Part - 3 (Unicode)

17.9K 1.6K 348
                                    

(A/N) အရင်၂ပိုင်းအတွက် အပေါ်ကအမှတ်တရ ပုံလေးတွေဆွဲပေးတဲ့ Mama Hnin Wai Soe ကို ကျေးဇူးအများကြီးတင်ပါတယ်လို့....🤍

........................

"ဒေါ်ခင်လှ ဘယ်လိုလဲ၊ နေသာရဲ့လား"

ဆရာက Round လှည့်ရင်း ခွဲပြီးလူနာတစ်ယောက်ချင်းစီကို လိုက်ကြည့်ပေးနေတာ ဖြစ်သည်။ Surgical ward ၏ မနက်ခင်းထုံးစံအတိုင်း ဆရာတို့က ရှေ့ကဦးဆောင် Round ကြသည်။ တင်နီလာဝင်း၊ မိုးယုနှင့် ဘုန်းလျှံတို့ကတော့ နောက်တွင်ပစ္စည်းပစ္စယတွေ တရုန်းရုန်းနှင့်။ ပြောသမျှမှတ်ဖို့ ဦးနှောက်ကိုဖွင့်ပြီး နားကိုလည်း စွင့်ထားကြသည်။

ယခုကား Appendicitis case (အစာအိမ်အူအတက်ရောင်) ခွဲထားရသောလူနာဖြစ်၏။

"ဆရာရယ် ချုပ်ထားတဲ့နေရာကတော့ တဆစ်ဆစ်ပဲ။ ပိုးတွေဘာတွေမဝင်လောက်ပါဘူးနော်၊ အရပ်ထဲကပြောတာ ပိုးဝင်ပြင်းရင် သေတတ်တယ်ကြားလို့"

"မဖြစ်ပါဘူးဗျာ၊ သေချာချုပ်ပေးထားပါတယ်။ ချုပ်ရိုးနေရာလည်း ပိုးကင်းတယ်၊ သန့်သန့်ရှင်းရှင်းပါပဲ"

ဆရာက သေချာကြည့်ရင်း ခပ်ပြုံးပြုံးရှင်းပြပေမဲ့ အဒေါ်ကြီးက စိုးရိမ်စိတ်ကင်းသေးပုံမပေါ်။ ဘုန်းလျှံတို့လို အလုပ်သင်ဆရာဝန်လေးတွေကို တဖွဖွမေးရတာအားမရလို့ ဆရာလာတုန်း အစုံပလုံမေးချင်နေပုံပင်။

"ဆိုင်လားတော့မသိပေမဲ့ ခြေထောက်တွေလည်း အတော်ကိုက်တယ်ဆရာ"

"လှဲနေရတော့ အညောင်းမိတဲ့သဘောပါ။ ချုပ်ရိုးကျက်ရင် လမ်းလျှောက်လို့ရပြီ။ မခံနိုင်အောင်ကိုက်ခဲတယ်ဆိုရင်တော့ ဆရာမလေးတွေ ပြောလို့ရပါတယ်"

"ပြီးတော့ ဆရာ ... ကျွန်မ ဒီဟာမခွဲခင်ကတည်းကလေ အိပ်နေရာကထလိုက်ရင် ခဏခဏမူးတယ်။ အဲဒါစိုးရိမ်ရတယ်မလား ဆရာ။ တရိပ်ရိပ်နဲ့ မူးတာမူးတာဆိုတာ အိုး ... တစ်ခါတစ်ခါ ဦးနှောက်ပါ ကျွတ်ထွက်ကျမတတ်ပါဆို"

အဒေါ်ကြီးအပြောကို တင်နီလာဝင်းက ခစ်ခနဲရယ်မိတော့ မျက်စောင်းတစ်ချက်ထိုးခံရ၏။ ဆရာကလည်း ပြုံးစိစိနှင့် နှုတ်ခမ်းကကွေးလုလု။ သူတို့ရယ်ကြတာလည်း မလွန်ပါပေ။ ဆေးရုံရောက်တာ နှစ်ညအိပ်သုံးရက်ရှိသေး၊ အဒေါ်ကြီးတစ်ကိုယ်လုံး ဘာမှမဖြစ်သည့်နေရာမရှိ။ ခေါင်းအစ၊ ခြေအဆုံး ရောဂါဖြစ်နေသလို ခံစားနေရသော စိုးရိမ်မှုလွန်ကဲသည့်လူနာပင်။

သင်္ကြန်မောင်Where stories live. Discover now