"ဒီနေရာကို ကျူးတို့ မရောက်ဖြစ်တာတောင် အတော်ကြာခဲ့ပြီနော် မောင်"
လမ်းထိပ်က ပန်းခြံငယ်လေးအရောက် သူမ တန်းလျားလေးတစ်ခုပေါ် ထိုင်လိုက်ရင်း မောင့်ကို စကားစလိုက်သည်။ မောင်ကလည်း သူမစကားအား "အင်း"ဟု ထောက်ခံရင်း နံဘေးတွင် ဝင်ထိုင်ပါ၏။
"နောက်ဆုံးတစ်ခေါက်ကို မှတ်မိသေးလား"
သူမ ပြောလိုက်တော့ မောင့်မျက်လုံးတွေက အတိတ်က အကြောင်းတွေကို ပြန်ခေါ်ယူနေသလို။
"အဲ့တုန်းက ကျူးနဲ့မောင် ပထမဆုံးအကြိမ်အဖြစ် အကြီးအကျယ် စကားများပြီး မောင်ထွက်သွားခဲ့တယ်လေ၊ မောင် မမှတ်မိတော့ဘူးထင်တယ်၊ အင်းလေ... အခုနောက်ပိုင်း ကျူးတို့စကားများရတဲ့ အရေအတွက်တွေ စိပ်လာတော့ မောင့်ဦးနှောက်ထဲမှာ ရောကုန်မှာပေါ့"
"မောင် မှတ်မိပါတယ်"
မောင်က အပြုံးသဲ့သဲ့နှင့် ဆိုသည်။
သူမ မောင့်အား ခေါင်းညိတ်ပြလိုက်ပြီး လက်ကမ်းပေးလိုက်သည်။
မောင်က ရုတ်တရက် လက်တစ်ဖက်ကမ်းပေးလာသော သူမအား အူကြောင်ကြောင်ဖြင့် ကြည့်နေ၏။
"ကျူးတို့ လက်ကိုင်ထားကြရအောင်"
သူမ အပြုံးနှင့်ဆိုမိတော့ မောင်က ပါးစပ်ပွင့့်အာသွားပြီး သူမလက်ကို ဆုပ်ကိုင်လာပါ၏။
မောင့်လက်ချောင်းတွေက ဟိုတုန်းကလို တင်းတင်းကျပ်ကျပ် မရှိတော့။ လျော့တိလျော့ရဲ နိုင်ကာ သူမလက်ချောင်းများအား ထိကိုင်တယ်ဆိုရုံမျှသာ ထိကိုင်ထားသည်။ မောင်ဟာ သူမလက်တွေကို မကိုင်ချင်တော့တာပဲလား သိုမဟုတ် အားနာနေ၍လားတော့ သူမ မပြောတတ်ပါ။ သူမကပဲ ထိုလက်ချောင်းတွေအား ငုံ့ကြည့်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။
မကြာခင်မှာ ဒီလက်တွေကို တစ်ဘဝစာ အပြီးလွှတ်ပေးရတော့မယ်လေ...။
"မောင့်လက်ချောင်းလေးတွေကလေ... နားကြပ်ကိုင်လိုက်တဲ့အခါကျရင် သိပ်လှတာပဲ သိလား၊ နောက်ပြီး ဆေးထိုးအပ်ကို ကိုင်ထားတဲ့ အချိန်ရောပဲ... မောင့်လက်တွေနဲ့ သူတို့က သိပ်လိုက်တယ်"