Part - 11 (Unicode)

13.1K 1.3K 102
                                    



ပြတင်းကလှမ်းမြင်နေရသော ကောင်းကင်တစ်ခွင်မှာ မိုးတိမ်တို့ခပ်အုံ့အုံ့။ ညဂျူတီဝင်ထားရတာမို့ နေ့ထွက်ချိန်မှာအိပ်ခဲ့သော ဘုန်းလျှံမောင်တစ်ယောက် တိုက်ခန်းတွင် တစ်ယောက်တည်းသာရှိသည်။ အတူနေသူငယ်ချင်းနှစ်ယောက်က ကုမ္ပဏီဝန်ထမ်းတွေမို့ နေ့ခင်းဘက်ဆို မရှိကြ၊ သူ အေးဆေးအိပ်ဖြစ်သွားသည်။ နိုးလာတော့ မနက်စောစောကလိုတောင် နေအလင်းရောင်မရှိတော့၊ ခပ်ညို့ညို့မိုးသားတွေက ကောင်းကင်တွင် နေရာယူပြီးသား ဖြစ်နေကြပြီ။

ရေချိုး၊ အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်ဆင်အပြီးတွင်တော့ ဗိုက်ထဲဟာသလိုလို ဖြစ်လာသည်။ ဟိုကောင်တွေကျော်ထားသည့် ငါးခြောက်ငရုတ်သီးကြော်၊ အေးစက်စက်ထမင်းတစ်အိုးနှင့် ကြက်ဥကြော်တစ်ခြမ်းပဲ့တော့ ရှိပါရဲ့။ အာလူးကြော်လေးတစ်ထုပ်ဖောက်၊ အကြော်ဆံလေးဖြူးစားလိုက်ရင်လည်း ပေါ့ပေါ့ပါးပါး ထမင်းတစ်နပ်ပြီးတာပါပဲ။

သို့ပေမဲ့ ကိုကြီးမေမေ ဒေါ်လေးကခေါ်ထားတာကြာပြီကို သတိရလိုက်သည်။ ဖုန်းဆက်ကြည့်တော့လည်း ဒေါ်လေးအားတယ်၊ အိမ်လာမှထမင်းစားဆိုတော့ သူ့အတွက်ဟန်ကျတာပေါ့။ တစ်ညနေလုံးလည်း အားနေမဲ့အတူတူ သွားလိုက်ဖို့သာ စိတ်ကူး၏။

တိုက်အောက်ဆင်းလာပြီး လမ်းဟိုဖက်၊ သည်ဖက်ကို ငဲ့ကြည့်တော့ အငှားကားတွေမရှိ။ လွယ်နေကျအိတ်လည်း ထားခဲ့တာမို့ ဂျင်းဘောင်းဘီထဲ သားရေခေါက်ပိုက်ဆံအိတ်နှင့် ဖုန်းထည့်ပြီး လမ်းညာဖက်ခြမ်းသာ ကပ်လျှောက်လာခဲ့သည်။ နာရီကြည့်လိုက်တော့ တစ်နာရီထိုးလုလု။ ပုံမှန်သည်အချိန်ဆို အသစ်ဆင်းနေရသည့် ဗဟိုအမျိုးသမီးဆေးရုံ၏ OG Ward မှာ ထမင်းစားချိန်ဖြစ်သည်။ အတိအကျသတ်မှတ်ထားတာရယ် မဟုတ်ပေမဲ့ သူတို့တစ်သိုက်ကတော့ သည်အချိန်စားရတာကို အကြိုက်ကြဆုံး။

ကိုးကိုးရော ခုချိန်ဆို YGH မှာ ထမင်းစားပြီးရဲ့လားမသိ။ ခုနက နိုးနိုးချင်းစာပို့တာတော့ ခုထက်ထိအကြောင်းမပြန်၊ အားပုံမပေါ်သေးပေ။ သည်ဖက်ဆေးရုံက OG ward ကို ပြောင်းလာတာတစ်ပတ်ရှိပြီပေမဲ့ နှစ်ယောက်သားခွဲရတာကို သိပ်အသားမကျသေးပါ။ အထူးသဖြင့် ဘုန်းလျှံမောင်ပါပဲ။ မွေးခန်းဝင်ရတာလည်း အသားမကျသေး။ ကလေးမထွက်လို့ တအီးအီးအော်ငိုသည့် မိန်းမသံတွေလည်း နားမယဉ်သေး။ ကလေးငိုသံ တကွဲကွဲကြားရရင်လည်း ဘယ်လိုချော့ရမယ်မှန်း အထာမနပ်သေးပါချေ။

သင်္ကြန်မောင်Where stories live. Discover now