါဘူး..ခနကသက်ပြင်းချလိုက်တဲ့သူကမင်းမဟုတ်ဘူးလား?"

ကျန်းရှီနင်သည် အပြစ်ကင်းသောအမူအရာနှင့် ပြန်ဖြေလာ၏။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ငါဘယ်တော့မှသက်ပြင်းမချဘူး..တအားစိတ်ပျက်ဖို့ကောင်းလွန်းတယ်"

ကျန်းရှီနင် ; "....."

ရွှဲရှန့် ; "......"

နှစ်ယောက်စလုံးအသံတိတ်သွားကာ တစ်ဦးမျက်နှာတစ်ဦးကြည့်လျက် သူတို့၏အကြည့်များသည် တဖြည်းဖြည်းနှင့် ရွှမ်းမင်မျက်နှာထက် ရောက်ရှိသွား၏။

"ဟင်း.."

နောက်ထပ်တိုးညှင်းသော သက်ပြင်းချသံထွက်လာပေမဲ့ ရွှမ်းမင်ပါးစပ်ဖွင့်ခြင်းအလျဥ်းမရှိ။ ပါးစပ်ဖွင့်လိုက်တယ်ဆိုရင်တောင် သက်ပြင်းချသံပိုင်ရှင်သည် ရွှမ်းမင်ဖြစ်သည်ဟု သူတို့ထင်ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သံရှည်ဆွဲသွားသောသက်ပြင်းချသံသည် အဆုံးတွင်တုန်ယင်နေ၏။ အားမရှိလှသောအသက်ရူသံသည် အိုမင်းသောသူတစ်ဦးထံမှသာ ဖြစ်မည်မှာသေချာ၏။ ဘာပဲဖြစ်ဖြစ် ရွှမ်းမင်ထံမှမဟုတ်တာကတော့ သေချာ၏။

"အဘွားအိုအသံနဲ့တူတယ်"

ရွှဲရှန့်ခန့်မှန်းလိုက်၏။

"သက်ပြင်းချသံနဲ့မတူဘူးလို့မထင်ဘူးလား?ပင်ပန်းနွမ်းနယ်နေတဲ့အသက်ရူထုတ်သံနဲ့တူတယ်..လမ်းပေါ်မှာလေးလံတဲ့ပစ္စည်းတစ်ခုခုကိုသယ်ပြီးလမ်းလျှောက်သွားတဲ့လူကြီးပိုင်းတွေဆိုရင်မောလွန်းလို့အသက်တောင်မနည်းလုရူနေရတယ်..အဲ့ဒီအချိန်မှာဆိုဒီလိုအသံထွက်လာရော..သက်ပြင်းချသံနဲ့တူပေမဲ့ကွဲလဲမှုတွေရှိတယ်"

လက်ဟန်ခြေဟန်ပြလျက် ရှင်းပြနေသော ကျန်းရှီနင်သည် တခဏတာမျှ တွေးတောရန် ရပ်တန့်သွားပြီးနောက်

"ဒီပုဂ္ဂိုလ်ရဲ့အသံအရလေကုန်ပြီးအားပြတ်နေပြီ..နာမကျန်းဖြစ်နေတယ်"

"သက်ပြင်းချသံလေးနဲ့ဒီလိုအချက်တွေထုတ်ပြနိုင်တယ်တဲ့လား?"

ရွှဲရှန့်မှ သံသယဝင်စွာမေးလာ၍ ကျန်းရှီနင်လက်ကာပြပြီး

"ငါ့မိဘတွေသာဒီမှာရှိနေရင်ဒီ့ထက်ပိုတဲ့အချက်တွေသူတို့ထောက်ပြလာဦးမှာ"

"အော်"

စိတ်ထဲတွင် တစ်ခုခုကို နက်နက်နဲနဲတွေးနေသလိုနှင့် ရွှဲရှန့်အသံတိတ်သွားသည်။

အဘွားအို? မောပန်းနေတဲ့အသက်ရူသံ? နေမကောင်းလည်းဖြစ်နေတယ်?

ကျန်းရှီနင် ယုံကြည်မှုရှိစွာ ပြောလာတာများသည် ဖြစ်နိုင်ချေတော့များ၏။

ရွှဲရှန့်အတွေးထဲ တစ်စုံတစ်ယောက်ပေါ်လာသည်။ စက္ကူလက်ကိုမြှောက်ကာ ရွှမ်းမင်ကို တဖတ်ဖတ်ရိုက်လိုက်၏။ စက္ကူလူသား၏အားမှာ မများလှတာကြောင့် ရိုက်လည်းရိုက်သလို အော်လည်းအော်၏။

"ကတုံး!ငါ့ကိုကြည့်ဦး!"

ရွှမ်းမင်ခေါင်းငုံ့ကြည့်လာသလို ရွှဲရှန့်လည်းခေါင်းမော့ကြည့်လိုက်၏။

ရွှဲရှန့် ; "......"

သို့ပေမဲ့ ရွှဲရှန့်ပြန်အကြည့်လွှဲလိုက်ပြီး နှင်ထုတ်လိုဟန်ဖြင့် ကတုံးကိုလက်ကာပြကာ

"ဘာမှမဟုတ်ဘူး..တကယ်တော့လေငါ့ကိုမကြည့်ပါနဲ့လား?အဲ့ဒီမျက်ဆန်လုံးကိုဖယ်ထားလိုက်စမ်းပါ"

ရွှမ်းမင် ; "......"

မျက်လုံးကို ဖယ်ထားလို့ရသည်အား ရွှမ်းမင် ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်၏။ ဥမှပေါက်သောသတ္တဝါသည် တကယ်ပင် အခြေအမြစ်မရှိ။

ရွှမ်းမင်မသိတာတစ်ခုမှာ ရွှဲရှန့်သည် သက်တမ်းတစ်လျှောက် သွေးနားထင်ရောက်လျက် နေထိုင်လာခဲ့သူဖြစ်ကြောင်း။ ကောင်းကင်ယံ၏အရှင်သခင် ဖြစ်သည်နှင့်အတူ ကောင်းကင်ဘုံသို့ တက်ချင်တိုင်းတက်သွားနိုင်ပြီး အောက်မှလူအများကိုလည်း ရံဖန်ရံခါ လှောင်သရော်လေ့ရှိသည်။ ကိုယ်ကသာ အထင်အမြင်သေးစွာ ငုံ့ကြည့်ဖူးခဲ့ပေမဲ့ အခြားတစ်ယောက်မှ ငုံကြည့်လာတာမျိုး မခံဖူးသူဖြစ်သည်။ တစ်ခါတစ်ရံ ရွှမ်းမင်မှစောင်းငဲ့ကြည့်တတ်တာကို လက်ခံနိုင်သေးသည်။ ယခုအခါမှာတော့ တည်ကြည်လေးနက်စွာ ငုံကြည့်လာသည့်အတွက် အဟုတ်ပင် သည်းငြီးမခံနိုင်တော့။

နဂါးများသည် အရှက်တကွဲဖြစ်မည့်အရေးကိုတော့ ကာကွယ်ရ၏။

ရွှဲရှန့် အခြားအရာတွေဆိုလျှင် လျစ်လျူရှုထားနိုင်သည်။ ဒါပေမဲ့ ဤကဲ့သို့အခြေအနေမျိုးမှာတော့ အရှက်တကွဲမဖြစ်ရန်အရေးကို ထူးကဲစွာအလေးထား၏။

ရွှမ်းမင်သည် ရွှဲရှန့်ဆန္ဒအရ လိုက်လျောပေးခြင်းမရှိ။ တမင်ပင် အကြည့်လွဲသွားခြင်းမရှိပဲ ရွှဲရှန့်ကိုစူးစိုက်ကြည့်နေလျက်။

တကယ်ပင် မကောင်းတဲ့အကောင်ဖြစ်သည်။ ရွှဲရှန့် ခါးသီးစွာကောက်ချက်ချလိုက်၏။

'နောင်တများနှင့်သေဆုံး' သကဲ့သို့ပြူးကျယ်နေသော မျက်လုံးများနှင့် ရွှမ်းမင်ကိုပြန်ကြည့်ပြီး မျက်ဆန်လည်ပြလိုက်သည်။ ပြီးလျှင် ကိုယ်လုံးကိုပြန်လှည့်လိုက်တာကြောင့် ရွှမ်းမင်ကို နောက်ကျောပေးအနေအထား ဖြစ်သွားသည်။

"အမယ်အိုလျိုအကြောင်းပြောမလို့..အိမ်ကိုအစောင့်အကြပ်ချတဲ့နေရာမှာအစွန်းရောက်တဲ့နည်းလမ်းတစ်ခုရှိတယ်ဆိုတာကြားဖူးလား?မြို့ထဲမှာတုန်းကငါကြားဖူးခဲ့တယ်..အိမ်ကလူကြီးတစ်ယောက်ဆုံးသွားပြီဆိုရင်အိမ်အောက်မှာမြုပ်လိုက်ခြင်းကနောက်မျိုးဆက်တွေအတွက်ကောင်းသောကံကြမ္မာကိုပေးမယ်ဆိုပြီး"

ဘယ်မျိုးဆက်ကများဤကဲ့သို့အကျင့်ပျက်ယုတ်မာသောနည်းလမ်းကိုကိုယ့်ဘိုးဘေးအပေါ်သုံးမှာတဲ့လဲ?

ကျန်းရှီနင် ပြောစရာစကားတောင်မရှိ။ ဆယ်နှစ်ကျော်မျှ သင်ကြားလေ့လာခဲ့သော လောကဝတ်များနှင့် အကျင့်သိက္ခာတရားများသည် အစိတ်စိတ်အမြွာမြွာကွဲသွားသလို ခံစားနေရ၏။

"ကြားဖူးတယ်"

ရွှမ်းမင်ပြန်ဖြေ၏။

"ယင်စွမ်းအင်အုတ်မြစ်ချတည်ဆောက်ခြင်း..လူသားဝိညာဥ်ကိုအိမ်အောက်မှာယင်စွမ်းအင်အနေနဲ့ဖိနှိပ်ထားပြီးအိမ်တော်ကိုကာကွယ်စေတယ်..ဖန်ယွုင်းတည်ဆောက်ပုံအစီအရင်နဲ့ကိုက်ညီသွားပြီဆိုရင်ပိုလို့ပင်အကျိုးဖြစ်ထွန်းလိမ့်မယ်"

စကားပြောနေစဥ်မှာ တုန်ယင်နေသောသက်ပြင်းချသံ နောက်တစ်သံထွက်ပေါ်လာသည်။

အလျှင်က သက်ပြင်းနှစ်ချက်မှာ မကြားနိုင်လောက်အောင်တိုးညှင်းပေမဲ့ ဤတစ်ခါမှာ ကြည်လင်လှ၍ ဘယ်နေရာကထွက်လာသည်ကို သိနိုင်၏။

ရွှမ်းမင်အကြည့်သည် အခန်း၏ညာဘက်နံရံသို့ ရောက်သွားပြီး လှမ်းလျောက်သွား၏။

စက္ကူချောင်းများသည် ရှုပ်ထွေးပျဲ့ကျဲလျက် ကြမ်းပြင်၏နေရာတော်တော်များများကို ဖုံးကာထား၏။ အခုအချိန်အထိ သူတို့မြင်ကွင်းထဲ ပေါ်မလာသေးသောကြမ်းပြင်ကို ဖုံးကွယ်ထားသောစက္ကူချောင်းများသည် သိုဝှက်စရာတစ်စုံတစ်ရာကို ဖျောက်ဖျက်ထားသလို ဖြစ်နေ၏။ အခန်း၏ထောင့်တစ်နေရာတွင် ရွှမ်းမင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ဤနေရာမှဆိုလျှင် အတွင်းအိပ်ခန်းမှ အင်းစာရွက်များ ကပ်ရိုက်ထားသောနေရာကို ကောင်းကောင်းမြင်နေရသည်။

ပျံ့ကျဲနေသော စက္ကူချောင်းများကို ဘေးသို့လှဲကျင်းပြီး ပေါ်လာသောကြမ်းပြင်ကို လက်ညိုးနှင့် နှစ်ကြိမ်ခေါက်လိုက်သည်။

ဒေါက်..ဒေါက်

အသံသည် လှိုဏ်သံပေါက်လျက်။ ကြားရသောအသံအရ ကြမ်းပြင်အောက်တွင် ထုထည်မရှိသည်မှာ သေချာ၏။

"တွင်းရှိနေတယ်!"

ရွှဲရှန့်နှင့်ကျန်းရှီနင်နှစ်ဦးစလုံး တစ်ပြိုင်နက်ဆိုလာသည်။

ရွှမ်းမင် ဘေးဘီဝဲယာသို့တစ်ချက်ကြည့်ရာ နံရံပေါ်တွင် အက်ကြောင်းရာတစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏။ အက်ကြောင်းရာအတိုင်းလိုက်ကြည့်ရာ ကျဥ်းမြောင်းသောအလျားလိုက်အက်ကြောင်းလေးခုကို တွေ့ရသည်။ တိုက်ဆိုင်လှစွာဖြင့် လက်လေးထွာစာမျှရှိသော ကြမ်းခင်းကျောက်ပြားပတ်ပတ်လည်တွင် ရှိနေ၏။

"ဒီအပေါက်က.."

ကျန်းရှီနင် စမ်းကြည့်ဖို့ရာ လက်ဆန့်တန်းလိုက်သည်။

"လက်ချောင်းတောင်မဆန့်ဘူး"

အက်ကြောင်းရာလေးခုစလုံးသည် လွန်စွာကျဥ်းမြောင်း၏။ လက်ညိုးတောင်မဆန့်လျှင် ကျောက်ပြားကိုကလော်ထုတ်ဖို့ရာလည်း မစွမ်းသာ။ ကြမ်းခင်းပြားမရွေ့လျှင်လည်း အောက်မှာရှိနေသောအရာကို သူတို့သိရမည်မဟုတ်။

ကျန်းရှီနင်၏ဖြူရော်ရော်တစ္ဆေလက်များကို ကြည့်လိုက် ရွှမ်းမင်၏သွယ်လျသန့်ရှင်းသောလက်များကို ကြည့်လိုက်နှင့် ရွှဲရှန့်မနည်းပင် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီ..အပေါက်မှာဆန့်တာငါတစ်ယောက်တည်းဆိုတော့ငါပဲလျောဆင်းပြီးမင်းတို့အစားအရေးတယူလုပ်ပြီးကြည့်ခဲ့ပါ့မယ်"

အရေးတယူလုပ်...?

သူ့ကိုယ်သူ ကြီးကျယ်မြင့်မြတ်သလို သုံးနှုန်းလာသောရွှဲရှန့်ကို ကျန်းရှီနင်စိတ်ထဲမှာတော့ သရော်မိသည်။ 'မရှက်တက်ဘူးလား?'

ပြောပြီးသည်နှင့် လည်ပင်းထက်အကြောအချင်များလျှော့ပြီး ရွှမ်းမင်အိတ်ကပ်အတွင်းမှ ထွက်လာ၏။

အိတ်ကပ်အတွင်းမှလှိမ့်ထွက်ပြီး ကြမ်းပြင်ရှိရာသို့ လျှောဆင်းသွားသောမကောင်းဆိုးဝါးနှင့် နေမြဲအတိုင်းရှိနေသောရွှမ်းမင်။ ရွှဲရှန့်ထွက်သွားသည်နှင့် အိတ်ကပ်အတွင်းမှ အဝတ်ထုတ်ငယ်ကို ယူလိုက်သည်။ တစ်လွှာချင်းဖြည်ပြီးချိန်တွင် တန်းစီထားသောငွေအပ်များ ပေါ်လာသည်။ အရှည်ဆုံးတစ်ချောင်းသည် လက်ဖဝါးတစ်ဝက်စာမကရှည်ပြီး အတိုဆုံးသည် လက်ဆစ်နှစ်ခုစာမျှရှိ၏။

ငွေအပ်များ၏ထိပ်တိုင်းတွင် တံဆိပ်ကပ်နှိပ်ထားသည်များရှိပြီး အသေးစားအရွယ်ဖြစ်၍ သေချာမမြင်ရ။ ကျန်းရှီနင်သည် သေချာမြင်ရအောင် အနားတိုးကြည့်ဖို့ရာ ကျပြန်တော့လည်း အရှက်သည်းသည်ဖြစ်၍ အဝေးမှသာ မှုန်ဝါးဝါးအဖြေရှာနေ၏။

အဝတ်အိတ်အတွင်းမှ ထူထဲသောအပ်တစ်ချောင်းကိုထုတ်ပြီး အဝတ်အိတ်ကို အိတ်ကပ်အတွင်း ပြန်ထည့်လိုက်သည်။ ကျောက်ပြားဆီသို့ တွန့်လိမ်သွားနေသောရွှဲရှန့်တစ်ယောက် သူ့အခက်အခဲတွေနှင့်သူ အလုပ်များနေသည်။ အက်ကွဲကြောင်းအတွင်း လျောဆင်းမည်ပြင်ချိန်တွင် ကောင်းကင်ယံမှပျံဝဲလာသော လက်တစ်ဖက်သည် ခေါင်းကိုဆွဲကိုင်ကာ နောက်သို့ပြန်ခေါ်သွား၏။

ကြည့်စရာတောင်မလို ဟိုအကောင်လက်ဆိုတာသေချာတယ်!

"ကတုံး! ယုတ်မာတဲ့လုပ်ရပ်တစ်ခုမှာအကျိုးဆက်ဆိုတာရှိတယ်နော်!"

"စိတ်ရှည်သည်းခံပြီးစောင့်နေပါ့မယ်"

ကြိုးစားအားထုတ်မှုများ ဗလာနတ္ထိဖြစ်သွားသော ရွှဲရှန့်ကို အိတ်ကပ်အတွင်း ပြန်ထည့်လိုက်သည်။

အက်ကြောင်းရာအတွင်း အပ်ကိုထိုးထည့်ပြီး ကြမ်းပြင်ကြွတတ်လာရန် အစွန်းမှဖိချလိုက်သည်။

ကျောက်ပြား တဖြည်းဖြည်းကြွတတ်လာသောအသံသည် တကျိကျိမြည်လျက် ပဲ့တင်ထက်နေ၏။ ကွေးသွားရန်တောင် စွမ်းဆောင်နိုင်မည့်ပုံမပေါ်သော အပ်ချောင်းသည် ကျောက်ပြားကို အပေါ်သို့ကြွတတ်အောင် လုပ်နိုင်သွား၏။ အပေါ်သို့မြင့်တတ်လာသော ကျောက်ပြားထောင့်စွန်းမှ လက်လျိုဝင်ပြီး ကျောက်ပြားတစ်ခုလုံးကို ကလော်ထုတ်လိုက်သည်။

ရုတ်ချင်းပင် ခါးသီးခြင်းများနှင့် ဝမ်းနည်းပူးဆွေးခြင်းများ ရောပါလာသော မရေမတွက်နိုင်သော ငိုကြွေးသံများသည် မှုန်တိုင်းတစ်ခုနှယ် အရှိန်ပြင်းပြင်း တိုးဝင်လာ၏။

ပေါင်ချိန်တစ်သောင်းမကသော အလေးများ ရင်ဘတ်ဝင်ဆောင့်လာသလို ရွှဲရှန့်ခံစားလိုက်ရပြီး မူးဝေလျက် မြင်ကွင်းများချာချာလည်သွားသည်။ စက္ကူနှင့်လုပ်ထား၍သာ တော်သေးသည်။ မဟုတ်လျှင် အသည်း၊နှလုံး၊သရက်ရွတ်၊အဆုတ်နှင့်ကျောက်ကပ်ပါမကျန် အန်ထွက်လာနိုင်သည်။

ကျန်းရှီနင်၏ ကြောက်ရွံ့ပြီး ဣန္ဒြေမရအော်သံနှင့် ရွှမ်းမင်၏ညည်းသံတိုးတိုးကို သူ့နားထက် တစ်ချိန်တည်းကြားနေရသည်။ အသိတရားများပြန်လည်ရရှိချိန်တွင် တွန်းကန်သောအားကြောင့် နံရံတစ်ဖက်လိမ့်သွားသောကျန်းရှီနင်သည် ဖေါက်ကနဲအသံနှင့်အတူ စက္ကူလူသားအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ပါးလွှာသောစက္ကူရွက်သည် ကြမ်းပြင်ထက်တွင် မလှုပ်မယှက် လှဲလျောင်းနေ၏။

ရွှမ်းမင်လည်း ရင်ဘက်ကို လက်ဖြင့်ဖိထားပြီး ခေါင်းတဟွတ်ဟွတ်ဆိုးလျက်။

"အဲ့တာဘာကြီးလဲ?"

အားမရှိတော့သောရွှဲရှန့်သည် အိတ်ကပ်အဝတွင် ကိုယ်တစ်ဝက် တွဲလျောင်းခိုနေရ၏။

အားနည်းစွာခေါင်းမော့လာပြီး လေးထောင့်အကွက်ကို ကြည့်လိုက်သည်။ တွင်းတစ်ဝက်မှာ အဝါရောင်အညစ်ကြေးများဖြင့် ဖုံးကာထားပြီး ထိုအမှိုက်များကြားတွင် သံကြိုးတစ်ကြိုးသည် မသိမသာ ပေါ်လုပေါ်ခင် ပျောက်လုပျောက်ခင် ဖြစ်နေ၏။ အဝါရောင်အင်းစာရွက်နှင့် သံကြိုးကိုပတ်ထားပြီး ထူးဆန်းသည်မှာ သံကြိုးသည် ရစ်ခွေကာ စက်ဝိုင်းပုံစံ ရွေ့လျားနေခြင်းဖြစ်၏။

စိုထိုင်းနေသောအဝါရောင်အညစ်အကြေးများကို ရွှမ်းမင်မျက်မှောင်ကျုံ့လျက် တစ်ချက်ကြည့်ပြီး ဘေးဘီဝဲယာကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

မတ်တပ်ထရပ်ကာ စားပွဲနားလျှောက်သွားပြီး အမွှေးတစ်ဝက်မက ကျွတ်နေသောစုတ်တံကို ယူကာ တွင်းပေါက်နားပြန်လျှောက်လာသည်။ ပြီးလျှင် စုတ်တံနှင့် အဝါရောင်အညစ်အကြေးများကို လှဲကျင်းလိုက်၏။

ရွှဲရှန့် ; "......"

ဒီကတုံးကိုတော့ ရွှဲရှန့်တော်တော်စိတ်ကုန်နေပြီ

"အဓိပ္ပာယ်မရှိဇီဇာကြောင်နေတယ်!အမှိုက်ကိုထိရင်သူ့လက်ချောင်းတွေပုတ်သွားမှာမလို့လား!"

ရွှမ်းမင်လှဲကျင်းမှုကြောင့် အညစ်အကြေးများ ဖယ်ရှားသွားချိန်တွင် အောက်မှာပုံးကွယ်နေသောပစ္စည်း ပေါ်လာတော့သည်။

"အဲ့တာက.........ကျိတ်ဆုံ?"

အဝိုင်းပုံသဏ္ဍာန်ရှိသောကျောက်တုံး၏ အလယ်တွင် အပေါက်တစ်ခုရှိသည်။ အောက်ခြေတွင် တင်ထားသောစင်အမြင့်တစ်ခုရှိပြီး ဘေးဘက်တွင်လက်ကိုင်တစ်ခုရှိသည်။ ကျိတ်ဆုံဖြစ်သည်မှာ သေချာ၏။ သို့ပေမဲ့ လွန်စွာသေးငယ်ပြီး လက်တစ်ဖဝါးစာလောက်သာရှိသည်။ မျက်နှာပြင်တွင်လည်း ပုံမှန်ကျိတ်ဆုံများလိုမဟုတ်ပဲ ရှုပ်ထွေးသောအင်းစာရွက်သင်္ကေတများကို ထွင်းထား၏။ ချိန်းကြိုး၏တစ်ဖက်သည် ကျိတ်ဆုံတင်ထားသောစင်အောက်တွင်ရှိပြီး တစ်ဖက်သည် လက်ကိုင်တွင် တွဲချည်ထား၏။

အမှိုက်များကြားခံမရှိတော့တဲ့အတွက် တလှုပ်လှုပ် ရွေ့နေသောသံကြိုးသည် ကျိတ်ဆုံနှင့်တိုက်ရိုက်ထိပြီး ဂျစ်ဂျစ်မြည်သောပွတ်တိုက်သံများ ထွက်ပေါ်နေ၏။ ကျိတ်ဆုံတစ်ချက်လှုပ်လိုက်တိုင်း လက်ကိုင်သည်လည်း ရွေ့သွားရာ ကျိတ်ဆုံအလွတ်ဘေးတွင် ကိုယ်ပျောက်နေသောလူတစ်ယောက်ရှိနေပြီး နေ့နေ့ညည ကျိတ်ဆုံကို တွန်းနေသလို ဖြစ်နေသည်။

ရွှဲရှန့်မသိလိုက်ပါပဲ အသံလွှတ်ကနဲထွက်သွားသည်။

"အမယ်အိုလျို?"

"ဟင်း..."

အလွန်အမင်း ငြီးငွေ့ဖွယ်ကောင်းသော သက်ပြင်းချသံသည် နောက်တစ်ကြိမ်ထွက်ပေါ်လာ၏။

•••••

Copper Coins《铜钱龛世》Where stories live. Discover now