Part - 4 (Unicode)

16.6K 1.7K 269
                                    



လိမ္မော်နီရောင်နေလုံးကြီးမှာဖြင့် အနောက်‌အရပ်စီ တရိပ်ရိပ်ကျနေလေပြီ။ ဒါမို့ ပြည်လမ်းမတစ်လျှောက်တွင် လူတွေတဖြည်းဖြည်း ပြန်ထွက်လာကြတာလည်း ခပ်ကျဲကျဲနှင့်။ ကားတွေအသွယ်သွယ်လည်း ကူးလူးသွားလာနေကြသည်။

နားရက်အချိန်ရတုန်း ဈေးဝယ်ထွက်လာသော ညီမိုးလွင်တစ်ယောက် ကားပေါ်တွင် ဝယ်လာသည့်အထုတ်တွေ တစ်ပုံတစ်ပင်နှင့် များပြားလှ၏။ မနက်ပိုင်းတော့ အိမ်မှာပဲ စာသင်ပေးဖို့ပြန်ကြည့်ရင်း နားနားနေနေမို့ အပြင်သွားမည့်ကိစ္စကို သူ့ထုံးစံအတိုင်း နေကျချိန်ပဲ ရွေးထွက်ဖြစ်သည်။ ကားပေါ် သီချင်းလေးတဆွေးဆွေး၊ လေကလေးတအေးအေးနှင့်။

ထိုအချိန် ဝင်လာသောစာတစ်စောင်...။

'ကိုးကိုး ဘာလုပ်နေလဲဗျ'

စာကိုမြင်တာနှင့် ညီမိုးလွင်၏နှုတ်ခမ်းက အလိုလိုပြုံးမိပြီးသား။ သိပ်ကြိုက်သည့် အဆာပြေမုန့်တစ်ခုကို စားလိုက်ရသည့်နှင့် အလားသဏ္ဌာန်တူ၏။ သည်ကောင်လေးဆိုတာကလည်း အတော်စကားတတ်တာကိုး။ ဖုန်းဆက်ချင်လျှင်လည်း ဖုန်းဆက်လို့ရလားကို အရင်စာပို့ပြီးမှ မေးတတ်သလို အားရင်အားသလိုလည်း သူ ဘာလုပ်နေကြောင်း လှမ်းပြောတတ်၏။ အထူးသဖြင့် နှစ်ယောက်မတွေ့ဖြစ်သည့် သည်လိုနားရက်မျိုးတွေမှာပေါ့။

ညီမိုးလွင် ချက်ချင်းစာပြန်ဖို့ တွေးမိပေမဲ့ ကားကမောင်းနေသည်မို့ မတတ်သာ။ ဘုန်းလျှံကလည်း ဂျူတီချိန်ဆိုတော့ ဖုန်းဆက်ဖို့ မသင့်တော်ဘူးထင်သည်။ ဘေးကသူငယ်ချင်းမတွေလည်း ရှိချင်ရှိနေတတ်တာမလား။

ထိုအခိုက် ထပ်ဝင်လာသောစာတစ်စောင်...။

'ကျွန်တော်က ပြန်ခါနီးမှ ခေါက်ဆွဲပြုတ်စားမလို့'

"ဒီကောင်လေး အဲဒီခေါက်ဆွဲပြုတ်တွေ အတော်စားတာ"

ကားထဲတစ်ယောက်တည်းရှိသည့်တိုင် ညီမိုးလွင် အသံထွက်ပြောမိသည်။ တိုက်ခန်းမှာရှိနေချိန်ဆိုလည်း ခေါက်ဆွဲပြုတ်သောက်တယ်ပြောတာကို သူ ခဏခဏကြားဖူးနေပြီ။ သူ့နည်းတူ အတူနေသည့် သူငယ်ချင်းတွေကလည်း ဟင်းကောင်းကောင်းမချက်တတ်ကြဘူးတဲ့လေ။ သည်တော့ လွယ်ရာပဲစားနေကြပုံပါပဲ။

သင်္ကြန်မောင်Where stories live. Discover now