Prologue [ zawgyi ]

3.5K 52 0
                                    

------- " Au revoir " ---------

_________________________________________

" ငါတို့ ဒီနေရာမှာတင် ရပ်လိုက်ကြရအောင်.. ရိပေါ်။ "

ရှောင်းကျန့်ရဲ့နှုတ်ထွက်စကားက လေပြေလေညှင်းလေးလို တိုးညှင်းနေခဲ့ပေမဲ့လည်း နောက်တစ်ကြိမ် ပြန်မေးစရာမလိုလောက်အောင်အထိ ရိုးရှင်းနေခဲ့တယ်၊ ပြီးတော့ ယုံကြည်သေချာမှုပြည့်ဝတဲ့ မျက်လုံးတွေနဲ့ ရိပေါ်ကို စိုက်ကြည့်လာတယ်၊ ရှောင်းကျန့်ရဲ့ ပုံစံက သူ့ဆုံးဖြတ်ချက်ကို အတိအလင်းမှန်ကန်တယ်လို့ မှတ်ယူထားပုံပဲ၊

" ကျန့်ကော.. "

အဲ့တာထက်ပိုပြီး ဘာမှဆက်မပြောနိုင်ဘူး၊ သူ ဆွံ့အနေမိခဲ့တယ်၊ သူ ပြန်မမေးနိုင်ခဲ့ဘူး၊ နောက်ပြောင်စကားလို့ထင်လိုက်ပေမဲ့ ဟန်ဆောင်ရယ်ပစ်ဖို့ ကြိုးစားပေမဲ့ သူ့နှုတ်ခမ်းတွေက အဖွင့်အပိတ်လှုပ်ရှားဖို့တောင် အားအင်ကုန်ခမ်းလို့နေတယ်၊

အမှန်တိုင်းပြောရရင် ကောရဲ့ ဖြေရှင်းစကားကို ကြားရမှာ ကြောက်နေခဲ့တယ်၊ ကျန့်ကောလိုလူမျိုးက သူ့အပေါ် ဘယ်နှကြိမ်လောက်စိတ်ပျက်မိခဲ့လို့ ဒီလိုစကားမျိုးကို ပြတ်ပြတ်သားသားထုတ်ပြောရတဲ့အထိဖြစ်ခဲ့တာလဲ..၊ ဒါမှမဟုတ် အိုဟောင်းကြာညောင်းနေပြီဖြစ်တဲ့ အချစ်က အချိန်ကာလတစ်ခုအကြာမှာ သိသိသာသာကြီးအေးခဲသွားခဲ့တာလား၊

တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..
ဒီ ၇နှစ်အတွင်းမှာ ဘာတွေ မှားယွင်းသွားခဲ့တာလဲ၊
ဒါမှမဟုတ် ဘယ်နေရာက စပြီး မှားခဲ့ကြတာလဲ၊

အထူးသဖြင့် အဲ့ဒီ့မျက်ဝန်းအိမ်တွေ...
မျက်တောင်ရှည်တွေ ကာဆီးဝန်းရံထားတဲ့ ခပ်ညို့ညို့မျက်လုံးလဲ့လဲ့တွေမှာ စိမ်းသက်ပြီးအဓိပ္ပါယ်မဖော်နိုင်တဲ့ ခံစားမှုတွေကို မြင်တွေ့မိတဲ့အခါ သူပိုပြီး တုန်လှုပ်ရင်မောလာရတယ်၊

" ကော.. "

ခြေလှမ်းတွေတိုးသွားပြီး လက်ကို ဆွဲယူဖို့လုပ်ပေမဲ့ ရှောင်းကျန့်က သူ့ရဲ့လက်တွေကို သိသိသာသာရှောင်ထွက်သွားတယ်၊ ဗလာသက်သက်ဖမ်းဆုတ်မိလိုက်တဲ့ သူ့လက်ကိုသူ တအံ့တသြငုံ့ကြည့်တဲ့ ရိပေါ်ရဲ့မျက်နှာပြင်က တဖြည်းဖြည်းနီမြန်းလို့လာတယ်၊ ၀မ်းနည်းတာ၊အရှက်ရတာအပြင် မာနကိုလည်း ထိခိုက်သွားသလိုပဲ၊ သူ့နားရွက်တွေပူနွေးလာတယ်၊

" မင်းကို ချစ်မြတ်နိုးခဲ့သော နေ့ရက်များ "Where stories live. Discover now