ရက်စွဲ (၁၁)

674 67 9
                                    

နွေရာသီလဲ ကုန်လွန်လေပြီ။ ကုန်ဆုံးသွားခဲ့သော နွေရာသီမှာလဲ အသက်ခပ်မဲ့မဲ့ပင်။ အဒီးနှင့်စူးကျယ်အောင်တို့ကတော့ ဟိုအရင်လိုပါဘဲ ။ တစ်ယောက်အိမ်တစ်ယောက်လာလည်လိုက်၊ ချောင်းထဲရေသွားကူးလိုက်၊ မြစ်ကြီးနားတက်လိုက်နှင့် ဟုတ်နေတော့သည်။ သည်ညနေလည်း သူတို့ မြစ်ကြီးနားသွားဖို့ ချိန်းဆိုထားကြသည်။ အပါကြီး စျေးတစ်ချို့သွားဝယ်ခိုင်းထားသည်။ သည်နေ့တော့အပါကြီး ကားထွက်ရက်မို့ သည်ည အိမ်ကို ပြန်လာမည် မဟုတ်ပါ။ တနိုင်းကိုတက်သွားသောကြောင့်အပြန်မိုးအလွန်ချုပ်မည်ဖြစ်သောကြောင့် တနိုင်းမှာဘဲ အိပ်တော့မည်။ စူးကျယ်အောင်တစ်ယောက်တည်း သည်ညတော့အိပ်ရပြီပေါ့။

"ဟေ့ကောင်၊ ပြီးပြီလား"
အဒီးတစ်ယောက် အိမ်ရှေ့သို့ဆိုင်ကယ် နှင့်ရောက်နေနှင့်ပြီ။
"လာပြီဟေ့"
"ပိုက်ဆံကော ပါရဲ့လား၊ဘိုးတော်က သတိပေးနေရတယ်"
"ပါတယ်၊ သွား မောင်း"
ပြောပြောဆိုဆိုနှင့် ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်။
"ဦးထုပ်ဆောင်းလေ"
"မရှိဘူး၊ ဟိုနေ့က အပါကြီး အက်ခေါင်တို့အိမ်မှာ ကျန်ခဲ့တာ"
အဒီး သူဆောင်းထားသော ဆိုင်ကယ် ဦးထုပ်လေး ချွတ်လိုက်ပြီး လက်နောက်ပြန် နှင့် ကမ်းပေးလိုက်သည်။
"ကျေးဇူးပဲ"
စပ်ဖြီးဖြီးနှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ဦးထုပ်ဆောင်းပြီးမေးသိုင်းကြိုးတပ်လိုက်သည်။တော်ရုံနှင့်မပြီး၊ အော် ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့ ကြိုးက ချော်နေတယ် မသိ။
"လာ၊လာ၊လာ ငါ လုပ်ပေးမယ်၊ မင်းဆိုသည်ကာမှာလေ ဘာမှလဲ အတုံးမကျဘူး"
"မညယ်"
အဒီးသည် ကချင်သံဝဲသဖြင့် တဝမ်းပူသံနှင့် သ သံ သိပ်မကွဲပေ။
သူကိုယ်တိုင်ဘဲ စူးလေးကို မေးသိုင်းကြိုးတပ်ပေးလိုက်သည်။ မျက်နှာချင်းနီးကပ်သွားသဖြင့် စိတ်ထဲ အမည်မသိသော ခံစားချက်လေး ဖြစ်သွားသည်။ ရယ်ချင်မိသည်လား၊ပြုံးချင်မိသည်လားတော့ မသဲကွဲ။စူးကျယ်အောင်မှာ ဒေါင်ဒေါင်မြည် ကျန်းမာသူမဟုတ် ။နည်းနည်းလေး လေတိုက်လျှင် တောင် နှာစေး၊ ဖျားနာတတ်သည်။ ထို့ကြောင့်လဲ အဒီးမှာ သူဆောင်းမည့် ဦးထုပ်ကို စူးကျယ်အောင်အား ဦးစားပေးလိုက်ခြင်းဖြစ်သည်။ အရာရာ မှာ ဦးစားပေးဖြစ်ပါသည်။ ပြီးတော့ သိပ်ကိုမှလဲ သိသာ လွန်းလှပါသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now