အပိုင်း၅၅

3.5K 398 49
                                    

   ခေါင်းထဲတွင် သံဆူးချွန်နှင့် အထိုးခံနေရသလို ကိုက်ခဲနာကျင်နေသည်။ ထိုင်နေရတာ ညောင်းလာရင် အိပ်ရာပေါ်ပြောင်းကာ လူးလိုက်လိမ့်လိုက်၊ အိပ်ရာပေါ်မှာ မဟန်တော့ပြန်ရင်လည်း ပြန်ထိုင်ပြီး နေသာသလိုနေလိုက်။ စိတ်ကန္တာရထဲမှာ သူ့ဝိညာဉ်က မီးပြင်းတိုက်ခံနေရသလိုမျိုး။

    အသွေးအသားသာမက အရိုးထဲထိပါ နာကျင်မှုဟာ တရိရိ။ ထိုနာကျင်မှုအား အမျိုးအစား ဖော်ပြရန်အတွက် စကားလုံး ကင်းမဲ့သည်။ ငရဲကျနေသလားလို့တောင် တွေးမိတဲ့အထိ ပူလောင်လွန်းလှသည်။

    လွမ်းသည်။ တစ်ယောက်သောသူကို ပြင်းပြင်းပျပျလွမ်းသည်။ ခံစားနေရသော ဝေဒနာ၏ အရင်းခံသည် အလွမ်းဓာတ်ဖြစ်မယ်ဆိုလျှင် ဤရောဂါအား လွမ်းနာကျခြင်းဟု အမည်တပ်ရမည်လော။

    သတိရခြင်းတွေက အရှက်ရော ဂုဏ်သိက္ခာရော အလွန်မဲ့၏။ အလွမ်းပြေ ရည်ရွယ်၍ ဆက်မိသော ဖုန်းအခေါ်တွေက တစ်ဖက်သတ် ရဲရဲတောက်လျက်။ ပို့ထားတဲ့ စာတွေဟာလည်း ချောင်မှာ မျက်နှာငယ်လို့။

    သူ ငိုသည်။ ရယ်သည်။ မူးလည်းမူးပစ်သည်။ နေထွက်ခြင်း၊ နေဝင်ခြင်းတွေ ဘယ်နှကြော့ပြန်နေသလဲဆိုတာလည်း သတိမထားမိတော့။ 

    စုတ်ဖြဲပစ်လိုက်သော ပြက္ခဒိန်၏ စက္ကူစတွေသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလို့နေသည်။ မှန်ကွဲစတွေကလည်း သူ့လက်ချက်ကြောင့် နေရာအနှံ့မှာ ဖရိုဖရဲ။ 

    စားပွဲပေါ်မှ ပန်းအိုးသည်လည်း လဲကျနေ၏။ ခြောက်သွေ့နေသော နှင်းဆီပန်းတစ်ပွင့်က တတောက်တောက်ဖြင့် ယိုစီးကျနေသော ပန်အိုးထဲမှ လက်ကျန်ရေစက်များအား အဖော်ပြု၍ စားပွဲခြေရင်း ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းလျက်။ တလွင့်လွင့် လှုပ်ခါနေသော အဖြူရောင် ခန်းစီးစများက သူ့ကျဆုံးမှုကို အလံဖြူပြပေးနေသလို။ ပျက်စီးယိုယွင်းနေသော သူ့ကမ္ဘာသည် ကြေကွဲစရာ ပြဇာတ်တစ်ပုဒ်ကဲ့သိုပင် ဆင်တူနေသည်။

    Bohemian Rhapsody...

    ကမ္ဘာကျော် Queen band ၏ ဂန္တဝင်မြောက်သီချင်းတစ်ပုဒ်။ ဘယ်ဆီဘယ်ဝယ်က လွင့်ပျံလာသည်လဲမသိ။ ဘယ်သူမှ ဖွင့်မထားပါဘဲနဲ့ သူ့နားထဲတွင် ပီပီသသပင် ကြားနေရ၏။

ရင်ကွဲငှက်ငယ်Where stories live. Discover now