Part - 13 (Unicode)

13.9K 1.3K 132
                                    



ဂျူလိုင်လ၏ဒုတိယမြောက် တနင်္ဂနွေ။ တစ်နေကုန် မိုးသည်းသည်းရွာထားလို့ ဝန်းကျင်တစ်ခုလုံး စိုစွတ်အေးမြစိုနေသော တနင်္ဂနွေ။ ရေစိုစိုကတ္တရာလမ်းပေါ် အပြေးအလွှားသွားနေခဲ့ရသော တနင်္ဂနွေ။ တစ်နေ့လယ်လုံး မွေးခန်းထဲ၌ အချိန်ကုန်ဆုံးခဲ့ရသော တနင်္ဂနွေ။ မွေးမည့်အမျိုးသမီးက ကလေးမထွက်လို့ လင်ယောကျ်ားအစား မွေးခန်းထဲက တစ်ဦးတည်းသောယောက်ျားဖြစ်သည့် သူ့ကိုသာ အချောင်ဆဲပါသော တနင်္ဂနွေ။

ဟူး ... မောဟိုက်လိုက်တဲ့ တနင်္ဂနွေ။

တစ်နေကုန်ပမ်းလှသော်လည်း ခါတိုင်းလို အမောပြေစရာ ချစ်သူနှင့်မတွေ့နိုင်။ ကိုယ့်တိုက်ခန်းဆီလည်း မဝင်နိုင်။ မိုးအုံ့အုံ့တွင် ဘုန်းလျှံမောင်မှာ ချွေးတလုံးလုံးဖြင့် ပျာယာခတ်လျက်သာရှိသည်။ ဘတ်စ်စီးတော့လည်း အရေးထဲလမ်းကပိတ်၊ လူကကြပ်။ အဲကွန်းမပါသောကားတွင် တန်းကိုင်ကာ မတ်တပ်ရပ်နေရသေးသည်။ သူ့မျက်လုံးတို့မှာ လက်ကနာရီကိုကြည့်လိုက်၊ မှတ်တိုင်ကျော်မှာစိုးလို့ ကိုယ်ကိုကိုင်းပြီး ဘေးဘီကိုကြည့်လိုက်နှင့်။ အတော်စိတ်ကျဉ်းကြပ်ရတဲ့ တနင်္ဂနွေပဲ။

မှတ်တိုင်ရောက်ပါပြီဆိုတော့ ထပ်ကံမကောင်းပုံများ ဘတ်စ်ပေါ်ကဆင်းဆင်းချင်း ခြေချရမည့်နေရာက ရေဗွက်အိုင်ဖြစ်နေလိုက်သေးသည်။ ခုန်ကျော်မရလောက်အောင် ရေတွေဟီးထနေတော့ ရန်ကုန်မြို့၏မိုးရာသီတွင် လမ်းမပေါ်ရေလျှံတတ်သည့်ကိစ္စကို တဖန်စိတ်ညစ်သွားပြန်၏။ ဟင်း ... စိတ်ထဲညည်းညူနေလို့လည်း သည်ရေတွေအစိုးရက လာခပ်ထုတ်ပေးနေမှာမဟုတ်။

မထူးပါဘူးဆိုသည့်စိတ်ဖြင့် ခြေထောက်မြန်မြန်ချပြီး ကူးလိုက်၏။ အနင်းခံလိုက်ရသည့်ရေဗွက်သည် အရှိန်ကြောင့်ဗျန်းခနဲဆို အပေါ်လျှံတက်လာသည်။ ကံကောင်းတာက မြန်မြန်ဆင်းလိုက်သည်မို့ ဘုန်းလျှံ၏ဘောင်းဘီတွင် ရေသိပ်မစိုလိုက်။ သို့သော် ကံဆိုးသွားတာတာက နောက်ကကပ်ဆင်းလာသော အဒေါ်ကြီး။ သူ့ခမျာ ခပ်ဖြည်းဖြည်းဆင်းလာသော်လည်း ဘုန်းလျှံကြောင့် ပါတိတ်ထဘီအနားစတွေ ရေတွေစိုကုန်ပြီ။ ဘုန်းလျှံ ချက်ချင်းဆိုသလို တောင်းပန်ဖို့ပါးစပ်ဟလိုက်ပေမဲ့ 'ဟဲ့ နင်ဘယ်လိုဆင်းသွားတာလဲ၊ လူလိုနားမလည်ဘူးလား' ဆိုသော အသံနက်နက်ကြီးနှင့်အတူ မျက်စောင်းပါခုတ်ခံလိုက်ရတာ ဒိုင်းခနဲ။

သင်္ကြန်မောင်Where stories live. Discover now