"ကိုခန့်... ဘာလို့ကျွန်မကို မတိုင်ပင်ဘဲ အခုလိုလုပ်ရတာလဲ"
"ခင်နဲ့ပြောပြီးဆိုပြီးသားကိစ္စပဲလေ၊ ဘာပြဿနာရှိလို့လဲ"
"ဘာပြဿနာရမှာလဲ၊ မဟော့်ကိစ္စ ရှင်းမှ မရှင်းရသေးဘဲ"
ဒေါ်ခင်မျိုးမြတ် မကျေမနပ်ပြောလိုက်တော့ ဦးခန့်သာသည် နားမလည်ဟန်ဖြင့် ကြည့်လာ၏။
"ဒါ သားရဲ့ကိစ္စကို ရှင်းလိုက်တာပဲလေ ခင်ရဲ့၊ တစ်နည်းအားဖြင့် ကိုယ်တို့မိသားစုရဲ့ ပြဿနာကို ဖြေရှင်းလိုက်တာပဲလေ"
"နည်းလမ်းကောင်းမှ မဟုတ်တာ ကိုခန့်၊ မဟော့်ကို နိုင်ငံခြား ပို့ပြီး သမီးကျူးနဲ့ လင်းသန့်မောင်ကို စေ့စပ်ပေးမယ်ပေါ့၊ မဟုတ်တာရှင်..."
"ခင်ပဲ သားကို နိုင်ငံခြားမှာ ကျောင်းထားမယ်လို့ ပြောခဲ့တာပဲလေ၊ သမီးနဲ့ လင်းသန့်ကို စေ့စပ်ပေးမယ်ဆိုတာကလည်း သမီးရဲ့ ဂုဏ်သိက္ခာအတွက်... နောက်ပြီး သမီးရဲ့ သဘောထားကလည်း အဲ့အတိုင်း..."
"အိုး..."
ဦးခန့်သာ၏ စကားကို လက်မခံနိုင်သဖြင့် ဒေါ်ခင်မျိုးမြတ် နေရာမှ ထရပ်လိုက်သည်။
"ဒီလို ပြီးစလွယ်လုပ်လို့ ဘယ်ဖြစ်မလဲ၊ မဟော်က ကျွန်မတို့ စေရာကို ကမယ်လို့များ ထင်လို့လား၊ အဲ့လိုအကြမ်းနည်းသုံးရင် အခြေအနေတွေက ပိုဆိုးသွားဖို့ပဲရှိတယ်၊ မဟော်က ကျွန်မတို့ ထင်သလို စိတ်ကစားတာမျိုးမဟုတ်ဘူးနော် ကိုခန့်၊ သူ... သူ လင်းသန့်မောင်ကြောင့် တကယ်ပြောင်းလဲသွားတာ"
"ဒါဆို ခင်က ဘယ်လိုလုပ်ချင်လို့လဲ ပြောပါဦး၊ မီးအားကောင်းမလာခင် မိဘဖြစ်တဲ့ ကိုယ်တို့က အမြန်ငြှိမ်းနိုင်မှ ဖြစ်မှာပေါ့၊ ဒါအားလုံးကောင်းဖို့အတွက်ပဲလေ၊ သားအတွက်ရော... ကိုယ်တို့မိသားစုအတွက်ပါ"
ဒေါ်ခင်မျိုးမြတ် ငြိမ်သက်သွားသည်။
အားလုံးကောင်းဖို့
အားလုံးကောင်းဖို့...။
ထိုစကားသည် သူမနှင့် အကျွမ်းတဝင် ရှိလှ၏။ သူမသည် ထိုစကားအား အသုံးပြု၍ ဆုံးဖြတ်ချက်တချို့အား ဘဝတွင် ပြုခဲ့ဖူးသည်။