"မဟော် ဘယ်မှာရှိလောက်မလဲ... စဉ်းစားကြည့်ပါဦး မောင်လင်းသန့်ရယ်"
ညို့ကျနေသည့် ပြိုမလိုမိုးအောက်မှာ ရာသီဥတုအခြေအနေနှင့် မလိုက်ဖက်စွာ အပူမီးဟပ်နေသည့် လူသားနှစ်ဦး။
ထွဋ်ခေါင်ဆီမှ ဖုန်းရပြီးတာနှင့် ချက်ချင်းပင် အံ့မဟော်ရှိရာ အိမ်ဆီသို့ လင်းသန့်မောင်နှင့် ဒေါ်ခင်မျိုးမြတ်တို့နှစ်ယောက်သား ရောက်လာခဲ့ကြသည်။ သို့သော် သူတို့မျှော်လင့်ထားသလို အံ့မဟော်သည် ဤအိမ်၌ ရှိမနေခဲ့ပါ။ ထိုအစား ဖွင့်လျက်ဖြစ်နေသော တံခါးပေါက်များနှင့် ရှုပ်ပွပျက်စီးနေသော အခန်းတစ်ခန်းကသာ သူတို့နှစ်ယောက်ကို ဧည့်ခံကြိုဆိုနေသည်။
အံ့မဟော်၏အခန်းသည် မူးယစ်ဆေးစွဲတုန်းက အခြေအနေလိုမျိုး ဖျက်ဆီးခံထားရသော အပိုင်းအစများ၊ အကျိုးအပဲ့များဖြင့် ရုပ်ပျက်ဆင်းပျက် တန်ဆာဆင်လျက်ရှိသည်။ အပိုဆုအနေနှင့် ယမကာပုလင်းအချို့ကပါ နေရာယူထားသည်။ တချို့ဘူးတွေက ပုံမပျက်လဲကျနေသလို တချို့ဘူးတွေက ဆုတ်ချေခံထားရဟန်ဖြင့် ချောင်မှာ ပိန်ရှုံ့နေကြသည်။
ဒီရက်သတ္တပတ်လေးအတွင်းမှာ အံ့မဟော်ထံ၌ ဘာတွေများ ဖြစ်ပျက်သွားခဲ့ပါသနည်း။
"ဒါကဘယ်လိုဖြစ်တာလဲကွာ... စိတ်ပူစရာမလိုတော့ဘူးဆိုပြီး အခုဘယ်လိုဖြစ်ရတာလဲ"
အနီးရှိ တံခါးရွက်ကို လက်သီးဖြင့် ထိုးလိုက်ရင်း လင်းသန့်မောင် ကြိတ်မနိုင်ခဲမရစွာ ပြောမိသည်။ ထို့နောက် ဒေါ်ခင်မျိုးမြတ်ဘက်သို့ လှည့်လိုက်ကာ...
"အံ့မဟော်အနားမှာ ဘယ်သူမှ ရှိမပေးကြဘူးလား... ဘာလို့ တစ်ယောက်တည်းလွှတ်ထားရတာလဲ... ဒါမှမဟုတ် အဲဒီ့ကောင်လေးရဲ့ အတွင်းစိတ်က သိပ်အားငယ်တတ်တာကို မိဘတွေဖြစ်ပြီး မသိကြလို့လား"
မချိတင်ကဲ မေးခွန်းများကို ဒေါ်ခင်မျိုးမြတ်၏ မျက်နှာကိုကြည့်ကာ လင်းသန့်မောင် တရစပ် ရေရွတ်လိုက်သည်။ စိတ်ပူပန်မှုတို့က ဒေါသရပ်ဝန်းဘက်သို့ ရောက်လုနီးပါး။ သူတို့ပဲ သူ့ကို ဖိအားတွေနှင့် ကတိပေးခဲ့ကြတာ။ အံ့မဟော်အနားကနေ ထွက်သွားဖို့ စိတ်ချပါဟု သူ့ကို အတန်တန် အယုံသွင်းခဲ့ကြတာ။