<Unicode>
"ကိုကို့"
*ဟာကွာ၊ မနက်စောစောစီးစီး အာရုံကနောက်ပြီ*
နေနိုင်လွန်းတစ်ယောက် စိတ်ထဲတွေးလိုက်ရင်း မျက်မှောင်တို့တွန့်ချိုးသွားရသည်။
"ကိုကို၊ အလုပ်သွားတော့မလို့မလား။ ကျွန်တော်လည်း သင်တန်းသွားမလို့၊ အတူလိုက်ခဲ့မယ်လေနော်"
"ကျစ်၊ ငါဒီနေ့ အစည်းအဝေးရှိတယ်ကွ၊ နောက်ကျလို့မရဘူး"
ယံလေးကိုမြင်လိုက်သည်နှင့် မျက်နှာပျက်သွားသောကိုကို့ကို မသိချင်ယောင်ဆောင်ကာ
"ကိုကိုကလည်း လမ်းကြုံနေတာပဲဟာကို၊ မခေါ်သွားရင် အန်တီမေမေနဲ့ တိုင်ပြောလိုက်မှာနော်။ အန်တီမေမေရေ..."
"ဟာ့ အမေက ဘုရားရှိခိုးနေတယ်ကွ။ လူလိုနားမလည်ဘူးလား။ နေ့တိုင်း ဒုက္ခလာလာပေးတယ်။ လိုက်မှာဆို တက်တော့"
"ခေါ်သွားရတာပဲကိုများ၊ အပိုတွေပြောနေသေးတယ်၊ ဟွန့်"
ပွစိပွစိပြောရင်း ယံလေး ကားပေါ်တက်လိုက်သည်။ ကိုကိုလည်း ကားပေါ်တက်ကာ မောင်းထွက်လာတော့သည်။
"ကိုကို၊ ကျွန်တော်ဘာမှမစားလာရသေးဘူးသိလား။ ညက အိပ်တာနောက်ကျသွားတော့ အိပ်ရေးလည်းမဝသေးဘူး။ ဗိုက်ဆာတယ်"
"အဲဒါ ငါကဘာလုပ်ရမှာလဲ။ မင်းဘာသာအိပ်ရေးမဝတာ မင်းအကြောင်းလေ။ ငါအချိန်မရဘူးလို့ ပြောထားပြီးသားနော်၊ အိမ့်မှူးကိုဝင်ကြိုရဦးမှာ"
အိမ့်မှူး ဆိုသော နာမည်ပါလာသောကြောင့် ယံလေး ရင်ထဲ အောင့်မျက်သွားရသည်။ မမမှူးသည် ကိုကိုတက္ကသိုလ်မှ သူငယ်ချင်းမလေးဖြစ်ပြီး ယခုလက်ရှိ ကိုကိုတို့ကုမ္ပဏီတွင် အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေသူပင်။ အနေတည်၍ တည်ငြိမ်အေးဆေးကာ သဘောကောင်းသူတစ်ယောက်ဖြစ်သောကြောင့် ယံလေးနှင့်ပင် ခင်မင်နေသည်။ ကိုကို့ဖက်မှ မမအိမ့်မှူးအား ချစ်ရေးဆိုထားကြောင်း ယံလေးကြားသိထားပါသည်။ မမအိမ့်မှူးကတော့ ကိုကို့အား သူငယ်ချင်းလိုသာခင်ပုံရ၏။ ကိုကိုချစ်ရေးဆိုထားသည်မှာ ခြောက်လလောက်ရှိပြီဖြစ်သော်လည်း ထူးခြားသည့်သတင်းမကြားရသေးပေ။ သို့သော်ငြား ယံလေးက တစ်ဖက်သတ်ချစ်နေရသူမို့ သဝန်တိုရပါသည်။
YOU ARE READING
နေနိုင်လွန်းတဲ့ မိုးသောက်ယံ
Fantasyကိုကိုက ဆိုးပါတယ်...။ ကိုကိုက ရက်စက်ပါတယ်.....။ ကိုကိုက ဒဏ်ရာတွေပဲပေးပါတယ်.....။ ဒါပေမဲ့ ကိုကို့ကို ကျွန်တော်က ချစ်ပါတယ်.......။