"ဘိုမီရေ ငါပြန်ပြီနော်...ကားကိုstudioမှာပဲထားခဲ့မယ်...ဦးလေးကြီးကို ကြည့်ထားပေးဖို့ တစ်ချက်ပြောလိုက်ဦး "
"စိတ်ချပါ ဂျုံဆောင်းရယ်...မြန်မြန်ပြန်ပါတော့...ခုနောက်ပိုင်း ဂျယ်ယွန်းနဲ့မဒိတ်ဖြစ်တာ ကြာပြီမလား...studioမှာပဲသောင်တင်နေတဲ့ကောင်...သွား သွား ရည်းစားလေးကို အချိန်ပေးချည်"
ပြောမနာဆိုမနာ သူငယ်ချင်းလေးကတော့ ခုနောက်ပိုင်း ဂျုံဆောင်းတစ်ယောက် အလုပ်တွေဖိလုပ်နေခြင်းအပေါ် သိပ်အမြင်ကြည်ပုံမရ။ အိမ်ပြန်ကာ ဂျယ်ယွန်းကိုအချိန်ပေးဖို့ ကြုံရင်ကြုံသလို ဆုံးမတတ်သေးသည်။
Studio၌ကားထားပစ်ခဲ့သည့် ဂျုံဆောင်းက ခုတော့ နေဝင်ခါစ ပုစွန်ဆီရောင်ကောင်းကင်ကြီးအား ငေးမောရင်း အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
ညနေ၅နာရီ၌ ဂျယ်ယွန်းနဲ့အတူ ညစာစားဖို့ချိန်းထားပေမဲ့ အလုပ်မပြီးသေးဟု ဂျယ်ယွန်းကဖုန်းဆက်လာ၍ ၇နာရီသို့ ရွှေ့ဖြစ်လိုက်ကြခြင်း။ ဂျုံဆောင်းကတော့ ပိုလျှံနေသည့်အချိန်များအား လမ်းလျှောက်ထွက်ပစ်လိုက်မည်ဟုတွေး၍ စောထွက်လာခဲ့သည်။
ယခု ချိန်းဆိုထားသည့်ဆိုင်က ဂျုံဆောင်းတို့ တက္ကသိုလ်ကျောင်းသားဘဝကတည်းက တူတူသွားစားနေကျ tonkatsuဆိုင်ဖြစ်သည်။ ရည်းစားသက်တမ်း၆နှစ်အတွင်း ထိုtonkatsuဆိုင်သည်ပင် ဆိုင်လေးမှဆိုင်ကြီးအဖြစ်သို့ ကူးပြောင်းခဲ့ချေပြီ။
"ဟင်း...ဒီလိုကျလည်း အချိန်တွေကုန်တာ မြန်လိုက်တာ...လကုန်ခါနီးတိုင်း သုံးစရာပြတ်သွားလို့ဆိုပြီး နှစ်ယောက်တစ်ပွဲ ဝင်ဝင်စားခဲ့ကြတာ မနေ့တစ်နေ့ကလိုပဲ"
ဂျုံဆောင်းက တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်မိပါသည်။ဒီလမ်း...ဒီရပ်ကွက်...အရာအားလုံးက အမှတ်တရတွေကို သယ်ပိုးထားသလို။
လမ်းထိပ်မှာ ဂျုံဆောင်းတို့ ဝင်စားနေကျ တော့ပုကီဆိုင်လေးမရှိတော့ပေမဲ့...
ဂျုံဆောင်းနဲ့ရန်ဖြစ်တိုင်း ဂျယ်ယွန်းတစ်ယောက်တည်း သွားသွားငိုတတ်တဲ့ စာအုပ်အငှားဆိုင်လေးမရှိတော့ပေမဲ့...