အတ္တတွေ မက်မောလိုချင်တပ်မက်မှုတွေမရှိပါဘူးလို့ အသွင်သွင်ပြောခဲ့တဲ့ ဒိုယောင်းအဖို့ ဤနေ့ဟာတော့ မိုးပြိုသည့်နေ့ပင်။သူဟာ အတ္တတွေရှိပါတယ်...မက်မောပါတယ်၊ လိုချင်ပါတယ် တက်မက်ပါတယ်...တကယ်တမ်း အီထယ်ယုံးအချစ်ကို မျှော်လင့်ခဲ့မိပါတယ်လေ။
.
တောင်ကိုရီးယားရဲ့ အမြို့မြို့အနယ်နယ်ကနေ တက္ကသိုလ်လာတက်ကြတဲ့ ဒိုယောင်းတို့နှစ်ကျောင်းသားတွေအတွက်ကတော့ ကျောင်းသားဘဝနိဂုံးချုပ်ရာ ကိုယ်စီအိမ်ပြန်လမ်းကိုပြန်သွားရင် လူတစ်ချို့ကတော့ ခဏတဖြုတ် အချို့အတွက်ကတော့ တစ်သက်လုံးပြန်မြင်ဖို့ဆိုတာမဖြစ်နိုင်တော့လောက်အောင် ခွဲခွာရမည့်အချိန်ပင်။
ထိုအထဲမှာမှ ဒိုယောင်းကတော့ ကံဆိုးစွာဖြင့် တစ်ခါမှနီးစပ်ဖို့မကြိုးစားကြည့်ဖူးပါသော ထိုလူနှင့် တစ်သက်တာဝေးဖို့ရာအကြောင်းဖန်လာလေပြီ။
တက္ကသိုလ်ဝန်းထဲဝယ် ရယ်မောသူရော ငိုကြွေးသူရောအစုံပင်။
ဒိုယောင်းကတော့ ခန်းမထဲမှာထိုင်နေရင်း ခပ်လှမ်းလှမ်းမှ သူငယ်ချင်းများနှင့်စကားပြောနေသောထယ်ယုံးကိုသာ တိတ်တဆိတ်လေးကြည့်နေမိတော့သည်။တစ်သက်လုံးပြန်တွေ့ရဖို့မသေချာတော့သော ချစ်ရသူအား နောက်ဆုံးတစ်ခေါက်အနေဖြင့် မှတ်ဥာဏ်ထဲ နှလုံးသားထဲ အပြည့်အဝစွဲမှတ်ထားချင်မိသည်။
"အီထယ်ယုံး မင်းကလည်းကွာ နှုတ်ဆက်ပွဲလေးတောင်မလုပ်ဘဲ ချက်ချင်း သွားတော့မှာလား"
"အကုန်ပြင်ဆင်ပြီးသားဖြစ်နေပြီမလို့လေ...စိတ်ချပါကွာ မင်းတို့နဲ့အဆက်အသွယ်မပြတ်စေရဘူး"
"အနောက်တိုင်းက မျက်လုံးပြာမလေးတွေနဲ့လည်း မိတ်ဆက်ပေးဦးနော်"
ခပ်လှမ်းလှမ်းမှထယ်ယုံးနဲ့ သူ့သူငယ်ချင်းတွေပြောနေသောစကားတွေကို ဒိုယောင်းကြားမိလေ သူထယ်ယုံးကိုဘယ်တော့မှထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့ အတွေးတွေကပိုလို့ကြီးစိုးလာလေပင်။
ဘာများတတ်နိုင်ပါ့မလဲ။
သူမပိုင်မှန်းသိထားနှင့်ပြီးသားအရာတစ်ခုကို လက်လွှတ်ဖို့ဆိုတာ လွယ်ကူလောက်မယ်ထင်ခဲ့ပေမယ့်လည်း တကယ်တမ်းကြုံလာရတဲ့အခါ ထင်သလောက်မလွယ်ကူပေ။