ရက်စွဲ (၂၄)

277 28 6
                                    

သေဆုံးသွားသော နေကြာပင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ အခြားသော အပင်များစွာရှိပါလျက်နှင့် သည်နေကြာပင်ကိုမှ အဘယ့်ကြောင့်ရွေးဆိတ်သွားရပါသနည်း။ အစ်ကို့ကိုပြောပြတော့လဲ အစ်ကိုဟာ ဘာမှ ထူးခြားဟန်မပြခဲ့ပါ။ အစ်ကိုဟာ အမြဲလိုပင် သူ့အလုပ်များနှင့်သာရှုပ်နေတတ်ပါသည်။

"အစ်ကိုက ဒီရန်ကုန်မှာဘဲမွေးတာလား"
"ဟိုဘက်ကမ်းမှာ၊ ဒါပေမယ့် မွေးတည်းက ဒီကြည့်မြင်တိုင်မှာဘဲပြောင်းနေခဲ့တော့ ဒီမှာဘဲမွေးတယ်လို့တောင်ပြောလို့ရနေပါပြီကွာ၊ ပြီးတော့ အစ်ကို့အဖေက အစိုးရဝန်ထမ်းလေ၊ဒီကြည့်မြင်တိုင်မှာဘဲ မွေးတည်းကပြောင်းနေတာ"
"အော်"

အစ်ကိုနှင့်ပြောခဲ့သော စကားများကို ပြန်လည်ကြားယောင်နေမိသည်။

အစ်ကို့အကြောင်းတွေးလိုက်တိုင်း စိတ်ဟာ နစ်ဝင်သွားပါသည်။ ပြီးတော့ ဟိုနေ့က သူ့လျို့ဝှက်ချက်ကို ပြောပြလိုက်သည်ကိုလဲ နောင်တ ရသည်မျိုးမဟုတ်ဘဲ တစ်ခုခုကိုစိုးရိမ်နေသည်။ သည်လျို့ဝှက်ချက်ကိုသိသောသူမှာ အပါကြီးနှင့် အမေသာ ဖြစ်ပြီး အစ်ကိုကတော့ တတိယမြောက်သိသူဖြစ်ခဲ့ရပါသည်။ အဒီးကိုပင် ပေးမသိရသေးပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ အဒီးကိုပေးသိလျှင်ပေးသိဖြစ်လိမ့်မည်။ ထိုတစ်နေ့ဟာလဲ သူအဒီးကို အစ်ကို့ကိုချစ်သလိုအချစ်မျိုးနှင့် ချစ်မိမည့်အချိန်ဖြစ်ပေလိမ့်မည်။ ခုတော့ အစ်ကို့ကို ချစ်မိလို့ အစ်ကို့ကို အရင်ပေးသိခဲ့လိုက်သည်။ သို့သော် အစ်ကို့ဆီက ထိုက်ထိုက်တန်တန် ဝမ်းနည်းမှု သို့တည်းမဟုတ် စာနာမှုတစ်ခုတောင် မရခဲ့ပါ။ ထိုသို့မဟုတ် အစ်ကိုဟာ စာနာမှု သို့မဟုတ် ဝမ်းနည်းမှုကို မဖော်ပြတတ်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ခန့်မှန်းရခက်လိုက်တာ အစ်ကိုရယ်။ သူစိမ်းတစ်ယောက်ကို မချစ်မသေးသရွေ့ ဒီလျို့ဝှက်ချက်ကို ပြောပြရန် မလိုသေးပါ။ အဒီးကို ခုထိပင် သူငယ်ချင်းလို ညီအစ်ကိုလို ချစ်ပါသည်။ တိုင်ပင်စရာရှိလျှင် အဒီးကိုတိုင်ပင်ချင်ပါသည်။ ပျော်စရာ သို့မဟုတ် ဝမ်းနည်းစရာရှိလျှင် အဒီးနှင့်အတူ မျှဝေခံစားချင်ပါသည်။ သွားချင်သည့်နေရာများကို အဒီးနှင့်သွားချင်ပါသည်။ စားချင်စရာများကိုလဲ အဒီးနှင့် ညီတူညီမျှ ဝေခွဲစားသောက်ပြီး အိပ်ခါနီးချိန်ထိ စနောက်တတ်သော အဒီးနှင့်ပျော်ရွှင်စွာ အတူအိပ်စက်ချင်ပါသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now