Unicode Version

65 8 6
                                    

"ငါးဆယ်သားယူမှာ ဒေါ်ကြီး..... တစ်ခါတည်း ခုတ်‌ပေးလိုက်နော်....."

"စိတ်ချရှင်....တခါတည်း ချက်လို့ရအောင် ခုတ်ပေးလိုက်မယ်...."

အဒေါ်ကြီးက ပြောပြောဆိုဆိုနဲ့ စင်းနှီတုံးပေါ်က ငါးတွေကို ကျွမ်းကျင်စွာခုတ်ပိုင်းနေတာကို မြောင် ထောင့်အကွယ်ကနေ ချောင်းနေလိုက်တယ်။ မကြာပါဘူး။ အဒေါ်ကြီးက ငါးခေါင်းနဲ့ အမြီးတစ်ချို့ လှမ်းပစ်လာတယ်။ ‌မြောင် အမိအရ ခုန်ဖမ်းလိုက်ပေမယ့် မရလိုက်ပါဘူး။ မြောင့် ပါးစပ်ထဲက ငါးခေါင်းကို အမည်းကောင်က ဆွဲလုသွားတယ်။ ဒီနားမှာ ချောင်းနေကြတာ မြောင်တစ်ကောင်တည်းမှ မဟုတ်ဘဲ။ ဒီစျေးထဲမှာ မြောင်လို လေလွှင့်နေတဲ့ကြောင်တွေ အများကြီးနေကြတာ။ ဗိုလ်ကျနိုင်မှ အစာဝမယ့် လောကဖြစ်နေတဲ့ ဒီပတ်ဝန်းကျင်မှာ မြောင် လို အကောင်သေးသေး အရွယ်မရောက်သေးတဲ့ကောင်အတွက် တစ်နေ့စာ နပ်မှန်ဖို့က မလွယ်လှဘူး။

စောစောက အမည်းကောင်ဆို မြောင့်ကို အမြဲအနိုင်ကျင့်တယ်။ မြောင်ရပြီးသားအစာကို အမြဲလာလုသွားတယ်။ ဒီတစ်ဝိုက်မှာတော့ အမည်းကောင်က ဗိုလ်ပဲလေ။ သူက ထွားထွားကြိုင်းကြိုင်းနဲ့ အကောင်ကြီးတော့ မြောင်က သူ့ကို မယှဉ်နိုင်ဘူးလေ။ သူနဲ့မြောင်နဲ့ ရန်ဖြစ်ကြတိုင်း မြောင်ပဲ ဒဏ်ရာရတယ်။ မြောင်က အဲ့ဒီ အမည်းကောင်ကို ကြောက်ရတယ်။ အခုလည်း အဲ့အကောင်ကြီးက မြောင့် ကို မာန်ဖီပြီး မောင်းထုတ်နေပြီ။

"ဟဲ့ ကြောင်တွေ တိတ်တိတ်နေစမ်း.... ဒီမှာ စျေးရောင်းမ‌ကောင်းရတဲ့ကြားထဲ...."

ငါးရောင်းနေတဲ့ ဒေါ်ကြီးက မြောင်တို့ကို ရေနဲ့လှမ်းပက်တယ်။ မတတ်နိုင်ဘူး။ မြောင် အဲ့နားကနေ ထွက်လာရတယ်။ တကယ်ဆို ဒီငါးတန်းမှာ ဒေါ်ကြီးတစ်ယောက်ပဲ ငါးခေါင်းတွေ များများပစ်ကျွေးတာ။ ကျန်တဲ့ ဆိုင်ရှင်တွေက မကျွေးကြဘူး။ စျေးသိမ်းချိန်က နီးနေပြီ။ မြောင်အစာမရသေးဘူး။ ဘာမှမတတ်နိုင်တော့ ကြက်သားတန်းဘက်ကို မြောင်ထွက်လာခဲ့တယ်။ ကြက်သားသည် ဦးလေးကြီးကလည်း သဘောကောင်းတယ်။ မြောင်သွားရင် ကြက်ကလီစာတွေ ချကျွေးတတ်တယ်။

Meow Knows But Still Waiting.....Where stories live. Discover now