ရက်စွဲ(၁၉)

288 29 4
                                    

နောက်တစ်နေ့နံနက်ခင်းမှာ ၆နာရီခွဲလောက် နှစ်ယောက်အိက်ယာနိုးကြသည်။ ပုံမှန်အားဖြင့်ဆိုလျှင်တော့ အစ်ကိုအရင်နိုးကောင်းနိုးနေလိမ့်မည်။ သို့သော် စူးကျယ်အောင်အရင်နိုးနေခဲ့ပါသည်။ ညက နိုးတစ်ဝက်အိပ်တစ်ဝက်ကြောင့်လား ဒါမှမဟုတ် နမ္မတီးမှာနေစဉ်တည်းကအကျင့်မူကြောင့်လားတော့သေချာမသိပါ။

လမ်းထိပ်ရှိလက္ဖက်ရည်ဆိုင်မှာ နံနက်စာ စားကြသည်။
"ကျွန်တော့်ကို ပုံမှန်တစ်ခွက် နဲ့ ပေါက်စီ ဝက်သားနဲ့ပေး"
စူးကျယ်အောင်အရင်မှာသည်။ ပုံမှန်အားဖြင့်တော့စူးကျယ်အောင် ရန်ကုန်ရောက်လာချိန်မှစပြီး မနက်စာတော်ရုံစားလေ့မရှိတော့ပါ။

"ဒင်ဆမ်း ရသေးလား"
"ဟုတ်ကဲ့၊ရတယ်ရှင့်"
"၆ပေါင်းလောက် ချပေးလေနော့် အစုံ"

သိပ်မကြာခင် စားပွဲထိုးကောင်မလေး စားစရာများလာချပေးသည်။ ထို့နောက် အစ်ကိုက
"ပုံမှန်တစ်ခွက်နဲ့ ရှမ်းခေါက်ဆွဲတစ်ပွဲပေး"
"ဟင် အစ်ကို အကုန်စားနိုင်လို့လား"
"ငါတော့ကြိတ်တာပဲ အဝဆွဲ၊ မင်းလဲ များများစားဒါမှ ဝလာမှာ"

အစ်ကို့စကားပြောပုံက ပေါ့ပါးပြီး လူငယ်ဆန်သည်။ ပြီးတော့ ပြုံးပြုံးပြုံးပြုံးနှင့်သာ စကားကို အေးအေးဆေးဆေးပြောသည်။ အစ်ကို့အသံဟာ ဩပြီးအက်ကွဲသည့်အသံမျိုးမဟုတ်ဘဲ ခပ်ကျယ်ကျယ် နှင့် အသံလုံးကြီးကြီးဖြစ်သည်။ လူကြားထဲ လေသံလျှော့ပြီးပြောသည့် တိုးသံသည် သာမန်လူ၏ ပုံမှန်အသံလောက်ပင်ကျယ်သေးတော့သည်။ အတော်လေးကိုမှလဲ နားထောင်ကောင်းလှပါသည်။

"ကျွန်တော်ကျွေးမယ်နော်"
"နေစမ်းပါ၊ အငယ်ဆီကမစားချင်ပါဘူး"
"ဟင်း အဲ့လိုဆိုတာ ရှိမှ မရှိတာ"
"ဟားဟား အဲ့တာတော့ မသိဘူး ကိုယ်တို့အမျိုးထဲမှာတော့ ကြီးသူက အမြဲရှင်းရတာဘဲ၊ အငယ်ဆီက ဘယ်တော့မှ မစားဘူး"

ဆက်ပြောလဲ မရမှန်းသိသဖြင့် သည်တိုင်းသာ ထားလိုက်သည်။စားသောက်ပြီးတော့ အစ်ကို ကားငှါးပြီးပြန်သွားသည်။ ကားရသည်အထိ စူးကျယ်အောင်အတူ စောင့်ပေးနေမိသည်။အစ်ကိုတို့အိမ်ဟာ ကြည့်မြင်တိုင်မှာဟု သူသိထားပါသည်။ ပြီးတော့ အစ်ကိုပြောပြတာ အစ်ကို့မှာ အမေနှင့်အဖေ နှင့်ရှိပြီး သူ့အစ်ကိုလင်မယားလဲ သူတို့နှင့်အတူနေသည်ဟုပြောထားသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now