စက္ကူပန်း
မျက်စိရှေ့မှောက်က စားပွဲခုံပေါ်မှာ တည်ခင်းထားတဲ့ ဟင်းအမယ်တွေက စုံစုံလင်လင်။ မောင့်အကြိုက် ကြက်သားကာလချက်၊ ငါးပိရည်၊တို့စရာ စသဖြင့် ဖွယ်ဖွယ်ရာရာ ရှိနေသော်လည်း ထိုဟင်းလျာများဆီသို့ မောင် လက် မလှမ်းပါ။ ခေါင်းကိုငဲ့ပြီး မောင့်ဘက်ကို မသိမသာလေးကြည့်မိတော့ မောင်သည် ထမင်းကိုသာ တို့ကနန်းဆိတ်ကနန်းမျှ စားနေသည်။ မောင့်ကိုလှည့်ကြည့်နေရင်းမှ မောင့်ရှေ့တည့်တည့်က မောင့်မေမေနဲ့မရည်ရွယ်ဘဲ မျက်လုံးချင်းဆုံမိတော့ ဖျတ်ခနဲ ခေါင်းကိုငုံ့ချလိုက်မိသည်။
“ချွမ်..ခလွမ်..”
ဇွန်းနှင့်ပန်းကန်တို့ ထိခတ်သံခပ်ကြမ်းကြမ်းသည် အချိန်ကိုက်ပင် ထွက်ပေါ်လာလေသည်။ မောင့်မေမေရဲ့အကြည့်တွေက စူးရဲလိုက်တာ။ အယောင်ယောင်အမှားမှားနှင့် ဇွန်းကိုကမန်းကတန်းပြန်ကောက်ပြီး စားလက်စထမင်းကို ပါးစပ်ထဲထိုးထည့်တော့ ကျွန်မသီးတော့သည်။
“အဟွတ် အဟွတ်”
“မြတ်။ ရရဲ့လား။ အဆင်ပြေရဲ့လား။”
မောင်က ချက်ချင်းထပြီးပျာပျာသလဲ ဂရုစိုက်ရှာပါသည်။ ကျွန်မ လက်ကာပြရင်း ခပ်သွက်သွက် ခေါင်းညိ်မ့်ပြလိုက်ရုံလိုက်မှအပ စကားပြန်ပြောဖို့တော့ အဆင်သင့်မဖြစ်သေး။
“ရော့။ ရေလေးသောက်လိုက်ဦး။”
မောင်ကမ်းပေးလာတဲ့ ရေကို ကျွန်မယူအသောက်မှာပဲ မောင့်မေမေက ထိုင်နေရာမှ ထထွက်သွားတော့သည်။ နူတ်ဆက်စကားတစ်စုံတစ်ရာအစား ကျွန်မကြားလိုက်ရသည်က ခြေသံပြင်းပြင်းတို့သာ။ ကျွန်မဖန်ခွက်ထဲက ရေကို မော့ချအပြီးမှာတော့
“သား..။ခဏလာခဲ့ဦး။”
ထမင်းစားခန်းအဝင်ဝလောက်ကနေ မောင့်မေမေက မောင့်ကို နောက်ပြန်လှည့်ခေါ်သည်။ မောင့်မေမေရဲ့ တင်းမာနေတဲ့မျက်နှာထားကြောင့် မကောင်းတဲ့ တစ်စုံတစ်ရာသောအငွေ့အသက်ကို ကျွန်မခံစားနေရသည်။မောင်က သွားလို့ဖြစ်မလားဆိုတဲ့ အကြည့်နဲ့ ကျွန်မဆီ ခွင့်တောင်းသလို ငုံ့ကြည့်လာတော့အပြုံးတစ်ခုကိုသာ အားယူဖန်တီးပြရင်း ခေါင်းညိမ့်ပြလိုက်သည်။ မောင့်ရဲ့အနာဂတ်တစ်ခုလုံးနှင့် သက်ဆိုင်တဲ့ ကိစ္စမှာ မောင့်ကိုမွေးထုတ်ထားတဲ့ အမေတစ်ယောက်အနေနဲ့ ပါဝင်ပတ်သက်ခွင့်ရှိပါတယ်လေ။
YOU ARE READING
စက္ကူပန်း - စကၠဴပ
Short StoryUnicode Version "စက္ကူပန်းတွေကတာရှည်ခံတယ်လေ။ပြီးတော့ လှကြတယ်။ သဘာ၀အလျောက်ဖြစ်တည်လာတာ မဟုတ်လည်း သူတို့မှာထိုက်သင့်တဲ့ တန်ဖိုးတွေ အရည်အသွေးတွေရှိတယ်။ အဲ့တာမို့ သူတို့လည်း ဘယ်သူ့ဆီကပဲဖြစ်ဖြစ် အသိအမှတ်ပြုခံရဖို့ ချစ်ခြင်းမေတ္တာကိုခံစားဖို့ ထိုက်တန်တယ်ထ...