"ဒါနောက်ဆုံးပဲ
အရင်တစ်ခါက မေးဖူးတဲ့ အဖြေကို လာဖြေတာ...."ဧရာဝတီ မြစ်ကမ်းဘေးက ရေမတိုက်စားစေရန် ပြုလုပ်ထားတဲ့ အုတ်လှေကားမှာ ထိုင်ရင်း ဆည်းဆာချိန် ရဲ့ နောက်ခံနဲ့ စစ်ကိုင်းတံတားသစ်ပေါ်က ဆိုင်ကယ်တွေ ကားတွေကို ကြည့်ရင်း.....
သူ့ရဲ့ ရှေ့မှာရပ်နေတဲ့ ဆံပင်လှိုင်းတွန့်ကောက်နဲ့ ခပ်ချောချော အမျိုးသား ကတော့ မျက်နှာငယ်ငယ်နဲ့...
သူက ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတွေကို ကြိုက်တဲ့ ကောင်လေးတစ်ယောက်ပေါ့....."ကိုယ်တောင်းပန်ပါတယ်......
ကိုယ့်မှာ တကယ်ကို တောင်းပန်စကားက လွဲဲပြီး ပြောစရာစကားမရှိတော့ပါဘူး....
ကိုယ်က ပြောဖို့လည်း မတန်ပါဘူး..... "လွမ်းစေတန် ဆိုတဲ့သူက တောင်းပန်နေတဲ့သူကို အကြည့်လေးတစ်ချက်တောင် မစွန့်ကြဲခဲ့ပါဘူး....
"မတန်ဘူး ဆိုတာ သိရင် ဘာမှ မပြောပဲနေလိုက်ပါလား....
အရမ်းကြီး စကားအရှည်ကြီးတွေ မပြောချင်လို့....
မြန်မြန် ပြောပြီး မြန်မြန် ကိစ္စအပြီးသတ်သွားတာ ကောင်းမယ်ထင်လို့...."ရယ်တော့ရယ်ရသား ထိုသူက တောင်းပန်ဖို့ကို သုံးနှစ်နေမှ သတိရတယ်တဲ့ ....
သုံးနှစ်ဆိုတဲ့ အချိန်က လူတစ်ယောက် ပြောင်းလဲဖို့ ကောင်းကောင်းကြီး လုံလောက်တယ် ဆိုတာ နသန်မိုးနေ ဆိုတဲ့ ဒီအရူးကောင်က မသိခဲ့တာလား....သေလောက်အောင် ချစ်ခဲ့ပြီး အချိန်တွေ အကုန်လုံး သူ့တစ်ယောက်တည်းအတွက်ပုံပေးခဲ့တာကို ထိုသူက အလေးမှ မထားခဲ့တာပဲ....
သူက သွားချင်တဲ့ အချိန်သွား ပြန်ချင်တဲ့ အချိန် ပြန်လာရအောင် စျေးပေါတဲ့သူမှ မဟုတ်ပဲ...
ဒါကို ဒီလူက နားမလည်တာလား..."ကဲ ကျွန်တော် စပြောတော့မယ်..
ကိုနသန်မိုးနေ...."လွမ်းစေတန်က နာမည်အပြည့်အစုံကို ခေါ်လိုက်တော့ ထိုသူက ငုံ့ချထားတဲ့ ခေါင်းကို မော့ပြီး မယုံနိုင်သလို ကြည့်လာသည်...
ဟုတ်တာပေါ့....လင်ကိုဘုရား သားကိုသခင် ဆိုသလို လွမ်းစေတန်ဆိုတဲ့ သူက နသန်မိုးနေကို ဘုရင်လို ကိုးကွယ်ခဲ့တာလေ...
အသံမာမာနဲ့ ပြောပြီး နာမည် အပြည့်အစုံ ခေါ်ဖို့ဆိုတာ ဝေးလေစွပေါ့.....
