Extra (Unicode)

3K 67 2
                                    


ဤမြေကမ္ဘာဝယ်ချစ်ခြင်းတရားတို့ တည်မြဲစေသား - extra

ဖျော့တော့သည့် ဘက်ထရီမီးချောင်းငယ်က လမိုက်ည၏ မှောင်မဲမှုကို အားကုန်မတွန်းလှန်နိုင်။ သို့သော် လှုပ်ရှားမှုတို့၏ အရိပ်ဖျော့ဖျော့သည် အခန်းနံရံထက် မှေးမှိန်စွာပြေးထင်နေသေးသည်။ ပြေလျော့လျော့ ထွေးပွေ့ထားကြသည့် လူနှစ်ဦး၏ ခန္ဓာနှစ်ခု။

မကြာလိုက်။ အသက်ငင်နေသည့် ဘက်ထရီမီးဖျော့ဖျော့ကို လက်သွယ်သွယ်တစ်စုံက ခလုတ်နှိပ်ကာ တာဝန်ငြိမ်းစေလျက် ညဉ့်နက်ကို ပိုအသက်ဝင်စေသည်။

ငှက်ဆိုးပင်မမြည်တွန်ဝံ့သည့် ခေတ်ဆိုးတစ်ခု၏ ညဉ့်နက်သန်းခေါင်တို့ ညတာရှည်ပြန်ဦးမည်။  ခါးသီးနာကျင်ဖွယ် ညဉ့်နက်တို့၏နိဂုံးကို မျှော်တလင့်လင့်ဖြင့် သူတို့လည်း ပဒေါင်များပမာ လည်ပင်းရှည်လှပြီ။

အာဏာရှင်ကြေးကွင်းတို့ ပြည်သူတိုင်းရဲ့ လည်ပင်းမှာ တစ်ရစ်ပြီးတစ်ရစ် တစ်ကွင်းပြီး တစ်ကွင်းတိုးလာလျက် စနစ်ဆိုးရဲ့အစကို ခပ်ရေးရေးမြင်နေရချေပြီ။ ကြေးကွင်းတို့ကျွတ်မည့်အချိန်ကို ရုန်းရင်းကန်ရင်း လည်ပင်းတို့လည်း အတော်သွေးစွန်းခဲ့ပြီ။ ကြေးကွင်းတွေက မြဲလှချေတကား။

မွန်းကြပ်နာကြည်းမှုများဖြင့် မန်းကျည်းစေ့အရွယ်ကြီးကြီးတစ်လုံးပမာရှိသည့် လည်ပင်းအရင်းက အနာရွတ်ကို ပွတ်သပ်မိသည်။ ထို့နောက် တဖြေးဖြေးလျှောဆင်းလျက် ရင်ဘတ်ဆီမှ အနာရွတ်သုံးလေးခုဆီ ထိတွေ့မိသောအခါ
ကြိတ်မိသော အံသွားအစုံ၊ စေ့မိသော မြဲမြံသည့်နှုတ်ခမ်းပါးတို့မှ တစ်ဆင့် နဖူးကြောများပင် တင်းလာခဲ့ရသည်။

ရုတ်တရတ် နွေးထွေးစိုစွတ်သည့်အထိအတွေ့တို့ လည်ပင်းရှိ အနာရွတ်ဆီမှလာသည်။ ငါးပျံလေးများပမာ စက္ကန့်လက်တံတို့ တဖျတ်ဖျတ် ခုန်ပြေးသွားပြီးနောက် ခံပြင်းနာကြည်းမှုတို့ ပြေလျော့လာကာ သူ့မျက်ဝန်းတို့ပိတ်ကျသွားသည်။ ထိုအစား တလိပ်လိပ်ကျလာသည့် မျက်ရည်သည် ထွက်ပေါက်ပိတ်နေသည့် ခံစားချက်တို့၏ အဖြေ။

"အိပ်လို့မရပြန်ဘူးလား ... ညီ"

တိုးတိတ်သည့် အစ်ကိုမြတ်ဦး၏ စကားသံတို့သည့် သူ အိပ်ပျော်ဖို့ ဘာမဆိုလုပ်ပေးမည့် အသနားခံခြင်းတို့ ရောထွေးပါဝင်နေသည်။

ဤမြေကမ္ဘာဝယ် ချစ်ခြင်းတရားတို့ တည်မြဲစေသားWhere stories live. Discover now