⋆ year 2000 ⋆

1.5K 119 11
                                    

ရှန်ချွမ်ရွေ့ဘဝမှာ အမှတ်ရစရာ မမေ့လျော့နိုင်စရာ ခုနှစ်သုံးခု ရှိတယ် ။

၂၀၀၀ ခုနှစ်

အဲဒီ့နှစ်တုန်းက ချွမ်ရွေ့ ဆယ့်လေးနှစ် ၊ သူ့ရဲ့ လည်ပင်းထဲက အသံက ကလေးသံကနေ ဩရှရှသံကို ကူးပြောင်းစအချိန် ၊ ပခုံးအကျယ် ပိုပြီး ရှည်လျားလာတဲ့အချိန် ၊ လူပျိုကလေးဆိုတဲ့ နယ်ပယ်ကို ခြေတစ်လှမ်းနင်းဝင်ပြီးတဲ့ အချိန်ပေါ့ ။

မြို့ကြီးပြကြီးကနေ နယ်မြို့ကလေးကို ရုတ်တရက်ပြောင်းရွှေ့လာရတာ တကယ်ကို မလွယ်ကူလှဘူး ။ အထူးသဖြင့် ချွမ်ရွေ့လို အသစ်အဆန်းမြင် စိတ်ဝင်စားတတ်တဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အတွက်ပေါ့ ။ နယ်မြို့လေးရဲ့ လမ်းမပေါ်မှာ လျှပ်စစ်ရထားတွေ ၊ တက်စီတွေ ၊ ဇိမ််ခံကားအကောင်းစားတွေ မရှိဘူး ။ ရံဖန်ရံခါ လာတတ်တဲ့ မြို့ထဲနဲ့မြို့ပြင် ပြေးဆွဲပေးတဲ့ အများပြည်သူသုံး ဘတ်စ်ကားကိုတောင် ဖမ်းဆွဲမိဖို့ မနည်းပဲ ။

ဂိမ်းဆိုင်တွေက တစ်မြို့လုံးပေါင်းမှ နှစ်ဆိုင်တည်းရယ် ။ ဒါတောင် မေမေ့ကားနဲ့ မြို့တစ်ပတ် ပတ်ကြတုန်းက တစ်ဆိုင်ပဲမြင်ခဲ့တာမို့ ချွမ်ရွေ့ ကျိတ်ပြီး စိတ်ညစ်ခဲ့ရသေးတယ် ။ ဆယ့်လေးနှစ်ပြည့်မွေးနေ့တုန်းက ရခဲ့တဲ့ အကောင်းစား စက်ဘီးလေးနဲ့ မြို့ရဲ့ တောင်ကုန်းတွေကို ဆင်းလိုက် တက်လိုက်လုပ်ပြီး သုံးလေးရက်လောက် ရှာလိုက်မှ နောက်တစ်ဆိုင်ကို ထပ်ရှာတွေ့တာ ။

လူငယ်တွေအတွက် လမ်းသလားစရာ စျေးဝယ်စင်တာတွေမရှိ ၊ စကိတ်စီးဖို့တောင် ကွင်းပြင်မရှိတာမို့ စိတ်ထဲ တနုံ့နုံ့ဖြစ်ရပေမဲ့ တိတ်ဆိတ်တဲ့ မွေးရပ်မြေမြို့ငယ်ကို ပြောင်းလာရတာ စိတ်ချမ်းသာလိုက်တာလို့ တဖွဖွ ချီးကျူးနေတဲ့ မေမေ့စကားသံကြောင့် ထမင်းစားပွဲဝိုင်းရောက်တိုင်း စောဒကတက်ချင်နေတဲ့ သူ့ရဲ့ မကျေနပ်ချက်တွေကို ညစာနဲ့ အတူ မျှောချရပေါင်း များခဲ့ပါပြီ ။

ချွမ်ရွေ့က အဲ့လိုပဲ ... သူ့ရဲ့ စိတ်ဆန္ဒတွေကို အပြင်လူတွေ မသိအောင် အေးစက်တဲ့ မျက်နှာနဲ့ ကန့်လန့်ကာချထားတတ်တယ် ။ အိမ်သားတွေရော မေမေပါ ချွမ်ရွေ့စိတ်ထဲက ရာသီဥတုလေး မှိုင်းညို့နေလား ၊ သာယာနေလား ဆိုတာကို လွယ်လွယ်ကူကူ မသိနိုင်ကြဘူး ။ ကန့်လန့်ကာနောက်ကွယ်က ချွမ်ရွေ့အတွေးတွေ ၊ မျိုချလိုက်ရတဲ့ သက်ပြင်းတွေ ၊ မလိုမကျမှုတွေက သူ့ကို စိတ်ထဲရှိတာတွေကို လွယ်လွယ်ကူကူ ထုတ်ဖော်မပြနိုင်တဲ့ ကောင်လေးတစ်ယောက်အဖြစ်ကို တဖြည်းဖြည်းချင်း တွန်းပို့တယ် ။

Years With YouWhere stories live. Discover now