ဂျယ်ယွန်းတစ်ယောက် မနက်မိုးလင်းကတည်းက ထိုင်ရမလိုထရမလို ပြာယာခတ်နေတော့သည်။ မျက်စိနောက်ရလောက်အောင် ဂနာမငြိမ်ဖြစ်နေသည်မို့ မေမေကပါ လှမ်းဟန့်ရသည်အထိ။
တရားခံကတော့ နှစ်ယောက်မရှိတဲ့ ဂျယ်ယွန်းရဲ့ စီနီယာအီသန်ပင်။ ဒီနေ့က စီနီယာ့မွေးနေ့လေ။ ဂျယ်ယွန်းက ထိုစီနီယာကို အလယ်တန်းကတည်းက ကြိတ်ကြိုက်နေခဲ့ရတာဖြစ်ပြီး အခုတော့ စီနီယာသည်ပင် အထက်တန်းနောက်ဆုံးနှစ်ရောက်ခဲ့ပြီ။ အချိန်စက်ဝန်းက ပုံမှန်လည်ပတ်နေသလို ဒီနှစ်တွေအတွင်း စီနီယာ့အပေါ် ထားတဲ့ ဂျယ်ယွန်းရဲ့အချစ်တွေဟာလည်း ပုံမှန်လေး တိုးလာတာပင်။
ဒီနှစ် အီသန့်မွေးနေ့မှာတော့ တစ်လျှောက်လုံးပုန်းနေခဲ့သည့်ဂျယ်ယွန်းက လူလုံးထွက်ပြကာ လက်ဆောင်ကို ကိုယ်တိုင်ပေးရန် ဆုံးဖြတ်ထားသည်။ တကယ်တမ်းကျ အီသန့်ကို လက်ဆောင်ပေးတယ်ဆိုတာလည်း ထွေထွေထူးထူးတော့မဟုတ်။
"ဘတ်စကက်ဘောအသင်းရဲ့Ace" "ဂီတကလပ်ရဲ့ဒုဥက္ကဋ္ဌ" "အရမ်းချောတဲ့ နောက်ဆုံးနှစ်ကစီနီယာ" စတဲ့ များမြောင်လှသောဂုဏ်ပုဒ်တွေနဲ့ စီနီယာအီသန်ဟာ တကယ့်ကို နာမည်ကြီး လူကြိုက်များတာပင်။ မွေးနေ့တိုင်းမှာလည်း လက်ဆောင်ပေးချင်သူများက ပြုံတိုးလျက်။
ဒါကြောင့် ဂျယ်ယွန်းကိုမှ ထွေထူးပြီး မှတ်မိနေမှာမျိုးမဟုတ်သလို ဂျယ်ယွန်းရဲ့လက်ဆောင်ကိုလည်း အထူးတလည် သတိထားမိနေမှာမဟုတ်။ ဒါပေမဲ့လည်း ဂျယ်ယွန်းကတော့ ပျော်ပါသည်။ ဖွင့်ပြောလိုက်ဖို့ထိ သတ္တိမရှိပေမဲ့ စီနီယာတက္ကသိုလ်မရောက်ခင် တစ်ခေါက်လေးဖြစ်ဖြစ်တော့ မျက်နှာချင်းဆိုင် စကားပြောဖူးချင်ခဲ့မိတာ။ လက်ဆောင်ကတော့ နှစ်တိုင်းလည်း တိတ်တိတ်ကလေးပေးဖြစ်တယ် ဆိုပေမဲ့ပေါ့။
ဂနာမငြိမ်နိုင်ရှာတဲ့ဂျယ်ယွန်းက ပါကင်လှလှထုပ်ထားတဲ့ လက်ဆောင်ဘူးလေးကိုလည်း အခေါက်တစ်သိန်းလောက် ထုတ်ကြည့်နေမိတာပင်။ စိတ်ရှိလက်ရှိဆို ကျောင်းအစောကြီးသွားကာ လက်ဆောင်ကို ဦးဆုံးပေးပစ်ချင်ပေမဲ့ မွေးနေ့ရှင်က ဘယ်တော့မှ ကျောင်းစောစောမလာတတ်။ အင်း...မတတ်နိုင်။ နေ့လယ်စာစားချိန်မှ ပေးတာပေါ့။