IF...

152 10 1
                                    

Unicode

သူ... သူ့ကိုစတွေ့တဲ့နေ့က ဖြူဖွေးနေတဲ့ T-shirt အဖြူရောင်လေးကြောင့်သတိထားမိခဲ့တာ။ လက်တွေခြေထောက်တွေ လှတာကို​ကြိုက်တဲ့ ကိုယ့်အတွက်တော့ ဖွေးဖွေးသန့်သန့် သူ့လက်ချောင်းခြေချောင်းလေးတွေက ရုန်းမထွက်နိုင်တဲ့ရပ်ဝန်းလေးပေါ့။ သူ့ပါးဖောင်းဖောင်းလေးတွေက ကိုယ့်အတွက် အားနည်းချက်။ သူ့မျက်ဝန်း ဝိုင်းဝိုင်းလေးတွေကတော့ ညှို့ယူဖမ်းစားနိုင်တဲ့ဒေသ။ ဆံပင်တိုတိုသေသေသပ်သပ်နဲ့ သူကိုယ်တိုင်ကိုက ကိုယ့်ကို ဖမ်းစားသွားခဲ့တာ။

သူကဖော်ရွေတယ်၊ အမြဲပြုံးနေတတ်တယ်၊ maskနဲ့ ဖုံးကွယ်ထားတာတောင် မျက်လုံးဝိုင်းဝိုင်းလေးကနေ သူ့အပြုံးတွေကို မြင်နေရတယ်။ ဖလံထည်အကွက်လေး​​တွေကိုဖြစ်ဖြစ်၊ ရှပ်အင်္ကျီပြောင်လေး​တွေကိုဖြစ်ဖြစ် အပေါ်ထပ်အနေနဲ့ဝတ်တတ်တယ်။

သူက ဘယ်လောက်တောင် ဖမ်းစားညှို့ယူထားနိုင်စွမ်းကြီးမားလဲမသိပါဘူး မြင်ကွင်းထဲကနေ သူပျောက်သွား မျက်လုံးလေးထောင့်ကပ်ပြီး အနီးနားမှာ သူရှိမလားရှာတတ်တယ်။ ဒီလောက်ထိ နှစ်မျောနေတဲ့ ကိုယ်က သူ့ကို သတိထားမိတာ ကိုယ့်ဘက်က စတင်ခဲ့တာမဟုတ်ဘူး။

တစ်စုံတစ်ရာက ကိုယ့်ကို စိုက်ကြည့်နေခဲ့ရင် အလိုလိုသိနေတဲ့ ဆဌမအာရုံက ကိုယ့်ကို ခံစားမိစေတယ်။ တစ်ယောက်ယောက်စိုက်ကြည့်နေတယ်လို့လေ။ အဲ့အာရုံက ခံစားမိစေခဲ့တာ သူပဲ။

ဘယ်အချိန်တည်းက သူကြည့်နေခဲ့လဲမသိပေမယ့် ကိုယ်သတိထားမိတဲ့အခါမှာ မျက်နှာဖုံးအောက်က အပြုံးလေးဟာ မျက်လုံးပေါ်မှာ တောက်ပနေခဲ့တယ်။

ကံကြမ္မာက ကိုယ်နဲ့သူကို မျက်စောင်းထိုး ဆုံခွင့်ပေးတယ်။ သူရှိနေတဲ့အရပ်က ကိုယ့်အိမ်ရဲ့ နာရီလက်တံ ၁နေရာမှာ ရှိနေတဲ့အိမ်လေးတစ်လုံးမှာပေါ့။ သူနဲ့ကိုယ်နဲ့ ဆုံစည်းချိန်ကိုလည်း ကံကြမ္မာက ကန့်သတ်ပေးထားပြန်တယ်။ မနက်ခင်းနေထွက်ကာစ နှင်းမှုန်ဖွားဖွားကျချိန်နဲ့ ညနေနေဝင်ခါနီး နှင်းတို့ပြန်လည်ကျလာချိန်မှာပေါ့။

မနက်ခင်းဝရန်တာမှာ နှင်းထူထူမကျတော့တဲ့အချိန်ဆို ကိုယ်က ကော်ဖီတစ်ခွက်နဲ့ တစ်ရက်တာအချိန်ဇယားဆွဲတတ်တယ်။ မနက်တိုင်း အားကစားလုပ်ဖို့ကြံပေမယ့် မနက်ခင်းမှာ အချိန်ဇယားပြည့်နေတဲ့အချိန်ဆိုတော့ ညနေပိုင်းမှ အားကစားလုပ်ရတယ်။
.................................................................

Commit On PaperМесто, где живут истории. Откройте их для себя