Chapter - 51

9K 872 41
                                    

ရက်အတန်ကြာ အိပ်နေခဲ့ခြင်းက ပြန်နိုးလာရသည်မို့ ​ကောင်းဆက် တကိုယ်လုံးထိုင်းမှိုင်းနေ​ပေမယ့် ဒဏ်ရာတွေကတော့ အများကြီးနာမနေခဲ့ပေ။ မျက်လုံးဖွင့်ကြည်သည်နှင့် အပြေးလေးကပ်လာသည့် ​မေမေက မိမိရဲ့ပါးကိုအကြာကြီးပွတ်သပ်ကာ တော်တော်လေးငိုရှာသည်။ နိုရာသည်လည်း ဝှီးချဲလေးနဲ့ကပ်လာကာ မျက်မှန်အောက်ကမျက်ရည်စများကို အသာသုတ်နေပြီး...

"မင်းကိုအရမ်းစိတ်ပူနေတာ..."

ဟုဆိုလာတော့ လက်လှမ်းမှီရာ နိုရာ့ဒူးခေါင်းကိုအသာဖျစ်ညှစ်ကာ စိတ်မပူရန်ပြောနေခိုက်မှာပင် အခန်းတံခါးက ရုတ်တရက်ပွင့်သွားခဲ့သည်။ ထို့နောက် ခြေလှမ်းကြဲကြီးများနှင့် ဝင်ချလာသည့် Shane က ဘာတခွန်းကိုမှမပြောသေးပဲ ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ မိမိကို အသာအယာပွေ့ဖက်လာခဲ့သည်။ အသာအယာပွေ့ဖက်ခြင်းက ခပ်တင်းတင်းဖြစ်လာပြီး စကားသံတတွတ်တွတ်နဲ့အတူ သူ့ထံမှ ပူနွေးနွေးမျက်ရည်စက်တို့ကား မိမိရဲ့လည်ပင်းဆီသို့ ​ကြွေကျလာချိန်မှာတော့ ယောက်ကျားတန်မဲ့ မိမိအတွက်နဲ့ မျက်ရည်ကျသည့် Shane အပေါ်မှာ ချုပ်တီးထားသည့်မိမိရဲ့စိတ်တွေကလဲ လွတ်ထွက်သွားတော့သည်။

"ချစ်တယ်...Shane ကို ကျွန်တော်အရမ်းချစ်တယ်"

ခိုတွယ်လိုက်ရသည့် လည်တိုင်ကတဆင့် အားကိုးရာရသည်။ ကျောပြင်ဆီသို့ လျှိုဝင်လာပြီး အသာပင့်ကာ ​ပွေ့ပိုက်ထားသည့် လက်တစ်စုံကနေတဆင့် ကြင်နာမှုကိုရသည်။ ရောက်ရှိနေသည့် ရင်ခွင်ကျယ်ကြီးကနေတဆင့် လုံခြုံနွေးထွေးမှုကို ရရှိပြီး နမ်းရှိုက်လာသည့်နှုတ်ခမ်း၊ မျက်ရည်စတို့ကြောင့် ခပ်လဲ့လဲ့မျက်ဝန်းတို့မှတဆင့် ဖော်ပြဖို့ရာ မစွမ်းသာသည့် ချစ်ခြင်းမေတ္တာကိုရသည်။ ထို့ကြောင့် Olivier Shane ဆိုသော ဒီလူသားက မိမိအတွက် အဖိုးထိုက်တန်လွန်းသော လူသားတစ်ဦးဖြစ်လာခဲ့​တော့သည်။

မည်မျှကြာအောင် ဖက်တွယ်ထားမိသည့်မသိ ချောင်းဟန့်သံကြားမှ အသိဝင်ကာ Shane ကိုတွန်းဖယ်လိုက်တော့ Shane မှာလဲ လည်ပင်းကုတ်လိုက်၊ ခေါင်းကုတ်လိုက်ဖြင့် ကုတင်ခြေရင်းသို့လျှောက်သွားကာ မေမေ့ကိုပြောလာသည်။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now