အခန်း(၁)

707 8 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၁)💖

ဆရာမလက်ထဲက ပန်းနုရောင်စာအိတ်လေးကိုမြင်လိုက်ကတည်းက သူမ ကတုန်ကယင်တွေဖြစ်နေမိ တော့၏။
"ဆွေးအရိပ်..."
ဆရာမအသံနဲ့အတူ တင်းမာနေတဲ့မျက်နှာရိပ်ကြောင့် သူမ ချက်ချင်းမတ်တပ်ရပ်လိုက်ရလေသည်။
"ဆွေး ရှိပါတယ် ဆရာမ..."
ဆရာမက လက်ထဲကစာအိတ်ကို ထောင်ပြလိုက်ကာ ဆွေးကိုသေချာကြည့်လိုက်ပြီး
"ဒီရည်းစားစာကို Eng မေဂျာက ဆောင်းရတု ကို မင်းပေးတာလား..."
ဆွေး ရှက်ရွံ့စွာ ခေါင်းညိမ့်ပြလိုက်မိလေသည်။ အခန်းထဲကလူတွေအားလုံးကတော့ ဆွေးကိုကြည့်နေ ကြမှာ သေချာသည်။ ဆွေး ရှက်လွန်းလို့ အဲံဒီ့နေရာမှာတင် သတိလစ်မေ့မျောသွားလိုက်ချင်မိသည်။
"မင်းကို ဘယ်သူပေးခိုင်းတာလဲ..."
ဆွေး ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာခုံကိုပဲကြည့်နေမိတော့၏။ ဒီလိုတွေဖြစ်လာမယ်ဆိုတာကို ဆွေး သိပါတယ်။ ဒါပေမယ့် ကိုလေးခိုင်းတာကိုတော့ ဆွေးမလုပ်ပေးလို့မှမရတာ။
"ဆရာမမေးနေတာကြားလား ဆွေးအရိပ်..."
ဆရာမအသံကဒေါသသံပါလာပြီဆိုတာကို ဆွေးသိပါတယ်။ ဒါပေမယ့် ဆွေး မပြောရဲပေ။ ဆွေး ချက်ချင်းပဲ မျက်ရည်ဝဲလာတော့၏။ ကျောင်းရဲ့ အချောအလှဆုံး ကွင်းဖြစ်သူကိုမှ ကိုလေးက ရည်းစားစာ ပေးခိုင်း ခဲ့သည်။ နောက်ပြီး သူက ပါမောက္ခကြီးရဲ့သမီး။ တကယ်ဆိုရင် ကိုလေးကိုယ်တိုင်ပေးလည်းရရဲ့သားနဲ့ ဆွေးကိုတမင်သက်သက်ပေးခိုင်းခဲ့၏။ ဆွေးမပေးရဲပေမယ့်လည်း မငြင်းရဲခဲ့ပေ။ ဆွေးက သူတို့သားအမိ ခိုင်းတဲ့အလုပ်ဆိုရင် ဘယ်အချိန်မှာ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် လုပ်ပေးရမယ့်လူတစ်ယောက်။
"တစ်ယောက်ယောက်ကခိုင်းတာမို့လား သမီး... ဆရာမကိုပြောပြ..."
"နတ်ဆိုးနေမှာပေါ့..."
ကျောင်းသားတွေကြားထဲကနေ အသံတစ်ချို့ထွက်လာကြသည်။ ဆွေးကတော့ ကြောက်ရွံ့စွာ ရင်တွေတုန် နေတော့၏။ ဆွေး ဆရာမမျက်နှာကို အားကိုတကြီးကြည့်လိုက်မိပေမယ့် ချက်ချင်းပဲခေါင်းကို ပြန်ငုံ့လိုက်မိ လေသည်။
"ဒီလိုခေတ်ကြီးမှာ အခုလို ရည်းစားစာပေးတဲ့လူ ရှားသွားပြီ... အခုလိုမျိုးရည်းစားစာပေးတယ်ဆိုတော့ တစ်ခုခုထူးရှားရမယ်ဆိုတာ ဆရာမရိပ်မိတယ်... သမီး ဆောင်းရတုကို ဒီစာသွားပေးတုန်းကလည်း ဆရာမမြင်တယ် သမီး..."
"ရှင်..."
ဆွေး အ့ံသြတကြီးလေး ဆရာမကို မော့ကြည့်လိုက်မိလေသည်။ ဆရာမက ဆွေးကို သေချာကြည့်နေ၏။
"သူရေးထားတဲ့ရည်းစားစာက ပေါက်တတ်ကရဆိုတော့ ဆောင်းရတုက ဆရာမလာတိုင်တာပေါ့... ဆရာမ လည်း ဒီစာကိုဖတ်ပြီး တော်တော်လေးကိုစိတ်တိုသွားခဲ့တယ်... နောက်ပြီး ဆောင်းရတုက သမီးလာပေး တယ် ဆိုတာပြောပြတော့ ဘယ်သူပေးခိုင်းတယ်ဆိုတာသိပြီး ဆရာမပိုဒေါသထွက်သွားတာ သမီး... ဒီစာကို နတ်ဆိုးပေးခိုင်းတာမို့လား..."
ဆွေး ဆရာမကိုသာသေချာကြည့်နေတာ ဘာစကားမှတော့မပြောမိ။ လည်ချောင်းထဲမှာတင် စကားလုံး တွေက ပျောက်ဆုံးနေလေသည်။ ကိုလေးရဲ့မျက်နှာကိုမြင်ယောင်မိတာနဲ့ အလိုလိုထိတ်လန့်လာမိတာ ဟိုးငယ်စဉ်ဘဝ ကတည်းကပါ။
"သမီး တောင်းပန်ပါတယ် ဆရာမ..."
ဆရာမက သူမကိုဘာမှမပြောတော့ဘဲ ခေါင်းကိုအသာငြိမ့်ပြလိုက်ကာ
"မနက်ဖြန်မနက် ရုံးခန်းကိုလာခဲ့ဖို့ နတ်ဆိုးကို သမီးပြောလိုက်ပါ..."
"ရှင်... ဆရာမ အဲ့ဒါက..."
ဆရာမက သူ့ကိုတအ့ံတသြပြန်ကြည့်နေလေသည်။
"ဆရာမ သူ့ကို သတိတော့ပေးမှဖြစ်မယ် သမီး... သူ သမီးအပေါ် အနိုင်ကျင့်လွန်းတာလည်း ဆရာမ သိတယ်..."
ဆွေး ခေါင်းကိုအသာငုံ့လိုက်ပြီး
"သူ့အစား သမီးကပဲတောင်းပန်ပါတယ် ဆရာမရယ်..."
"တော်ပြီ ဆရာမဆက်မပြောတော့ဘူး... သူ့ကို မနက်ဖြန် ရုံးခန်းကိုသာလာခဲ့ခိုင်းလိုက်ပါ..."
ဆရာမက အခန်းထဲကနေပြန်ထွက်သွားတော့ ဆွေး စိတ်ညစ်စွာဖြင့် ခုံပေါ်မှာထိုင်ချလိုက်တော့သည်။ စားပွဲပေါ်မှာ ခေါင်းကိုမှောက်ချလိုက်ကာ မျက်ရည်ဝဲလာမိတော့၏။ ဘယ်လိုလုပ်ရမလဲ ဆွေး ကိုလေးကို မပြောရဲဘူး။ ကိုလေး ရုံးခန်းကိုခနခနအခေါ်ခံရပေမယ့် ဘယ်တုန်းကများသွားလို့လဲ ပြီးတော့လည်း သူ့အစား ဆွေးပဲသွားရတာ။ ရုံးခန်းသွားပြီး သူ့အတွက်တောင်းပန်ပေးရတာလည်း ခနခန။ မသွားပေးရင် လည်း ကိုလေးအမေ အန်တီခင်က ဆွေးကို... ဆွေးတွေးရင်းနဲ့ခေါင်းကိုအသာရမ်းလိုက်မိသည်။ ဆွေးဘဝကအဲ့လိုပါ... သူတို့မကောင်းတဲ့အကြောင်းကို စိတ်ထဲကနေတောင်မှ ဘယ်တုန်းကမှ ဖြောင့်စွာ မတွေးရဲခဲ့။
💕💕💕💕💕💕💕
"သား ဘာလုပ်နေတာလဲ..."
ဒေါ်နှင်းဆီ သားဖြစ်သူဘေးမှာထိုင်လိုက်ကာ မေးလိုက်တော့ သားဖြစ်သူက သူမကိုမော့ကြည့်လာပြီး
"သူငယ်ချင်းတစ်ယောက်နဲ့ အွန်လိုင်းကနေ စကားပြောနေတာ မေမေ..."
ဒေါ်နှင်းဆီမျက်နှာက ပြုံးရွှင်စွာဖြင့် သားရဲ့ဘေးမှာထိုင်လိုက်လေသည်။
"ဒီနေ့ ဘာရိုက်ကွင်းမှမရှိဘူး သား... သား ဒီနေ့ အိမ်မှာအေးအေးဆေးဆေးနားနော်..."
"ဟုတ်ကဲ့ မေမေ..."
"အခုဆိုရင် သားက နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီ... မေမေအရမ်းဂုဏ်ယူတာပဲ..."
သူ ပြံုးတယ်ဆိုရုံပဲပြံုးလိုက်မိကာ ဖုန်းကိုဆက်ကြည့်နေမိလိုက်သည်။
"တီ... တီ... တီ..."
သူ ဖုန်းနံပါတ်ကိုကြည့်လိုက်ကာ မျက်မှောင်ကြံု့သွားမိ၏။
"ဟယ်လို..."
"......."
"ဟုတ်ပါတယ်..."
ဒေါ်နှင်းဆီ သားဖြစ်သူရဲ့မျက်နှာကို သေချာအကဲခတ်နေလေသည်။
"သား... ဘယ်သူလဲ..."
သူ ဖုန်းပြောနေရင်းကနေ မေမေ့ကိုလှည့်ကြည့်လိုက်ကာ
"ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက မေမေ..."
သူ မျက်မှောင်ကြံု့သလို မေမေကလည်း မျက်မှောင်ကြံု့လာလေသည်။
"ကျွန်တော်ကူညီပေးချင်ပါတယ်... ဘယ်နေ့လောက်ဖြစ်မလဲ... ကျွန်တော်ကလည်း ရိုက်ကွင်းတွေရှိနေ သေးတော့ အချိန်ကလေ..."
"......."
"ဪ... ဟုတ်ကဲ့..."
ခရာ ဖုန်းပြောနေရင်းကနေ စဉ်းစားနေမိသည်။
"ဘာတဲ့လဲ သား..."
ခရာ မေမေ့ကိုလှည့်ကြည့်လိုက်ပြီး
"မိဘမဲ့ကလေးတွေအတွက် ဖျော်ဖြေပွဲလေးတစ်ခုလုပ်ပေးချင်လို့... အဲ့ဒါ သားကို နောက်ခံသီချင်းဆိုပေးလို့ ရမလားတဲ့..."
"ဘာ... ပေး မေမေ့ကို..."
မေမေ့မျက်နှာက ခက်ထန်စွာ တင်းမာသွားလေသည်။ သူ အားနာစွာ ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး မေမေ့လက်ထဲကိုဖုန်းထည့်ပေးလိုက်မိသည်။ သူ မေမေ့ဆန္ဒကို ဘယ်တုန်းကမှ မလွန်ဆန်ခဲ့ဖူးပါ။
"ဟယ်လို... နိုင်ငံကျော်သရုပ်ဆောင် အက္ခရာမောင် ရဲ့အမေ ဒေါ်နှင်းဆီပြောနေပါတယ်..."
သူမအသံလည်းကြားရော တစ်ဖက်က အသံတိတ်သွား၏။ သူမ မျက်နှာမှာ မဲ့ပြံုးတစ်ခုက စွန်းထင်းသွားတော့၏။
"ဟုတ်ကဲ့... ကျွန်တော်က နတ်သမီး ထုတ်လုပ်ရေးကုမ္ပဏီက producer ပါ... မိဘမဲ့ကလေးတွေအတွက် မင်းသားဆီက အကူအညီတစ်ခုတောင်းချင်လို့ပါ..."
"နောက်ခံသီချင်းဆိုဖို့ ဟုတ်လား... ဟွန့်..."
အသံနဲ့အတူ မျက်နှာမဲ့နေတဲ့မေမေ့ကို ခရာ သေချာကြည့်နေမိသည်။
"ဟုတ်ကဲ့... မင်းသားကတော့ ကူညီမယ်လို့ ပြောပါတယ်ခင်ဗျ..."
အမှန်အတိုင်းပြောရမယ်ဆိုရင် ခရာ မေမေ့ရဲ့အပြောအဆိုကို သိပ်မကြိုက်ပါ။ ခရာ့အမြင်မှာတော့ မေမေက မောက်မာတယ်လို့ထင်မိ၏။ ခရာ့ရဲ့ကိစ္စအဝဝကို မေမေကပဲ လိုလေသေးမရှိစီစဉ်ပေးသည်။ စားတာ သောက်တာ သွားတာလာတာကအစ ရိုက်ကွင်းအထိပါ မေမေကလိုက်ပြီး ခရာ့ကို စီစဉ်ပေးသည်။ ခရာ အရင်က သဘောကျပေမယ့်လည်း အခုတော့ မွန်းကြပ်လာခဲ့မိသည်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ခဲ့ပေမယ့်လည်း သူ့ဘက်က ဘာမှပြင်ဆင်စရာမလိုလောက်အောင် မေမေကပဲပြင်ဆင်ပေးခဲ့၏။ အခုချိန်မှာ သူလည်းအရွယ်ရောက်လာခဲ့ပါပြီ သာမန်လူတစ်ယောက်လို လွတ်လွတ်လပ်လပ် နေချင်မိတယ်။ ခရာ မေမေ့ကိုအဲ့လိုသာပြောခဲ့မယ်ဆိုရင် မေမေက ခရာ့ကို ဘယ်လောက်တောင်မှ ပြောမယ်မှန်းမသိ။
"ဒီမှာ... ကျွန်မသားက နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်... အဲ့လိုမျိုး နောက်ခံသီချင်းဆိုဖို့ အတွက် အချိန်မပေးနိုင်ဘူး..."
"ဟို... မင်းသားက အားတယ်လို့တော့ ပြော..."
"ကျွန်မပြောတာကို ရှင်နားမလည်ဘူးလား... ကျွန်မသားမှာ ရုပ်ရှင်ရိုက်စရာတွေများလွန်းလို့ အားလပ်ချိန် ကိုတောင် မနည်းဖဲ့ပြီးချန်ပေးနေရတယ်... အဲ့ဒါကို ရှင်တို့အတွက် မထင်မရှားအဆိုတော်တစ်ယောက် လိုမျိုး အခမဲ့သီချင်းဆိုပေးရဦးမယ် ဟုတ်လား..."
"ကျွန်တော်တို့ကလည်း တခြားသရုပ်ဆောင်တွေထက် မင်းသား အက္ခရာမောင်ကိုပဲ အကူအညီ တောင်းချင်လို့ပါ..."
ဒေါ်နှင်းဆီ မျက်နှာက ပြန်လည်မဲ့သွားပြန်သည်။ ဒေါ်နှင်းဆီခေါင်းက စိန်ဆံထိုးအရောင်ဟာ သူမရဲ့ မျက်နှာမှာ တဖိတ်ဖိတ်လက်နေတော့သည်။
"တခြားသရုပ်ဆောင်တွေကိုရော ရှင်တို့အကူအညီတောင်းလို့ရလို့လား..."
"မေမေရယ် အားနာစရာကြီး..."
ဖုန်းပြောနေရင်းနဲ့ မေမေ့အကြည့်တွေက ခရာ့ဆီသို့ အလိုမကျစွာရောက်လာတော့၏။
"တော် သား... ဘာမှအားနာစရာမလိုဘူး... သားက အလုပ်တွေရှုပ်နေတဲ့သရုပ်ဆောင်တစ်ယောက် တခြား အလုပ်အတွက် သားအချိန်ပေးစရာမလိုဘူး... ဒီမှာ ရှင်းရှင်းပြောလိုက်မယ်... ကျွန်မသားက ရှင့်ကို ကူညီနိုင်မှာမဟုတ်ဘူး... အဲ့ဒါကြောင့် တခြားတစ်ယောက်ကို အကူအညီတောင်းလိုက်ပါ..."
ဒေါ်နှင်းဆီ ဖုန်းကိုချလိုက်ကာ ခရာ့ကိုသေချာကြည့်လိုက်ပြီး
"ဒီမှာသား မေမေပြောတာသေချာမှတ်ထား... မေမေ့ဆုံးဖြတ်ချက်မပါဘဲ သား ဘယ်ကိစ္စကိုမှ မဆုံးဖြတ် ရဘူး... မေမေလုပ်ပေးနေတာတွေက သားကောင်းစားဖို့အတွက်ပဲ... မေမေ့စကားနားထောင်နော် သား..."
မေမေ့မျက်နှာက စောစောကလိုမဟုတ်တော့ဘဲ ပြံုးရွှင်စွာဖြင့် ခရာ့ကိုကြည့်ကာ ပြောနေပြန်သည်။
"မေမေရယ်... မိဘမဲ့ကျောင်းကိုကူညီရမှာ ဘယ်လောက်တောင်မှ ကုသိုလ်ရသလဲ... သား ကူညီချင်တယ်..."
မေမေ့မျက်နှာက အနည်းငယ်တော့ တည်တ့ံသွားပြန်လေသည်။ ဒါပေမယ့် ချက်ချင်းပဲ ခရာ့ပခုံးကို အသာလေးကိုင်လိုက်ပြီး
"မဟုတ်ဘူးလေ သားရဲ့... အဲ့ဒီ့နေ့က သား မအားဘူးလေ... ရိုက်ကွင်းရှိနေသေးတာကို သားသိရဲ့သားနဲ့..."
"တစ်ရက်လောက်ကတော့ ဖျက်လို့ရပါတယ် မေမေရယ်..."
သူ မျက်နှာမဲ့သွားကာ တခြားဘက်ကိုလှည့်လိုက်မိ၏။ တကယ်တော့ သူလည်း လှောင်အိမ်ထဲမှာ လှောင်ပိတ် ခံထားရတဲ့ ငှက်တစ်ကောင်ပါပဲ။ ကြာလာတော့ ငြီးငွေ့ပြီး လွတ်လွတ်လပ်လပ် ပျံသန်း ချင်မိလာခဲ့ပြီ။
"သား... မေမေလုပ်နေတာတွေအားလုံးက သားအတွက်ဆိုတာ သားမမေ့ပါနဲ့... အားလုံးဟာ သားကောင်းစားဖို့ပဲ..."
တော်ပါတော့လို့တောင်မှ သူ မပြောရဲခဲ့ပါ။ မေမေ စိတ်တိုမှာကိုလည်း သူကြောက်သည်။ မေမေ့မှာက နှလုံးရောဂါနဲ့ သူ့ကြောင့် တခုခုဖြစ်သွားမှာ စိုးရိမ်မိ၏။ အဲ့ဒီ့လိုနဲ့ပဲ သူ မေမေ့ဆန္ဒတွေကို အခုချိန်ထိ ငြင်းဆန်ခဲ့ခြင်းမရှိခဲ့တာ။
"ကဲ... ဒါဆို မေမေအပြင်သွားလိုက်ဦးမယ်... အခု သားရိုက်နေတဲ့ ဇာတ်လမ်းပြီးရင် နောက်ထပ်တစ်ကား ရိုက်ဖို့အတွက် မေမေ ဒါရိုက်တာတစ်ယောက်နဲ့ဆွေးနွေးရမှာ..."
"ဟုတ်ကဲ့ မေမေ..."
မေမေ့မျက်နှာက ရွှင်လန်းစွာဖြင့် သူ့ရှေ့ကနေထွက်သွားလေသည်။ သူ သက်ပြင်းတစ်ခုကိုချလိုက်ပြီး မျက်လုံးကိုကြိတ်မှိတ်ပြီးမှိတ်ပစ်လိုက်လေသည်။
မိဘအရိပ်က အေးချမ်းမှန်းသူသိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး မွန်းကြပ်မယ်လို့တော့ သူ မတွေးမိဖူးခဲ့ပါ။ အခုတော့ လောင်းရိပ်မိနေသလိုပဲ။ သူ ဒီဘဝမှာ တကယ်မနေချင်တော့ဘူး... အထူးသဖြင့် နိုင်ငံကျော် သရုပ်ဆောင်ဖြစ်နေရတာကို သူ မုန်းသည်။ မေမေ့ဆန္ဒကို မလွန်ဆန်နိုင်လို့သာ သူ ဒီလိုနေနေရတာ။ တကယ်တော့ သူ ညီ့လိုမျိုးပဲလွတ်လွတ်လပ်လပ်နေချင်ခဲ့တာ။
ဖေဖေမရှိတော့ကတည်းက မေမေက ခရာတို့ညီအကိုနှစ်ယောက်အတွက် ရုန်းကန်လှုပ်ရှားခဲ့သည်။ မေမေဟာ  သူတို့ညီအကိုနှစ်ယောက်ရဲ့အရိပ်ဆိုလည်းမမှားပါ။
အခုဆိုရင် သူ့အသက် နှစ်ဆယ့်ခြောက်နှစ် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်၊ ညီဖြစ်သူ မင်းတိမ်လွှာက နှစ်ဆယ့်နှစ်နှစ် တက္ကသိုလ်ကျောင်းသား ဒီလိုဖြစ်လာအောင် မေမေကပဲ စီစဉ်ညွှန်ကြားခဲ့တာဖြစ်သည်။
သူတို့ညီအကိုနှစ်ယောက်က မေမေစကားတစ်ခွန်းအောက်မှာ ရှင်သန်နေရသူတွေ။ မေမေထိုင်ဆိုထိုင်၊ ထဆိုထ။ ပြဿနာတခုခုဖြစ်လာခဲ့ရင် မေမေကပဲ သူတို့ရှေ့ကနေ သူရဲကောင်းကြီးတစ်ယောက်လို ရပ်တည်ပေးခဲ့သည်။ အဲ့ဒါကြောင့်လည်း ဒီအရွယ်အထိ သူနဲ့ညီက မေမေ့အမိန့်အောက်မှာ ရှင်သန်နေခဲ့ ရတာပေါ့။ အခုတင်မဟုတ်ပါဘူး... နောင်ရော... နောက်ဘဝအထိပါ မေမေက သူတို့ကို စီမံကွပ်ကဲ နေမှာပဲ။ မေမေ့ လောင်းရိပ်အောက်ကတော့ သူတို့တွေ ဘယ်လိုမှလွတ်မှာမဟုတ်။ တစ်ခါလောက်တော့ မေမေ့ကို လွန်ဆန်ချင်မိတယ်။ မေမေ့ကိုလွန်ဆန်နိုင်မယ့်အင်အားလေးများ ပေးသနားပါလားလို့ ဘုရားရှင် ထံမှာ သူ ဆုတောင်းမိခဲ့ဖူးတယ်။ အဲ့လောက်ထိပါ... သူ အဲ့လောက်ထိမွန်းကြပ်ခဲ့တာ...
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Tempat cerita menjadi hidup. Temukan sekarang