အပိုင်း ၆

2.8K 300 27
                                    

Unicode

"ကိုကို .... "

      သူရဲ့ ကားနဲ့ တိုက်မိမလိုဖြစ်သွားသည့် လူငယ်လေးကို အိမ်လိုက်ပို့ရင်း အိမ်ငယ်လေးထဲမှ ပြေးထွက်လာသည့် ကောင်ငယ်လေးကြောင့် ဝမ်ယန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ဆက်ခနဲ တောင့်တင်းသွားသည်။
ထိုကောင်ငယ်လေးရဲ့ မျက်ဝန်းတွေဟာ ဘာကြောင့် မေလျန်တူလွန်းနေရပါသလဲ?
မေလျန်သူ့ကို စတွေ့တုန်းကကြည့်သလို ထိုကောင်ငယ်လေး ကြည့်လာတဲ့ အကြည့်တွေဟာ စူးရဲရဲ...။

"ညီလေးလား ... ချစ်စရာလေးပဲ "

"ဟုတ် ကျွန်တော့်ညီလေးပါ ... ဒါဆို ကျွန်တော်တို့ ဝင်လိုက်ပါဦးမယ်... ကောင်းကောင်းပြန်ပါ"

     ညီအစ်ကိုအရင်းလားလို့ သူမေးလိုက်ချင်သော်လည်း ပထမဆုံးတွေ့ဆုံမှုဖြစ်၍ မေးလို့ မသင့်တော် ...။ သူ ခေါင်းငြိမ့်ပြုံးပြလိုက်ပြီးသာ ကားပေါ်တက်လာလိုက်၏ ။ ထိုအိမ်ငယ်လေးကို နောက်တစ်ခေါက်ထပ်လာဖို့ သူတွေးထားပြီးသား။

"ယွီချန် ... သား အခြေအနေ ... "

"မသိရသေးပါဘူး သူဌေးယန် ... "

       သူ လေပူတစ်ချက်ကို မှုတ်ထုတ်ရင်းသာ ကားနောက်မှီကို မှီချရင်း အိတ်ထဲက ဆွဲကြိုးလေးကို ထုတ်ကြည့်မိသည်။ ဘဝမှာ သူ့အမှားက ဘယ်လောက်တောင်များလိုက်လဲ ...။ ကိုယ်ချစ်တဲ့ မိန်းကလေးကို မကာကွယ်နိုင်တဲ့ အပြင် ကိုယ့်ရဲ့သွေးသားရှိနေတာတောင်မှ မသိခဲ့ ...။

"ကျန်းအိမ်ဘက်ကိုရော စုံစမ်းပြီးပြီလား"

"ကျန်းအိမ်က သခင်မလေး ဆုံးသွားပြီး ငါးနှစ်မှာ ကလေးကပျောက်သွားခဲ့ပါတယ်တဲ့ စုံစမ်းမှုအရ ကလေးရဲ့ ဦးလေးကိုယ်တိုင် စွန့်ပစ်ခဲ့တယ်လို့လည်း သိရပါတယ်"

"ဟာကွာ "

        ယွီချန်ရဲ့ စကားကြောင့် သူ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်။ မေလျန် တို့ ကျန်းအိမ်တော် နဲ့ သူတို့ ဝမ်အိမ်တော်က စီးပွါးပြိုင်ဖက်တွေ ဖြစ်သည့်အပြင် သူနဲ့ မေလျန်တွေ့ဆုံခြင်းဟာလည်း သိပ်ကို နောက်ကျခဲ့သည့်အတွက် မေလျန်နဲ့ ခိုးချစ်ခဲ့ကြရသည်။ မေလျန်က ယင်ဖိုတောင် မသန်းဖူးသည့် မိန်းမကောင်းလေး တစ်ယောက်ဖြစ်ပြီး သူကတော့ အိမ်ထောင်ရှိတဲ့ ယောက်ျားတစ်ယောက်...။
အိမ်တော်နှစ်ခုက နည်းအမျိုးမျိုးနဲ့ ခွဲသော်လည်း မေလျန်က သူ့လက်ကိုသာ ရဲရဲကြီးဆုပ်ကိုင်ထားဆဲ...။
အရာရာဟာမတည်မြဲခြင်း ဆိုသည့် စကားကတော့ သိပ်မှန်၏ ။ သူ့ရဲ့တရားဝင် မိန်းမက အမေရိကမှာဟောက်ရွှမ်းလေးကို မွေးတဲ့အချိန် သူပါ တစ်နှစ်ကျော်ကျော် သွားနေပေးခဲ့ရသည်။ သူသွားနေမှာကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးတဲ့ မေလျန်ဟာ သူပြန်လာချိန်မှာတော့ သူရှာမတွေ့နဲ့နေရာဆီ ထွက်သွားခဲ့ပြီးလေပြီ။
မေလျန်ထွက်ခွါသွားခြင်းဟာ မေမေတို့ရဲ့ အကြံအစည်တွေကြောင့်လို့သာ သူထင်ပါသည်။ သူပြန်လာပြီးနောက်ပိုင်း မေလျန်ဆုံးပြီဆိုပြီး သတင်းတွေ တက်လာတဲ့အခါ မေမေတို့ကို ပိုမုန်းလာတာကြောင့် ဝမ်ဆိုတဲ့ မျိုးရိုးကိုပါ နောက်ပိုင်းသူ မသုံးဖြစ်တော့ ...။ နှစ်ပေါင်းများစွာ အိမ်မပြန်ဖြစ်တော့ဘဲ အရင်လကမှ ဖေဖေ့နှစ်ပတ်လည်အတွက် အိမ်ပြန်လာတုန်း မေလျန်မှာ သူ့ရဲ့ရင်သွေးပါသွားကြောင်းနဲ့ သူ့ရဲ့ သားလေးကိုမွေးရင်း နှလုံးရောဂါကြောင့် ဆုံးသွားကြောင်းကိုပါ မေမေနဲ့မမတို့ တီးတိုးပြောဆိုနေရာမှ သူကြားသိခဲ့ရ၏ ။ သူချစ်တဲ့ မိန်းကလေး ပင်ပန်းနေချိန်တွေမှာတောင် သူအနားမရှိပေးနိုင်ခဲ့ ...။

𝐓𝐡𝐞 𝐀𝐫𝐭𝐢𝐬𝐭 [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now