"အန်တီမျိုး..."
ကျူးရင့်သာတစ်ယောက် တစ်ခါမျှ မရောက်ဖူးသည့် အံ့မဟော်၏နေအိမ်သို့ ရောက်လာသည်။ မှိန်ပျပျ မီးအလင်းရောင်အောက်မှာ တံခါးဝကို ကျောခိုင်းလျက် တောင့်တောင့်ကြီး ထိုင်နေသော အမျိုးသမီးတစ်ဦး။ သူမခေါ်သံကို ကြားသောအခါ အနောက်သို့ ခပ်ဖြည်းဖြည်း လှည့်ကြည့်လာ၏။
"အန်တီမျိုး... ဒီမှာ ဘာလုပ်နေတာလဲ"
"မဟော့်ကို စောင့်နေတာ"
တိုးသဲ့သဲ့ အဖြေတစ်ခုကို ပေးအပြီး ခေါင်းကို ပြန်လှည့်သွားသည်။ ကျူးရင့်သာ တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာမိသည်။ အစိမ်းသက်သက် ပတ်ဝန်းကျင်က ရုပ်ဝတ္ထုပစ္စည်းတွေကစလို့ သူမအတွက် ရင်းနှီးဖော်ရွေမှုတို့ ကင်းမဲ့သည်။ သူမလည်း ဧည့်ခန်းပတ်လည်ကို ဟိုသည်အကဲခတ်ရင်း ဒေါ်ခင်မျိုးမြတ်၏ နံဘေးတွင် ဝင်လိုက်သည်။
"အန်တီမျိုးကို ကျူး လာခေါ်တာ"
"ဘယ်ကိုလဲ..."
"ဆေးရုံကိုလေ... မဟော်က အဲဒီ့မှာ"
"ပြန်လာခဲ့လို့ ပြောလိုက်... သူက အဲဒီ့မှာ ဘာသွားလုပ်နေတာလဲ"
"အန်တီမျိုး..."
ကျူးရင့်သာ ဒေါ်ခင်မျိုးမြတ်၏ အေးစက်နေသော လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဒေါ်ခင်မျိုးမြတ်၏ မျက်နှာသည် ပုံမှန်ထက်ပို၍ တည်တင်းနေပါသည်။ သို့သော် အတွေးတစ်စုံတရာကြောင့် ဖြစ်ဟန်တူကာ တစ်ခဏအတွင်းမှာပင် မျက်ဆံတို့ လှုပ်ရှားသွားရင်း...
"မဟုတ်ဘူး... ပြန်လာခဲ့လို့ ပြောရင် အမိန့်ပေးသလို ဖြစ်နေမယ်ထင်တယ်၊ မဟော်က စကားကို သိပ်အထအနကောက်တတ်တာ၊ ပြန်လာပေးပါလို့ပြော... နော်၊ မင်းရဲ့မာမီက စောင့်နေတာမို့လို့ ပြန်လာပေးပါလို့... အဲ့လိုပြောပေး"
အဖြစ်အပျက်အားလုံးကို သိနေပါသော်လည်း ဆေးရုံသို့ တစ်ခေါက်မှ ရောက်မလာသူ။ ဒီနေရာမှာပဲ သားဖြစ်သူပြန်လာတာကို စောင့်နေမယ်ဟုဆိုကာ အဖြစ်ဆိုးကို လက်ခံရန် ပုန်းရှောင်နေသူ။ ယခု သူမအား မဖြစ်နိုင်တော့တဲ့ အမှာတစ်ခုကို စာလွှာပါးခိုင်းနေသည်။