ရက်စွဲ(၆)

695 71 7
                                    

မနက်ခင်း ၇နာရီကျော်နေပြီဖြစ်သော်လည်း နမ္မတီးဆောင်းကမူ နှင်းကျ၍ကောင်းဆဲ။မြူထပ်၍ကောင်းဆဲ။ခပ်ဝေးဝေးမှ လာသော ဆိုင်ကယ်မီးရောင်ကိုပင်မမြင်ရပါ။ဒီဇင်ဘာ ရဲ့သောကြာ တစ်နေ့ တွင်ဖြစ်သည်။

ဘာမှ သိပ် ထွေထွေထူးထူးမရှိသော နမ္မတီးမြို့ရဲ့အကြီးဆုံး ဖြစ်တဲ့စျေးလေးမှာ စူးကျယ်အောင် တို့သားအဖ အပြင် အဒီးပါ ရှိနေခဲ့သည်။ သုံးယောက်သား စျေးထဲက ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေကြသည်။ ဒီဘက်က ခေါက်ဆွဲက ဘယ်ခေါက်ဆွဲနှင့်မှ မတူလှပေ။ ဆီလုံးဝမပါ အချိုမှုန့်လုံးဝ မပါသော ကြည်လောင်လောင် အရည်မှာ ဆန်စေးခေါက်ဆွဲဖက် သို့မဟုတ် ရေစိမ်ဖတ် ထည့်စားရခြင်းဖြစ်သည်။ ကြိုက်တတ်လျှင်တော့ ဘယာကြော် ၊တို့ဟူးကြော် ၊ဝက်ခေါက်ကြော် ထည့်စားပေါ့။ စျေးကလည်း တန်မှ တန် ။ တစ်ပွဲမှ ၃၀၀ကျပ်သာ ပြီးတော့ ဒီဘက်မှာက ခေါက်ဆွဲ စားဖို့ကို ဝါးတူသာ ပေးသည် ၊ ပိုလျှံနေသော ဟင်းအရည်သောက်ဖို့အတွက် ဇွန်းမပေးပါ။ တောင်းလျှင်တော့ပေးသည်ပေါ့လေ။ သို့သော်လဲ နယ်ခံ မှန်သမျှ ဘယ်သူမှ မတောင်းချေ။ ပန်းကန်လုံးလိုက်သာ မော့ချလိုက်ကြသည်ချည်းသာ။ နမ္မတီးမှာက ရှမ်းအများစုနေထိုင်ကြသည်။ ခန္တီးရှမ်းများဖြစ်သည်။ ခန္တီးရှမ်းတို့၏ဓလေ့အသုံးဆောင် နှင့် အဝတ်စားများမှာ ကချင်ရိုးရာ နှင့် အတော်လေးကိုမှ ဆင်သည်။ ဒီ မြို့လေးမှာ ကချင် အနည်းငယ် ဗမာ အနည်းငယ်သာ ရှိသည်။ မြို့လေးကလည်းကျဉ်းမြောင်းလှသည်ကိုး။ တစ်မြို့လုံးစုပေါင်းလိုက်လျှင်တောင်မှ လူဦးရေ နှစ်သောင်းမပြည့်ပေ။ စားသောက်နေကြရင်း အဒီး ရေနွေး ပန်ကန် ၃လုံး ထဲသို့ ရေနွေးများထည့်လိုက်သည်။ ပန်းကန်နှစ်လုံးထဲကိုတော့ ဒီအတိုင်းသာ ထည့်လိုက်သော်လည်း ကျန်ပန်းကန် တစ်လုံး ကိုတော့ ရေနွေးအနည်းငယ် နှင့် ကျင်း၍ လက် ချောင်းလေးနှစ်ချောင်းနှင့် ပွတ် ဆေးပြီးကာမှ ရေနွေးထည့်လိုက်သည်။ ထိုပန်းကန်လုံးအား စူးကျယ်အောင်ဘက်သို့ ကမ်းပေးလိုက်သည်။

"ပူတယ်နော်သားလေးတို့"
"ဝေ့ ဦးကျော်၊ မတွေ့တာ ကြာပြီရော်ဟေ့"
"ဟုတ်တယ် အက်ခေါင်ရေ၊ ကျွန်တော်လဲ ခုတလော တနိုင်းကို ဆီတွေ သွားပို့ရတာ အပြန်နောက်ကျလို့ ဟိုဘက်မှာဘဲ အိပ်ပြီးမှ ပြန်လာလို့ရော်"
"ဦးကျော်က သား နှစ်ယောက်နဲ့နော်"
"အော့် ၊ဟုတ်ပါ့၊ အဒီးလဲ ကျွန်တော့သားလေးပါဘဲဗျာ"
ဟုတ်ပါတယ်၊အပါကြီး အဒီးကိုလဲ အတော်လေးချစ်ရှာပါသည်။ ချစ်သည်ဆိုတာ ထက် စူးကျယ်အောင်အတွက် အဖော်မွန်ကောင်း၊ အားကိုးရသဖြင့်လည်း ကျေးဇူးတင်မိပါသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now