"မင်း အလုပ်က ထွက်လိုက်ပြီဆို"
"ဟုတ်ကဲ့..."
ဒေါ်ခင်မျိုးမြတ်တစ်ယောက် လင်းသန့်မောင်ဆီသို့ ရောက်နေသည်။ ထိုကောင်လေးနှင့် သူမသားတို့၏ ကိစ္စကို ဆွေးနွေးရန်အတွက်ပင်။
"ဘာဖြစ်လို့လဲ"
သူမ၏ ဒုတိယမြောက်မေးခွန်းတွင် လင်းသန့်မောင်၏ မျက်ဝန်းများ သိသိသာသာ ညို့ကျသွားသည်ကို သတိထားမိသည်။ လင်သန့်မောင်က ခပ်တိုးတိုး အသံဖြင့် ပြတ်တောင်းတောင်း ဖြေသည်။
"ကျွန်တော့်မှာ... ယုံကြည်ချက်တွေ မရှိတော့လို့"
ထိုအဖြေကိုကြားတော့ ဒေါ်ခင်မျိုးမြတ် အသာအယာ ခေါင်းညိတ်မိသည်။ သူမ လင်းသန့်မောင်၏ ခံစားချက်အား နားလည်ပါသည်။
"သမီးကျူးနဲ့လည်း လမ်းခွဲလိုက်ကြပြီဆို၊ မင်းမှာလည်း ဆုံးရှုံးခဲ့ရတာတွေ များတာပဲ၊ ငါ မင်းကို မေးချင်တဲ့ မေးခွန်းတွေ ရှိတယ်၊ ဖြေပေးနိုင်မလား မောင်လင်းသန့်"
"မေးပါ အန်တီမျိုး"
"မဟော် ဘာအရောင်ကြိုက်သလဲ မင်းသိလား"
သူမ မေးခွန်းကို ကြားတော့ လင်းသန့်မောင်က ထူးဆန်းသလို "ခင်ဗျာ" ဟု ယောင်နန အာမေဋိတ်သံတစ်ခုကို ပြု၏။
"ဖြေပေးပါ မောင်လင်းသန့်... မင်းသိခဲ့ရင်ပေါ့"
"အံ့မဟော်ရဲ့အကြိုက်ဆုံးအရောင်ကို တိတိကျကျ မသိပေမဲ့ သူက အပြာရောင်ကိုတော့ သဘောကျတယ်"
"မဟော့်ရဲ့ အကြိုက်ဆုံး အစားအစာကရော"
နောက်ထပ်မေးခွန်းတစ်ခုတွင်လည်း လင်းသန့်မောင်က အံ့ဩဟန်ဖြင့် ကြည့်လာပြန်၏။ သို့ပေမဲ့ ဘာမေးခွန်းမျှတော့ ပြန်မထုတ်။ နားလည်ရခက်သည့် ခပ်ဆန်းဆန်း မေးခွန်းတွေအား အသာတကြည်ပင် အဖြေပေးလာသည်။
"အံ့မဟော်က ဂျပန်အစားအစာတွေကို ကြိုက်တယ်... သူအကြိုက်ဆုံးက ဆူရှီ"
"ဪ..."
ဒေါ်ခင်မျိုးမြတ်၏ မေးခွန်းတွေက ဘာကိုရည်ရွယ်နေသလဲဆိုတာ လင်းသန့်မောင် ခန့်မှန်းလို့မရ။ သို့သော် သူ့လိုပင် ဒေါ်ခင်မျိုးမြတ်၏ မျက်ဝန်းများကလည်း ရီဝေနေသည်ကိုတော့ သတိထားမိပါသည်။