" ညောင်... "
ဒီနေရာကြီးက အေးလိုက်တာ...
ကစ်တီက ရေစိုနေသော စက္ကူပုံးလေး ကို တွယ်တက်ကာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။မိုးရွာမည့် အရိပ်အရောင်တွေပြနေသော ကောင်းကင်ကြီးက ညအမှောင်ထုကိုပင်ဖောက်ကာ အနီရောင်သန်းသွားစေ၏။အမှိုက်ပုံးရှိရာ လမ်းကြားထဲကနေ မိုးရွာတော့မှာမို့ ထီးကိုင်ကာ ခပ်သုတ်သုတ်ဖြတ်လျှောက်သွားနေကြသော လူတွေရှိသည့် လမ်းမကြီးဆီ ကစ်တီလှမ်းကြည့်လိုက်သည်။
" ဗိုက်ဆာလာပြန်ပြီ... "
ဗိုက်ဆာသော်လည်း ကစ်တီ စက္ကူပုံးလေးထဲကနေ အပြင်မထွက်ရဲပါ။အပြင်ဘက်မှာက ဒီလမ်းကြားရဲ့ ခေါင်းဆောင် ငနက်တို့ အဖွဲ့ရှိနေသည်လေ။
ဒီအမှိုက်ပုံးရှိရာ လမ်းကြားထဲကိုရောက်တာ ၂ ရက်ရှိပြီဆိုပေမယ့် ငနက်တို့ကိုကြောက်၍ ကစ်တီအပြင်မထွက်ရဲ။ထောင့်နားစွန်းတွေ ရေစိုကာပြဲစိနေသော စက္ကူပုံးလေး၏ အောက်ခြေကို ပြန်တိုးဝင်ရင်း ခွေခွေလေးလှဲကာ ဝမ်းနည်းစွာအော်မိသည်။
မီးမီး...
ကစ်တီ့ကိုမွေးထားသည့်သခင်က ဆံပင်ဂုတ်ဝဲနှင့် ကလေးမလေးတစ်ယောက်သာ။ သူက သူ့ကိုယ်သူ မီးမီးကဟု ပြောလေ့ရှိ၏။ကစ်တီ ကိုယ့်ကိုယ်ကိုယ် ဘယ်ကမွေးလာမှန်းမသိပေမယ့် ပထမဆုံး မြင်ဖူးတဲ့မြင်ကွင်းက မီးမီးလက်ထဲကနေ သူတို့အိမ်ထဲကို လိုက်ဝင်သွားရတာပင်။
မီးမီးက ချစ်ဖို့ကောင်းပြီးသဘောလည်းကောင်းသည်။သူကိုယ်တိုင်ရိုက်နှက်ခံနေရသည့်ကြားက ကစ်တီ့ကိုဆို အစာအမြဲတမ်းခိုးကျွေးတတ်၏။
ဒါပေမဲ့ သိပ်တော့မကြာလိုက်။ကစ်တီအိမ်ရောက်တာ တစ်ပတ်သာရှိသေးသည် မီးမီးက ဆေးရုံရောက်သွားတာမို့ ကစ်တီ အစာမစားရတော့ပေ။
အိမ်ကို မီးနီနီတွေလင်းတဲ့ကားကြီးနဲ့ လူတွေရောက်လာတုန်းက မီးမီးရဲ့ မေမေကပြောတာတော့ မီးမီးက လှေကားပေါ်ကသူ့ဘာသာ ပြုတ်ကျတာတဲ့။ဒါပေမဲ့ ကစ်တီမြင်သားပဲလေ။မီးမီးက သူ့ဘာသာ ပြုတ်ကျတာမှမဟုတ်တာ။ကစ်တီ့ကို အစာကျွေးလို့ " မှတ်လောက်အောင်လုပ်မယ် " လို့ ပြောပြီး သူပဲ တွန်းချလိုက်ပြီးတော့။