Chapter - 1

36.9K 2.2K 95
                                    

အဝင်ကော တခုကိုလက်ခံဖြေဆိုပြီးကတည်းက သူမရဲ့ခြေလှမ်းတွေက တစ်နေရာရာသို့ ဦးတည်ကာ အပြေးတပိုင်း နှင်နေသည်။ ထိုဦးတည်ရာနေရာရဲ့ အဝင်ဝသို့ရောက်သည်နှင့် အထဲမှာအော်ကြီးဟစ်ကျယ်အသံများက သူမထံသို့ အလျင်စလိုပြေးကပ်လာသည်မို့ ဘာမှမစဉ်းစားနိုင်တော့ တံခါးတွန်းဖွင့်ကာ ဝင်ခဲ့တော့သည်။

ကြမ်းပြင်မှာ ဆံပင်ဖွာလန်ကြဲကာ ကြေကြေကွဲကွဲငိုနေသည့် သူမနှင့်မတိမ်းမယိမ်းအရွယ်ရှိ အမျိုးသမီးတစ်ဦး၊ ထိုအမျိုးသမီးကိုပွေ့ဖက်ထားကာ မေးကြောကြီးတွေထောင်နေတဲ့အထိ အံကြိတ်ထားသည့်အမျိုးသားတစ်ဦးနှင့် လူအနည်းငယ်။ နေ့ကလေးထိန်းကျောင်းလေးပေမို့ ကလေးတော်တော်များများလဲ ရှိနေပြီး ရုန်းရင်းဆန်ခတ်အခြေအနေကြား တချို့ကလေးတွေမှာ ငိုမဲ့မဲ့ဖြစ်လို့နေသည်။

"မသော်တာ ရောက်လာပြီဆိုတော့....ကျွန်မတို့"

ခပ်တိုးတိုးလှမ်းပြောလာသည့် ဆရာမလေးမှာ သူမလက်ကာပြမှုကြောင့် ရပ်တန့်သွားခဲ့ပြီး သူမကတော့ ထောင့်လေး တစ်ဦးတည်းကပ်ထိုင်နေသည့် ၄နှစ်စွန်းစွန်းကလေးငယ်ဆီသို့သာ လှမ်းလျှောက်သွားပြီးနောက်...

"သား ကောင်းဆက်...မေမေရောက်ပြီ"

ဟု ပြောလိုက်သည်နှင့် အိခနဲငိုချလိုက်သံနဲ့အတူ ပြေးဖက်လာသည့် သားရဲ့ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ်တုန်ယင်နေခဲ့ပြီး သားဖြစ်သူထိုင်နေခဲ့နေရာမှာ ကြေမွနေသည့်စာအုပ်လေးတအုပ် ရှိနေသည်။

"မေမေ...."

ခပ်အက်အက်နှင့် ခါထွက်နေသည့် သားခေါ်သံကြောင့် ခပ်တင်းတင်းတိုး၍ ဖက်လိုက်ပြီးကျောပြင်ကိုပွတ်ပေးလိုက်သည်။

"သား...စာအုပ်ကိုတမင်လုပ်လိုက်တာ မဟုတ်ပါဘူး။ သားအရမ်းကြောက်ခဲ့လို့ပါမေမေ။ သားကို ဟို အန်တီက ​ဆောင့်ဆွဲပြီး ရိုက်မလို့လုပ်နေတော့ သားကြောက်လို့ စာအုပ်ကို..."

"မေမေ သိတယ်သား။ မေမေသိတယ်"

သားဖြစ်သူပြလာသည့် လက်ကောက်ဝတ်မှာ အညိုအမည်းတချို့က ထင်ထင်ရှားရှားကြီးဖြစ်နေပြီး ငိုယိုကြောက်ရွံနေသည့် သားပုံစံကြောင့် မိခင်ပီပီ ဒေါသစိတ်ကကပ်ငြိပါလာပေမယ့် သူမစကားတွေမများလို...။ထို့ကြောင့် ကလေးကို တဖက်ကချီကာ တဖက်က လွယ်အိတ်နှင့်ထမင်းဘူးများ ယူဆောင်၍ ပြန်ရန်ပြင်တော့ ဆရာမလေးက ​နောက်တစ်ကြိမ်ထပ်တားရန်ပြင်သည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now