Unicode - 1

49.7K 3.2K 61
                                    

ကောင်းကင်ကြီးက ပြာလဲ့လဲ့။
တိမ်လိပ်တွေက ရွေ့လျားနေသည်။
     
လေအဝှေ့ တစ်ချက်မှာ စိန်ပန်းပွင့်တွေ လေမှာ ဝဲလို့။ ငုဝါ ရနံ့က သင်းပြပြ။ ကျောင်းတော်ကြီး၏ တစ်ပင်တည်း ရှိသော ချယ်ရီပင်ကလည်း ပင်လုံးကျွတ် ပန်းတွေ ဝေဆဲ။

"သိပ် လှတာပဲ၊ ဒီနေ့ ရာသီဥတု သာယာတယ်"

ကျောင်း စဖွင့်တာ တစ်လကျော် ကြာခဲ့ပြီ ဖြစ်သည်။ လပတ် စာမေးပွဲပါ ဖြေပြီးလို့ မကြာခင် အဆင့်တွေ သိရတော့မည်။ ပြောစရာ မလိုအောင် ဝေယံကတော့ အမြဲ ပထမပင်။ ဒီတစ်ခါလည်း အဆင့် တစ် ရလိမ့်ဦးမည် ဟု သူ့ကိုယ်သူ ယုံကြည်နေသည်။ ‎

ဘေးက အူတူတူ အာပေတူးသာ သူ့အတွက် စိတ်ပူစရာ ဖြစ်သည်။

ဒေါ်စန္ဒာခင်က အာပေတူးအား ဂရုစိုက်ပေးဖို့ ဝေယံ့ကို မှာထားသလို အာပေတူး၏ မိခင် ဟာနကိုကလည်း သူ့ကို တွေ့တိုင်း သားဖြစ်သူကို စာတွေ ရှင်းပြပေးဖို့ တောင်းဆိုသည်။ သို့သော် အမြင် မကြည်တာကြောင့် စာ မေးတိုင်း မသိချင်ယောင် ဆောင်ခဲ့သည်။

ဘေးက အာပေတူးကို ကြည့်ရင်း ဝေယံ သက်ပြင်းရှည်ကြီး ချမိသည်။ စာမေးပွဲတွင်းမှာ စာ နည်းနည်းပဲ ရေးပြီး မှောက်အိပ်နေခဲ့သည်ကို သူ သေချာ သိသည်။ အာပေတူးကို ကြည့်ရင်း ဝေယံ အပြစ် မကင်းသလို ဖြစ်လာသည်။ လက်ညှိုးနှင့် ခုံစောင်းကို ခေါက်ရင်း စိတ်ဖြေသာအောင် ကြိုးစားကြည့်သည်။ နည်းနည်းမှ အဆင်မပြေ။

ဘယ်လိုလုပ်ရမလဲ . . .

ပူပန်စိတ်နှင့် လွန်ဆွဲနေချိန် အချိန်ကိုက် အခန်းထဲသို့ အတန်းပိုင် ဆရာမ ဝင်လာသည်။ ဝေယံ မျက်လုံးများ၏ အကြည့်တွေက ဆရာမ လက်ထဲရှိ အမှတ် စာရင်းတွေဆီသာ။ ဘဝမှာ ပထမဆုံး တစ်ပါးသူ၏ အဆင့်နှင့် ပတ်သက်၍ ပူပန်မိခြင်း ဖြစ်သည်။

မညာတမ်း ဝန်ခံပါက ပူပန်စိတ်ဟာ သူ့အတွက်သာ။
     
အမှန်ဆို ဝေယံက စိတ်ထား နူးညံ့ပြီး သဘောထား ပြည့်ဝသော ကောင်လေး တစ်ယောက် ဖြစ်သည်။ အာပေတူးကို မျက်မုန်း ကျိုးနေခြင်းကြောင့် တောက်မည့် မီးခဲ တရဲရဲလို မာန်ဖီနေတာပဲ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now